အားကစားနှင့်နှီးနွှယ်နေသည့် အမျိုးသားရေး စိတ်ဓာတ်
“မြောက်လေအပြန် ဟေမန် ဆောင်းရာသီ . . .
ငွေရည်ငွေနှင်းလေးတွေ ဖျန်းပက်နေတော့ပြီ . . ..”
အဆိုတော်ကြီးခင်ညွန့်ရည်၏ ဆောင်းအမီ တေးသီချင်းသံနှင့်အတူ မြောက်ပြန်လေ တစ်ရေးနိုးကာ ဆောင်းဦးပေါက်ခဲ့လေပြီ။ နိုဝင်ဘာလ၏ နောက်ဆုံးပတ်ထဲရောက်ခဲ့သည့်တိုင် ဆောင်းသည် ဆောင်းမပီပြင်သေး။ မနှစ်က ဒီလိုအချိန်ဆို ညဦးပိုင်း မအေးလျှင်တောင် သန်းခေါင်ကျော် နှစ်ချက်တီးလောက်ဆို အအေးဒဏ်ကို စတင်ခံစားခဲ့ရသည်။ ၂၁ ရာစု အစောပိုင်းကာလများမှစ၍ ရာသီဥတုများက သိသိသာသာ ပြောင်းလဲလာခဲ့သည်။
အကျိုးဆက်အားဖြင့် နွေ၊ မိုး၊ ဆောင်း အခါသမယများလည်း ရာသီခွင်မမှန်ချင်တော့ပေ။ မည်သို့ဆိုစေ အခုလို မိုးနှောင်းကာလ ဆောင်းဦးပေါက် ရာသီရောက်လာချိန်တိုင်း တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲကြီးကတော့ အချိန်မှန်မှန် တာဝန်သိသိ တာဝန်ရှိစွာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာစမြဲပင်ဖြစ်သည်။
အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို နေပြည်တော်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်က ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ၂၄ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါသည်။ အောင်ပွဲရသည့် အသင်းများ ဝမ်းသာပျော်ရွှင်မဆုံး ဖြစ်ခဲ့ကြသလို မျှော်မှန်းထားသလို ဖြစ်မလာကြသည့် အသင်းများကလည်း ပြိုင်ပွဲထုံးစံအတိုင်း စိတ်မကောင်းဖြစ်ကြရသည်။ အားကစားတစ်ခု ယှဉ်ပြိုင်ရာတွင် “ယှဉ်ပြိုင်ခြင်းသာ အဓိက” ဟု ဆိုကြသော်လည်း ပြိုင်ပြီ ဆိုလျှင်ဖြင့် သူသူကိုယ်ကိုယ်အောင်ပွဲ ရချင်ကြသည်သာ။ တပ်မတော်သားများ ဖြစ်သည့်အတွက် ပိုမို၍ မိမိတို့တပ်ရင်း/တပ်ဖွဲ့၏ ဂုဏ်ကိုဆောင်ချင်ကြသည်သာဖြစ်၏။ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသော အားကစားပြိုင်ပွဲ အသီးသီးမှ တပ်မတော်သား အပေါင်းကို စာရေးသူအနေဖြင့် လှိုက်လှဲဝမ်းသာစွာ ဂုဏ်ပြုမိပါသည်။ အဘယ်ကြောင့်ဆိုပါမူ ယခုကဲ့သို့ ကျင်းပပေးလျက်ရှိသည့် တပ်မတော်(ကြည်း၊ရေ၊ လေ) အားကစားပြိုင်ပွဲမှ နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ် အားကစားမောင်မယ်များကို မွေးထုတ်ပေးနိုင်သောကြောင့်ပင်ဖြစ်ပါသည်။
ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားနှင့် နေရာအလိုက် အကောင်းဆုံးသော ကစားသမားများအပြင် ဆုမရသော်လည်း ခြေစွမ်းပြနိုင်ခဲ့ကြသူများအား မှတ်တမ်းပြုစုကာ တပ်မတော်အားကစားမှသည် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်လာစေရေးအထိ စီမံဆောင်ရွက်ပေးနေသော အားကစားပြိုင်ပွဲကြီး ဖြစ်သည်နှင့်အညီ အားကစားသမားများကလည်း အားကြိုးမာန်တက်ရေကုန်ရေခန်း ယှဉ်ပြိုင်ကြသည်။ ယှဉ်ပြိုင်ကြသည့် အားကစားနည်းများသည် ဖျော်ဖြေရေးနှင့် စိတ်လှုပ်ရှားမှုအတွက်သာ မဟုတ်ဘဲ ကိုယ်ခန္ဓာကြံ့ခိုင် သန်စွမ်းမှုနှင့် စိတ်ဓာတ် စည်းကမ်းကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုတို့ကိုပါ ဖော်ညွှန်းပြသလျက် ရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာ့အားကစား အောင်မြင်မှုမှတ်တမ်းများကို လေ့လာကြည့်ရာတွင် တပ်မတော်သား အားကစားသမားများ၏ မှတ်တမ်းကောင်းများကို ဂုဏ်ယူဖွယ် တွေ့ရှိရပေမည်။ တစ်ခါဆီက ကျွန်းဆွယ်ပြိုင်ပွဲများနှင့် အာရှအိုလံပစ်ပြိုင်ပွဲများတွင် တပ်မတော်ဂုဏ်နှင့် နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသော အားကစားနည်း အမျိုးမျိုးမှ အားကစားသမားများစွာ ပေါ်ထွက်ခဲ့ကြသည်။ ယနေ့ထက်တိုင်လည်း ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် အောင်ပွဲဆွတ်ခူးပေးနေကြသော တပ်မတော်သား အားကစားသမားများကို တွေ့မြင်နေရသည့်အတွက် စာရေးသူအနေဖြင့် ဝမ်းသာပီတိဖြစ်မိသည်။ ထိုအစဉ်အလာကောင်းများ မပျောက်ပျက်သွားစေရေးနှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် အသင့်ဖြစ်နေစေရန် ယခုကဲ့သို့ အားကစားပြိုင်ပွဲကြီး ကျင်းပပေးနေခြင်းဖြစ်သည်ဟု စာရေးသူ ယုံကြည်မိပါသည်။ ထိုသို့ကျင်းပပေးခြင်းအားဖြင့် မျိုးဆက်သစ် အားကစားဝါသနာရှင်များအတွက်လည်း အခွင့်အလမ်းကောင်းများကို ရရှိစေမည်ဖြစ်ပေသည်။
အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ခြင်းဟူသော လက်ငင်းအကျိုးကို ခံစားရသကဲ့သို့ တစ်သင်းတည်း အတူကစားရသော ကစားသမားများအနေဖြင့် အချင်းချင်း ချစ်ကြည်စည်းလုံးမှုများကို ရရှိစေပါသည်။ လူအမျိုးမျိုး စိတ်အထွေထွေရှိကြလင့်ကစား မိမိအားပေးသည့် အသင်းအတွက်ဆိုပါက မတူကွဲပြားသည့် စိတ်ခံစားချက်များကို ဥပေက္ခာပြုကာ ညီညီညွတ်ညွတ် အားပေးတတ်ကြသည်။ ထိုအရာသည် အားကစားမှ ပေးစွမ်းသော ထူးခြားသည့်ဂုဏ်အင်တစ်ခုပင်ဖြစ်သည်။ ထိုအစွမ်းသတ္တိများကို နိုင်ငံတော်အတွက် အားဖြစ်စေမည့်နေရာများတွင် ထိထိမိမိ အသုံးချနိုင်စေရန်အတွက် တပ်မတော်အနေဖြင့် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သက်တမ်းအလိုက် အားကစားပြိုင်ပွဲများကို ကျောင်းပေါင်းစုံအဆင့်၊ တက္ကသိုလ်အဆင့်၊ ဝန်ကြီးဌာနပေါင်းစုံအဆင့်မှသည် နိုင်ငံတော်အဆင့်ထိ ငွေကုန်ကြေးကျများစွာ ခံ၍ စီမံဆောင်ရွက်ပေးလျက် ရှိနေပါသည်။ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်” ဆိုစကားနှင့်အညီ အားကစားကဏ္ဍ ထူးချွန်ပြောင်မြောက်ခြင်းဖြင့် အမိနိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ် ဝင့်ထည်နေစေမည်ဖြစ်သည်။ မြန်မာတို့သည် ဇာတိသွေး၊ ဇာတိမာန် ထက်သန်ကြသူများဖြစ်၏။ ထို့ပြင် သည်းခံတတ်ခြင်း အပြင် လူတစ်ဖက်သားအား ကိုယ်ချင်းစာစိတ်ဖြင့် ယုံကြည်မှုပေး တတ်ကြသူများလည်း ဖြစ်ကြပေသည်။
ထိုသို့ ရိုးသားဖြူစင်လှသော အကျိုးဆက်များကြောင့်ပင် တိုင်းတစ်ပါးနယ်ချဲ့တို့က အတင်းအဓမ္မအနိုင်ကျင့်လျက် တိုင်းပြည်အား သိမ်းပိုက်ခဲ့ကြသည်။ တိုင်းရင်းသား ညီနောင်အချင်းချင်း စိတ်ဝမ်းကွဲစေမှုကို ဖန်တီးခဲ့ကြကာ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကိုလည်း လျော့ပါးစေခဲ့ကြသည်။ လွတ်လပ်ရေးကြီးအတွက် စုပေါင်းညီညာ တိုက်ပွဲဝင်ခဲ့သဖြင့် ကိုယ်ပိုင်အချုပ်အခြာ အာဏာပြန် ရခဲ့ကြသည့်တိုင် နယ်ချဲ့တို့ချန်ရစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ အမွေဆိုးနှင့် အချင်းချင်းစည်းလုံးမှု ပြိုကွဲခြင်းတို့ကို လွတ်လပ်ရေးရပြီးချိန်မှသည် ယနေ့ကာလတိုင် ရင်ဆိုင်နေရဆဲပင်ဖြစ်ပေသည်။ ခေတ်အဆက်ဆက် အစိုးရများအား လက်နက်ကိုင် နည်းလမ်းများဖြင့် ဆန့်ကျင်သူများ ရှိသကဲ့သို့ ပြည်ပအားကိုး ပုဆိန်ရိုးသမားများ၏ အမျိုးဘာသာ သာသနာတိမ်မြုပ်အောင် ဆောင်ရွက်မှုများကလည်း မရိုးနိုင်အောင် ရှိခဲ့ကြသည်။ ပြည်ပယဉ်ကျေးမှုများကို အတင်းသွတ်သွင်းမှုကြောင့် လူငယ်များ ကိုယ်ပိုင်ယဉ်ကျေးမှုကို မေ့လျော့လာကြပြီး အကျိုးဆက်အားဖြင့် ဇာတိသွေး၊ ဇာတိမာန်တို့ ဆုံးရှုံးလာရသည်။
သမိုင်းစဉ်ကို ပြန်ကြည့်မည်ဆိုပါက တပ်မတော်အစိုးရ လက်ထက်တွင် တိုင်းပြည်၏ ပကတိလိုအပ်ချက်အရသော် လည်းကောင်း၊ အနာဂတ်ကို မြော်တွေးမှုအရသော် လည်းကောင်း တိုင်းပြည်နှင့် လူမျိုးအတွက် မဖြစ်မနေ ဆောင်ရွက်သင့်သည့်အမျိုးသားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရပေမည်။
အနှစ်ချုပ်ဆိုရပါလျှင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် ၂၀၂၃ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကြီးနှင့်တကွ နိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ထွက်ပေါ်စေရန် တပ်မတော်သည် မည်သူ တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါဘဲ အမျိုးသားရေး စိတ်ဓာတ်များဖြင့် ထမ်းဆောင်လျက် ရှိနေပါသည်။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီတို့ ဖောက်လှဲဖောက်ပြန်မှုရှိကောင်းရှိနိုင်သော်ငြား တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်လာတိုင်း ခေတ်အဆက်ဆက် သမိုင်းပေးတာဝန် ကျေပွန်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ တပ်မတော်အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားတို့နှင့် ပတ်သက်လာပါကလည်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာသာသနာအရေး စသည့် ကဏ္ဍစုံတွင် မိမိတို့တတ်စွမ်းသရွေ့ ဖြည့်ဆည်းပံ့ပိုး ပေးလျက်ရှိနေပါသည်။ အားကစားနည်း တစ်မျိုးမဟုတ်တစ်မျိုးဖြင့် ရင်းနှီးကျွမ်းဝင်ပြီးသား တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် အားကစားပြိုင်ပွဲမှ ရရှိသော အတွေ့အကြုံနှင့် သင်ခန်းစာများကို ဆင်ခြင်သုံးသပ်တတ်ကြဖို့ လိုအပ်ပါသည်။ စည်းလုံးမှုနှင့် အသင်းချစ်စိတ်ကို အခြေတည်လျက် တပ်နှင့်ပြည်သူမြဲကြည်ဖြူကာ ဥမကွဲ၊ သိုက်မပျက်စိတ်မျိုးဖြင့် ရင်ဆိုင်ယှဉ်ပြိုင်ကြမည် ဆိုပါလျှင် သူ့နိုင်ငံသားသံမှုန်စားသည့်တိုင် အနိုင်ယူနိုင်စွမ်း ရှိမည်ဖြစ်ပါသည်။
အရေးကြီးသည်မှာအတိတ်တွင် ကြုံခဲ့ရသည့် ပြည်ပသပ်လျှိုသွေးခွဲမှုများ၊ အိမ်ကြက်ချင်း အိုးမဲသုတ်ခဲ့သည့် ဖြစ်စဉ်များကို မေ့မသွားကြဘဲ ယနေ့ထက်တိုင် သတိချပ်ဖို့ လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်ရင်း အားကစားနှင့် အမျိုးသားရေး စိတ်ဓာတ်နှီးနွှယ်မှုကို တင်ပြလိုက်ရပါသည်။ ။
နွေကံ့ကော်(မြို့လှ)