မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ ရေဘေး၊ လေဘေး၊ ကပ်ရောဂါဘေး အစရှိသဖြင့် အခက်အခဲအမျိုးမျိုး ကြုံလေတိုင်း လူမှုဝန်ထမ်းစိတ်ရှိသူများက ကူညီပေးကြသည်။ တတ်စွမ်းသမျှ ငွေကြေး၊ ပစ္စည်း၊ လုပ်အားများ လှူဒါန်းနေကြသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။ လူမှုဝန်ထမ်းစိတ်ဓာတ် သို့မဟုတ် အများအကျိုးသယ်ပိုးလိုသည့် စိတ်ဓာတ်မှာ လူသားတိုင်းတွင် ရှိတတ်ကြသည် မဟုတ်ပါ။ ပင်ကိုစိတ်ကောင်းရှိပြီး အရာရာကို မှန်မှန်ကန်ကန် သုံးသပ်ရှုမြင် တတ်သူများတွင် ရှိတတ်ပါသည်။ လူတစ်ရာတွင် တစ်ယောက်မျှသာ ထိုစိတ်ထားမျိုး ရှိကြောင်း ရှေးအခါက ဖြစ်ရပ် တစ်ခုက သက်သေပြလျက်ရှိသည်။
ရှေးအခါက ပြည့်ရှင်မင်းတစ်ပါးသည် မိမိ၏နိုင်ငံ အတွင်း၌ သူတစ်ပါးအား ကူညီလိုသော စိတ်ဓာတ်ရှိသူတို့ကို ဂုဏ်ပြုလိုသဖြင့် အစီအစဉ်တစ်ခုကို မည်သူမျှမသိအောင် ပြုလုပ်ထားခဲ့သည်။ ဘုရင်မင်းမြတ်၏ နေပြည်တော်အနီး၌ လှည်းလမ်းတစ်ခုရှိသည်။ ထိုလမ်းမသည် သစ်ပင်တို့ဖြင့် စိမ်းလန်းစိုပြည်သော တောင်ကုန်းများအကြား၌ တည်ရှိသည်။ တစ်ညသော် ကျောက်တုံးကြီးတစ်တုံးသည် တောင်ကုန်းပေါ်မှလိမ့်ကျ၍ လမ်းမအလယ်၌ရောက်နေလေသည်။ တစ်ခုသော နံနက်တွင် လယ်သမားကြီးတစ်ဦးသည် လှည်းမောင်းလာသည်။
လမ်းမအလယ်၌ ကျောက်တုံးကြီးကိုမြင်သောအခါ တို့တိုင်းပြည်တွင် လူပျင်းတွေချည်းသာနေကြသည်။
ကျောက်တုံးကြီးကန့်လန့်ဆီးနေသည်ကို မည်သူမျှဖယ်ရှားခြင်းမပြုချင်ကြ။ ထိုမျှလောက်သော အလုပ်ကလေးကိုပင် မလုပ်ချင်ကြပါဘိ၊ ပျင်းရိလွန်းကြပါဘိ...ဟု မြည်တွန်တောက်တီးကာ ကျောက်တုံးကြီးကိုရှောင်၍ လှည်းကို မောင်းလိုက်သည်။ ကျောက်တုံးကိုရှောင်ရသောကြောင့် လမ်းမှာအလွန်ကျဉ်းမြောင်းနေသည်ဖြစ်ရာ နွား၏နံဘေးသည် တောင်ကုန်းနံရံနှင့် ပွတ်တိုက်မိလေသည်။ ထို့ကြောင့် နွားတွင်ဒဏ်ရာရရှိသွားသည်။
များမကြာမီ လှည်းကုန်သည်တစ်စုသည် လှည်း၊ နွား၊ မြင်း ကိုယ်စီနှင့်ကုန်များ တင်ဆောင်ကာ ထိုလမ်းမပေါ်၌ မောင်းနှင်လာကြပြန်သည်။ ပတ်ဝန်းကျင်၏သာယာစိုပြည်သောရှုခင်းကို ချီးမွမ်းပြောဆိုကြရင်း ကျောက်တုံးကြီး အနီးသို့ ရောက်လာကြသည်။ ထိုအခါ လမ်းမအလယ်တွင် ဤကျောက်တုံးကြီးရောက်နေသည်မှာ နှစ်ကာလ အတော်ကြာပြီ ထင်သည်။ ထိုမျှကြာအောင် လမ်းပိတ်ဆို့နေသော ကျောက်တုံးကြီးကို မည်သူကမျှ ဖယ်ရှားခြင်းမပြုဘဲ နေနိုင်အားကြသည်ဟု ပြစ်တင်ပြောဆိုကြကာ လှည်းကုန်သည်တို့လည်း ကျောက်တုံးကြီးကိုရှောင်သွားကြ၏။ ဝန်တင်လှည်းတစ်စီးသည် ကျောက်တုံးကြီးကို မရှောင်နိုင်ဘဲ တိုက်မိသောကြောင့် တိမ်းမှောက်လေသည်။ ကုန်သည်တို့သည် ဤအဖြစ်ဆိုးကြောင့် စိတ်လက်မချမ်းမသာဖြစ်ကြရသည်။ သို့ရာတွင်ခရီးကိုသာ ဆက်လက်၍ သွားကြလေသည်။
