မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက် အသင်းက GFA အသင်းကို အနိုင်ရရှိ
ရန်ကုန် နိုဝင်ဘာ ၂၄
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၀) အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် GFA အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက် အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက နှစ်သင်းစလုံး ခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၁၀ မိနစ်တွင် ဝေယံထွန်းက GFA အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း ပွဲချိန် ၃၁ မိနစ်တွင် ထရာအိုရေးနှင့်ပွဲချိန် ၄၂ မိနစ်တွင် မောင်မောင်စိုးတို့က ရခိုင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးနှင့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် GFAအသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများအတွက် ပြန်လည်တိုက်စစ်မြှင့် ဖိအားပေး ကစားခဲ့သော်လည်း တိုက်စစ် ကစားသမားများ အဆုံးသတ်ပိုင်းအားနည်းမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ပွဲချိန် မိနစ် ၉၀ပြည့်ခဲ့ပြီးနောက် နာကျင်အချိန်ပို ၄ မိနစ်တွင် ကောင်းစည်သူက ရခိုင်ယူနိုက်တက်အသင်းအတွက် အနိုင်ရလဒ်သေချာစေမည့် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သည့် အတွက် ပွဲပြီးဆုံးချိန်တွင် ရခိုင်ယူနိုက်တက် အသင်းက GFA အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ရခိုင်ယူနိုက်တက် အသင်းနှင့် အကောင်းဆုံးခြေစွမ်းပြသပြီး သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည့် ကောင်းစည်သူက ဆွတ်ခူးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၀) အဖြစ် နိုဝင်ဘာလ ၂၅ ရက်(ယနေ့) ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်း၊ ညနေ ၄ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ISPE အသင်းနှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။