ကထိန်သဘင်ဆင်ယင် နွှဲပျော် စုပေါင်း အလှူတော်
တန်ဆောင်မုန်းလသည် မြန်မာ့တစ်ဆယ့်နှစ်လ ရာသီတွင် အဋ္ဌမလဖြစ်သည်။ ဤလ၏ပထမလဝက်သည် မိုးရာသီတွင်ကျရောက်၍ ဒုတိယလဝက်သည် ဆောင်းရာသီတွင်ကျရောက်သည်။ မိုးနှောင်းဆောင်းဦး သာယာ ကြည်နူးဖွယ်ရာ လရာသီလည်းဖြစ်သည်။ “ဆီးနှင်းတစ်ပြိုက် မိုးတစ်လိုက်” ဟူသောစကားအတိုင်း မိုးလည်းရွာတတ်သေးသည်။ တန်ဆောင်မုန်းလ၏ ထူးခြားချက်တစ်ရပ်မှာ ကောင်းကင်ကြည်လင်နေခြင်းဖြစ်သည်။ တန်ဆောင်မုန်းလ၏ ကောင်းကင်ကြည်လင်ပုံကို စာဆိုကျော် ရှင်မဟာသီလဝံသက “သန်ကျူးစဲကခဝဲပွင့်ဝါ၊ သို့သောခါတုံ အာကာမထိုင်း မြူမှိုင်းမလည် အလွန်ကြည်လျက် ဆီးရည်လည်းကျ သရဒ၌” ဟူ၍ ရေးသားစပ်ဆိုခဲ့သည်။
စာဆိုဆရာတော်က တန်ဆောင်မုန်းလကို သရဒရာသီဟု အယူရှိသော်လည်း အများအားဖြင့် တန်ဆောင်မုန်းလအား ဗြိစ္ဆာရာသီဟူ၍ သတ်မှတ်ကြသည်။
တန်ဆောင်မုန်းလ၏ ညအခါတွင် ကောင်းကင်၌ နက္ခတ်တာရာများ စုံလင်သည်ဟု ဆိုရိုးရှိသည်။ ရာသီအလိုက် တောက်ပသောနက္ခတ်နှင့် တာရာမှာ ကြတ္တိကာ နက္ခတ်နှင့် ကျီးတာရာတို့ဖြစ်သည်။ ယင်းကို ရည်ရွယ်၍ မဟာအတုလမင်းကြီးက “ မြောက်လေငယ်သွင်းပါလို့ မြူနှင်းငယ်စိုစိုမြင်တိုင်း ငယ်ပျိုသည် ရွှေကျီးညိုတာရာ ကြတ္တိကာ ထွန်းတဲ့လကိုလေး” ဟု သီကုံးရေးသားခဲ့သည်။
တန်ဆောင်မုန်းလကို ပုဂံခေတ်ထိုး ကျောက်စာများ၌ “တန်ဆောင်မှုန်” ဟုရေးထိုးထားသည်။ အင်းဝခေတ်သို့ ရောက်သောအခါ ယနေ့ခေတ်အခေါ် တန်ဆောင်မုန်းဟု ခေါ်ဝေါ်ရေးသားကြောင်း တွေ့ရသည်။ ထို့အတူ” တန်ဆောင်မှုန်း၊ တန်းဆောင်မုန်း” ဟု ရေးသားထားကြောင်းလည်း တွေ့ရသည်။ ဆရာကြီး ဦးဖိုးလတ်၏ မြန်မာလအမည်များ စာအုပ်တွင် “တန်” သည်အလင်းရောင်၊ နေရောင်၊ ဆောင်သည် သယ်ဆောင်ခြင်း “တန်ဆောင်” ဟူသည် အလင်းရောင် ထွန်းလင်းသောအရာ၊ အလင်းရောင်ကို ယူဆောင်ထားသော အရာဟုလည်းကောင်း၊ “မှုန်း”သည် ထွန်းလင်းတောက်ပစေသည်ဟု လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုရာ တန်ဆောင်မုန်း ဟူသော ဝေါဟာရသည် မီးရှူး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလ၊ ဆီမီးထွန်းညှိသောလ ဟူ၍ တွေ့ရသည်။
တန်ဆောင်မုန်းလ၏ ထင်ရှားသော ပွဲတော်မှာ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲဖြစ်သည်။ ကထိန်သင်္ကန်း ကပ်လှူခြင်းကို ကထိန်ခင်းသည်ဟု အရပ်ဓလေ့ခေါ်ဆိုကြသည်။ ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ အထိသာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လှူဒါန်းခွင့်ရှိသည်။ မြင့်မြတ်သော ကာလဒါနအလှူဟုလည်း ဆိုနိုင်သည်။ မြတ်စွာဘုရား ၃၇ ဝါ အရောက်တွင် ကထိန်သင်္ကန်း ကပ်လှူခွင့်ကို ခွင့်ပြုတော်မူခြင်းဖြစ်သည်။ အကြောင်းပြုသူများမှာ ကောသလအနောက်ပိုင်း ပါဝေယျတိုင်းသားများ ဖြစ်ကြသော ဘဒ္ဒဝဂ္ဂီရဟန်း သုံးကျိပ်တို့ဖြစ်ကြသည်။