ဤသို့ဖြင့် ခရီးသွား အပေါင်းတို့သည် ထိုကျောက်တုံးကြီးကို လမ်းမပေါ်မှဖယ်ရှားရန် အားမထုတ်ခဲ့ကြဘဲ သူတစ်ပါးကိုသာ ပြစ်တင်ပြောဆို၍ ခရီးဆက်ကြသည်။ တစ်လခန့်ကြာသောအခါ အနီးအပါးရှိ ရွာတစ်ရွာမှ လယ်သမားကြီး တစ်ယောက်သည် မြို့သို့သွား၍ ပစ္စည်းဝယ်ရန် ထိုလမ်းမပေါ်၌ လျှောက်လာခဲ့သည်။
ကျောက်တုံးကြီးကိုတွေ့သောအခါ ဤကျောက်တုံးကြီးသည် ခရီးသွားများအတွက် အန္တရာယ်ဖြစ်လာနိုင်သည်ဟုဆို၍ လူမှုဝန်ထမ်းစိတ်ရှိသူပီပီ ကျောက်တုံးကြီးကို လမ်းဘေးသို့ အားကုန်တွန်းချလိုက်လေသည်။
လမ်းဘေးသို့ ကျောက်တုံးကြီးကျသွားသောအခါ ထိုလယ်သမားကြီးသည် ယခင်ကျောက်တုံးကြီး၏ နေရာ၌ ကျင်းငယ်တစ်ခုကို မြင်ရလေသည်။ တစ်ဖန် ကျင်းငယ်အတွင်းတွင် သေတ္တာကလေးတစ်လုံးကို တွေ့ရသည်။
သေတ္တာအဖုံးပေါ်တွင် ကျောက်တုံးကြီးကိုရွှေ့ပေးသောသူအတွက် ဆုလက်ဆောင်ဟူသော စာတန်းကိုပါ တွေ့ရလေသည်။ လယ်သမားကြီးသည် သေတ္တာကို ဖွင့်ကြည့်သောအခါ သေတ္တာအတွင်း၌ ရွှေငွေရတနာများစွာ ကိုတွေ့ရသည်။ ရိုးသားဖြောင့်မတ်သော လယ်သမားကြီးသည် ဤဥစ္စာကား မြေမှရသောဥစ္စာဖြစ်၍ မင်း၏ ဘဏ္ဍာတော်ဖြစ်ရမည်ဟု တွေးကာ ထိုရတနာသေတ္တာကို ဘုရင်မင်းမြတ်အားဆက်သပြီး အကြောင်းစုံ လျှောက်လေသည်။
ဘုရင်မင်းမြတ်သည် ညီလာခံ၌ မိန့်တော်မူသည်မှာ အသင်တို့၌ စိတ်နှလုံးကောင်းမည်မျှ ရှိသည်ကို ငါသိလိုသဖြင့် ငါကိုယ်တိုင်ကျောက်တုံးကြီးကို တောင်ကုန်းပေါ်မှလမ်းလယ်သို့ရောက်အောင်ချထား၍ ကျောက်တုံးအောက်တွင် ရတနာသေတ္တာငယ်ကို မြှုပ်နှံထားခြင်းဖြစ်သည်။ ဤလယ်သမားကြီးသည် လူများစွာတို့ကို ဒုက္ခပေးသည့် ကျောက်တုံးကြီးကို မွန်မြတ်သောလူမှုဝန်ထမ်းစိတ်ဓာတ်ဖြင့် ဖယ်ရှားပေးခဲ့ပြီ။ ထိုမျှမကသေးရတနာသေတ္တာကို ရပြန်သောအခါ၌လည်း ကွယ်ဝှက်ခြင်းမပြုဘဲ ရိုးသားဖြောင့်မတ်စွာ ငါ့ထံသို့လာရောက်ဆက်သပေသည်။ အများ၏အကျိုးကို ဆောင်ရွက်တတ်သူအား ဆုချီးမြှင့်ရမည်ဟုမိန့်တော်မူပြီးလျှင် ရတနာသေတ္တာနှင့်တကွ ဆုလာဘ်များစွာတို့ကို လယ်သမားအား ပေးအပ်လိုက်လေသည်။ ဤဖြစ်ရပ်ကို စံနမူနာယူကာ လူတိုင်းတွင် ပရဟိတ စိတ်ထားရှိနေမည်ဆိုပါက ဤကမ္ဘာကြီးသည် အေးချမ်းသာယာနေမည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ ။