ပရီးမီးယားလိ၈်ပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုး ၅၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်ထားသည့် မန်ယူအသင်း ကစားသမားဟောင်း အင်ဒီကိုးလ်၏ စံချိန်ကို ဟာလန်းကျော်ဖြတ်
ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုး ၅၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်ထားသည့် မန်ယူအသင်း ကစားသမားဟောင်း အင်ဒီကိုးလ်၏ စံချိန်ကို မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) အဖြစ် ကစားသည့် မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတု့ိ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည့်ပွဲစဉ်၌ မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်းက ပွဲချိန် ၂၇ မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၄၈ ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီးနောက် အင်ဒီကိုးလ်၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုး ၅၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်ခဲ့သည့် ကစားသမားများအဖြစ် ဟာလန်းမတိုင်မီက မန်ယူအသင်း ကစားသမားဟောင်း အင်ဒီကိုးလ်က ၆၅ ပွဲဖြင့် စံချိန် တင်ထားခဲ့ခြင်းကို ဟာလန်းက ၁၇ ပွဲလျော့နည်းပြီး သွင်းဂိုး ၅၀ ကို ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ သွင်းဂိုး ၅၀ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်ခဲ့သည့် ကစားသမားစာရင်းတွင် ဟာလန်းနှင့် အင်ဒီကိုးလ်တို့နောက်၌ နယူးကာဆယ်အသင်း ကစားသမားဟောင်း အလန်ရှီးယားက ၆၆ ပွဲ၊ မန်ယူအသင်းကစားသမားဟောင်း နစ္စတယ်ရွိုင်းက ၆၈ ပွဲ၊ လီဗာပူးအသင်း ကစားသမားများဖြစ်သည့် တောရက်စ်နှင့် ဆာလက်ချ်တို့က ၇၂ ပွဲဖြင့် အသီးသီးသွင်းယူခဲ့ကြသည်။
ဟာလန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူး အသင်းကို ယခင်က ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ယခုပွဲစဉ်မှသာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲဝင်အသင်းများတွင် ဟာလန်း ဂိုးမသွင်းယူနိုင်သည့် အသင်းအဖြစ် ဘရန့်ဖို့ဒ်အသင်း တစ်သင်းသာ ကျန်ရှိကြောင်း သိရသည်။