ထိုရဟန်းတော်သုံးကျိပ်တို့သည် မြတ်စွာဘုရားအား ဖူးမြော်ရန် ပါဝါမြို့မှ ထွက်ခွာလာခဲ့ကြရာ မြတ်စွာဘုရား သီတင်းသုံးနေတော်မူသော သာဝတ္ထိပြည်သို့ ရောက်ရန် ခြောက်ယူဇနာ(၄၈ မိုင်ခန့်)ဝေးသည့် သာကေတမြို့သို့ရောက်ချိန်တွင် ဝါဝင်ခဲ့သည်။ ထို့ကြောင့် သာကေတ၌ ဝါကပ်ကြရသည်။ ဝါကျွတ်ချိန် ပဝါရဏာပြုပြီး ဆက်လက်ထွက်ခွာလာရာ မိုးကြီးနှင့်ကြုံရသည်။ မြတ်စွာဘုရားထံ ရောက်ချိန်တွင် မိုးစိုသင်္ကန်းများဖြင့်သာနေကြရသည်။ ရဟန်းတို့မှာ သင်္ကန်း သုံးထည်သာဆောင်သော “ တိစီဝရိတ်ဓူတင်” ဆောင်ပုဂ္ဂိုလ်များဖြစ်ကြ၍ မြတ်စွာဘုရားသည် ရဟန်းများ သင်္ကန်းရှားပါးခြင်းမှ ကင်းလွတ်စေရန် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူသည်။
ကထိန်ခင်းထိုက်သော သင်္ကန်းသုံးထည်ရှိသည်။ နှစ်ထပ်သင်္ကန်းကြီး၊ ဧကသီသင်္ကန်းနှင့် ခါးဝတ်သင်းပိုင်တို့ဖြစ်သည်။ ယင်းသုံးထည်အနက် တစ်ထည်ဖြင့်သာ ကထိန်ခင်းခွင့်ရှိသည်။ ကထိန်ခင်းသော သင်္ကန်းသည် အလှူရှင်က သူ့အလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသာဖြစ်ရသည်။ အကြောင်းတစ်စုံတစ်ရာကို အသုံးပြု၍ အလှူခံသော သင်္ကန်းမဖြစ်ရပေ။ ကထိန်သင်္ကန်းကပ်လှူလိုသူသည် သံဃာ့ဂုဏ်ကိုအာရုံပြု လှူဒါန်းရသည်။ ကထိန်အလှူရှင်သည် “ဤကထိန်လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူပါ၊ ဤကထိန်သင်္ကန်းကို သံဃာအား လှူဒါန်းပါ၏” ဟုရွတ်ဆို၍ သံဃာ့ဂုဏ်တော် တစ်ပါးပါးကို အာရုံပြုလှူဒါန်းရသည်။
ကထိန်ခင်းသောကျောင်းတွင် ကထိန်ခံသော ရဟန်းအပြင် အနည်းဆုံး သံဃာလေးပါးရှိရသည်။ သံဃာအရေအတွက် မပြည့်စုံလျှင် ကထိန်မခင်းနိုင်ပေ။ ကထိန်ခင်းမည့်သင်္ကန်းကို ညသိပ် မသိမ်းဆည်းအပ်ပေ။ ရသည့်နေ့တွင် သင်္ကန်းအဆင်းရဲဆုံး ရဟန်းကို ရွေးချယ်ကာ ကထိန်ခင်းရန် သင်္ကန်းကို ပေးအပ်ရသည်။ သင်္ကန်းဆင်းရဲသော ရဟန်းမရှိလျှင်သော် လည်းကောင်း၊ သင်္ကန်းဆင်းရဲသူချည်းဖြစ်နေလျှင်သော် လည်းကောင်း သိက္ခာဝါအကြီးဆုံး မထေရ်ကြီးအား ထိုသင်္ကန်းကို ပေးရသည်။ အလားတူစွာ ပုရိမဝါကပ်၍ မကျိုးမပြတ်သော ရဟန်းသည်သာ ကထိန်လျာသင်္ကန်းကို ခံယူခွင့်ရှိသည်။
ကထိန်ခံမည့်ရဟန်းအား ကထိန်လျာသင်္ကန်းကို ပေးအပ်သည့်အခါ သမုတ်ထားသည့် သိမ်အတွင်းတွင် ဉတ်တစ်ကြိမ်၊ ကမ္မဝါစာတစ်ကြိမ်ရွတ်ဖတ်ကာ ပေးအပ်ရသည်။ ထိုသို့ဆောင်ရွက် ပေးအပ်ရသည်ကို အစွဲပြု၍ သင်္ကန်းဟု လည်းကောင်း၊ ဉတ်ကထိန်ဟုလည်းကောင်း ခေါ်တွင်ကြခြင်းဖြစ်သည်။ ကထိန်ခင်းသော ရဟန်းတော်သည် ကထိန်အကျိုးငါးပါး ရရှိသလို ကထိန်ဒါယကာများ အနေဖြင့် သွားလာလေရာ အနှောင့်အယှက်မရှိ ဘေးကင်းစွာ သွားလာရခြင်း၊ မိမိပိုင်ပစ္စည်းများကို ရန်သူတို့မဖျက်ဆီးနိုင်ခြင်း၊ အစားအစာပေါများပြီး အစားအစာအတွက် ဘေးမဖြစ်၊ အဆိပ်မသင့်ခြင်း၊ ကာလရှည်ကြာ မေ့လျော့ထားသော ပစ္စည်းများ မဆုံးပါးမပျောက်ရှခြင်း၊ ပစ္စည်းဥစ္စာရှာဖွေရာတွင် အခြားသူတို့ထက် ထူးကဲစွာ အစုလိုက်အပုံလိုက်ရရှိခြင်း၊ ရုပ်ရည်ချောမောလှပ၍ အလှသတင်းကျော်စော ထင်ရှားခြင်းဟူသော အကျိုးခြောက်ပါးကို ရရှိစေသည်။ ကထိန်ခင်းရာတွင် တစ်ဦးချင်းဖြစ်စေ စုပေါင်း၍ဖြစ်စေ ပြုလုပ်ကြပြီး စုပေါင်းကထိန်ပွဲများ၌ ဝတ္ထု၊ ပစ္စည်းလှူဖွယ် အသီးသီးကို ပဒေသာပင်သီး၍ ကျောင်းတော်သို့ တပျော်တပါး ပို့ဆောင် လှူဒါန်းကြသည်။
တန်ဆောင်မုန်းလတွင် ထင်ရှားသည့်ပွဲတော်မှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်ပွဲတော်တို့ဖြစ်သည်။ ထိုပွဲကို တချို့က နက္ခတ်ပွဲသဘင်ဟုခေါ်ကြပြီး ကြတ္တိကာနက္ခတ်ကို ပူဇော်သောကြောင့်ဖြစ်သည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲတော်မှာ မြန်မာတွင်သာမက နိုင်ငံတကာကပင် အံ့သြချီးကျူးရသည့် ပွဲတော်ကြီးပင်ဖြစ်သည်။
ယနေ့ခေတ်တွင် တဖြည်းဖြည်း တွင်ကျယ်လာသော ပွဲတော်မှာ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသော စတုဒိသာ အလှူတစ်ရပ်ဖြစ်သည့် နိဗ္ဗာန်ဈေး ပွဲတော်ပင်ဖြစ်သည်။
ရပ်ရွာဒေသအသီးသီး၌ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ကျွေးမွေးလှူဒါန်းကြသော နိဗ္ဗာန်ဈေးပွဲတော်သည် မြန်မာလူမျိုးတို့၏ စေတနာသဒ္ဓါတရား ထက်သန်မှုကို ရည်ညွှန်းပြဆိုကာ အများပြည်သူတို့ ပျော်ရွှင်စွာ စားသောက်ရင်း သာဓုအနုမောဒနာ ခေါ်ဆိုကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၃ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၅၀ နှင့် လှူဒါန်းငွေကျပ် ၉၀၁၅၈၅၀၀ ဖြစ်သဖြင့် စုစုပေါင်း လှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၃၆၇၁၄၆၀၀ ဖြစ်ကြောင်း သိရှိရပါသည်။
လှူဒါန်းရန် ခင်းကျင်းပြင်ဆင် ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား အလှူခံကထိန်ကျောင်း ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြပါသည်။ စေတနာရှင်၊ ကုသိုလ်ရှင်များ စုပေါင်းလှူဒါန်းသည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကြီးကို စည်ကားသိုက်မြိုက်စွာ၊
သဒ္ဓါတရားထက်သန်စွာ ရေစက်ချလှူဒါန်းခဲ့သည့် ကုသိုလ်ဆက်ပွဲကြီးကို ကြည့်ခြင်းအားဖြင့် ကြည်နူးပီတိဖြစ်မိ၍ သာဓုအကြိမ်ကြိမ် ခေါ်ဆိုနိုင်ပါသည်။
တန်ဆောင်မုန်းလသည်ကား ရာသီဥတု ကြည်လင်ပြီး ခြေခင်းလက်ခင်းသာယာသည်သာမက စပါးစိုက်ခင်းကောက်နှံများ ရင့်မှည့်ကာ တောင်သူဦးကြီးများ၏ လုပ်အားအလှကို ဖော်ကျူးနေပါသည်။ အလှူဒါနကောင်းမှု ကုသိုလ်အစုစုတို့ထွန်းကားရာ လမြတ်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကြီး အောင်မြင်စွာ ပြီးစီးခဲ့ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
လင်းအာရုဏ်ဦး(ပဲခူး)