ကမ္ဘာ့ပီတန်းပြိုင်ပွဲတွင် မြန်မာကစားသမား ခင်ချယ်ရီသက် ရွှေတံဆိပ်ဆုရရှိ
ရန်ကုန် နိုဝင်ဘာ ၂၆
Women & Junior Petanque World Championship 2023 ပြိုင်ပွဲကို နိုဝင်ဘာလ ၂၆ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာပီတန်း လက်ရွေးစင်ကစားသမား ခင်ချယ်ရီသက်က အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ် ရယူနိုင်ခဲ့သည်။ ခင်ချယ်ရီသက်သည် ယခုနှစ်အတွင်း ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ် ရရှိပြီးနောက် ကမ္ဘာ့ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆု ထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ခင်ချယ်ရီသက်သည် ကွာတားဖိုင်နယ်တွင် တူနီးရှား၊ ဆီမီးဖိုင်နယ်တွင် ထိုင်း၊ ဗိုလ်လုပွဲတွင် ဗီယက်နမ်တို့ကို အနိုင်ယူခဲ့သည်။ ခင်ချယ်ရီသက်သည် ၂၀၁၉ ကမ္ဘာ့ချန်ပီယံ ရှစ်ပီတန်းပြိုင်ပွဲတွင် တတိယရပြီးနောက် ယခုနှစ်တွင် ရွှေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ခင်ချယ်ရီသက်သည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပသည့် (၃၁)ကြိမ်နှင့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတို့တွင် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၌ ရွှေတံဆိပ် ရယူနိုင်ခဲ့သည်။