ပြည်တွင်းဖြစ်တိုက်လေယာဉ်များနဲ့ မော်ကြွားနိုင်တော့မယ့် အိန္ဒိယလေတပ်
တောင်အာရှဒေသမှာ အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကတော့ ကာကွယ်ရေးပစ္စည်းတွေကို ကိုယ်တိုင် ကိုယ်ကျထုတ်လုပ်လာတာ တော်တော်ကြာနေပါပြီ။
အိန္ဒိယနိုင်ငံက ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ အကြီးစားကာကွယ်ရေး ပစ္စည်းတွေထဲမှာဆိုရင် လေယာဉ်တင် သင်္ဘောအထိပါဝင်ပါတယ်။ ဒါပေမဲ့ တိုက်လေယာဉ်တွေကိုတော့ ပြည်ပကနေပဲမှာယူ အသုံးပြုခဲ့ရတာပါ။
အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံက နိုင်ငံအတွက်လိုအပ်တဲ့ တိုက်လေယာဉ်များကို ပြည်တွင်းမှာတင် အောင်မြင်စွာ ထုတ်လုပ်လိုက်နိုင်ပါပြီ။ ဒီလိုထုတ်လုပ်နိုင်မှုကို ဂုဏ်ယူဝင့်ကြွားလိုက်သူကတော့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီပါ။
မိုဒီဟာ နိုဝင်ဘာလ ၂၅ ရက်မှာ ပြည်တွင်းဖြစ် တိုက်လေယာဉ် အမျိုးအစားဖြစ်တဲ့ Tejas ရဲ့အပေါ့စား တိုက်လေယာဉ်ပေါ်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါစီးနင်းပြီး အောင်ပွဲခံခဲ့ပါတယ်။
နိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့မှာ Hindustan Aeronautics Limited (HAL) ကုမ္ပဏီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုပြီးနောက် ထိုင်ခုံနှစ်လုံးတပ်ထားတဲ့ အမောင်းသင်လေယာဉ် အမျိုးအစားမှာ မိုဒီက ကိုယ်တိုင်လိုက်ပါ စီးနင်းခဲ့တာပါ။
ဒီလိုလိုက်ပါစီးနင်းပြီးနောက် မိုဒီက X လူမှုကွန်ရက်မှာ အခုလိုမျိုးရေးသား ဖော်ပြခဲ့ပါတယ်။
“Tejas ပေါ်မှာထိုင်ပြီး လိုက်ပါစီးနင်းမှုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ခံစားရတဲ့အတွေ့အကြုံကတော့ မယုံနိုင်လောက်အောင်ကို တန်ဖိုးကြီးလှပြီး ကိုယ့်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ အပေါ်မှာ ယုံကြည်မှုလည်း တိုးလာတဲ့အပြင် မိမိတို့နိုင်ငံရဲ့ လုပ်နိုင်စွမ်းနဲ့ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားတဲ့စိတ်တွေ၊ အကောင်းမြင်တဲ့စိတ်တွေ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပေါ်လာပါတယ်” ဒါ့အပြင် အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်ရှိ ကိုယ့်အားကိုယ်ကိုးတဲ့ နိုင်ငံများစာရင်းမှာ နောက်ကျ မကျန်ရစ်စေဘဲ တခြားသူများတန်းတူ လုပ်ဆောင်နိုင်စွမ်းရှိသည်ကို မြင်တွေ့ရကြောင်း၊ အိန္ဒိယလေတပ်၊ ကာကွယ်ရေး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ HALနဲ့ အိန္ဒိယနိုင်ငံသားများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း မိုဒီက X မှာ ရေးသားထားပါသေးတယ်။
မိုဒီက အခုလိုမျိုး ပြည်တွင်းဖြစ် တိုက်လေယာဉ်မှာ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါစီးနင်းမှုဟာ အိန္ဒိယလေတပ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ချောင်ဒရီက ကုဋေ ၆၇၀၀၀ တန်ဖိုးရှိတဲ့ Mk-1A အမျိုးအစား အပေါ့စား တိုက်လေယာဉ် ၉၇ စင်းကိုမှာယူသွားမယ်လို့ ကြေညာပြီးနောက် သီတင်းပတ် အနည်းငယ်အကြာမှာ ထွက်ပေါ်လာတာပါ။
အိန္ဒိယလေတပ်အနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကလည်း ကုဋေ ၄၈၀၀၀ တန်ဖိုးရှိတဲ့ Mk-1A တိုက်လေယာဉ် ၈၃ စင်းကို မှာယူထားပါသေးတယ်။
ဒီနှစ်အောက်တိုဘာလ ၄ ရက်မှာ HAL ကုမ္ပဏီက Mk-1 အမျိုးအစား ပထမဆုံးအမောင်းသင် လေယာဉ်တစ်စင်းကို အိန္ဒိယလေတပ်ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီလေယာဉ်က အမောင်းသင် လေယာဉ်ဖြစ်တဲ့အတွက် ထိုင်ခုံနှစ်လုံးပါရှိပြီး သူ့ကိုအမောင်းသင်အဖြစ်သာမက လိုအပ်ပါက တိုက်လေယာဉ်တစ်စင်း အနေနဲ့ပါ အသုံးပြုနိုင်မှာပါ။
လွှဲပြောင်းပေးလိုက်တဲ့ လေယာဉ်က ပထမဆုံးမှာယူထားတဲ့ Mk-1 အပေါ့စား တိုက်လေယာဉ်အစင်း ၄၀ အနက် ပထမဆုံး လေယာဉ်ပါ။
အဲဒီလေယာဉ်အစင်း ၄၀ ထဲကမှ ၃၂ စင်းကို ထိုင်ခုံတစ်လုံးတပ် တိုက်လေယာဉ်များအဖြစ် အသုံးပြုပြီး အပေါ့စားတိုက် လေယာဉ်အုပ်နှစ်အုပ်ကို ဖွဲ့စည်းထားပါတယ်။
ကျန်တဲ့လေယာဉ်ရှစ်စင်းကို အမောင်းသင်လေယာဉ်များအဖြစ် မှာယူထားတာဖြစ်ပြီး အခုတစ်စင်းကိုရရှိထားပြီဖြစ်တဲ့ အတွက် ကျန်ခုနစ်စင်းကို လာမယ့်နှစ် မတ်လမှာ အိန္ဒိယလေတပ်က လက်ခံရရှိသွားမှာပါ။
အိန္ဒိယနိုင်ငံက Tejas အမျိုးအစား တိုက်လေယာဉ်တွေကို လက်ရှိအသုံးပြုနေတဲ့ MiG-21 အမျိုးအစားတိုက်လေယာဉ်နေရာမှာ အစားထိုး အသုံးပြုသွားဖို့အတွက် ရည်ရွယ်အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း အခုလိုမျိုး အပေါ့စားတိုက်လေယာဉ်များကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ခြင်းဟာ လာမယ့်ဆယ်စုနှစ် နောက်ပိုင်းကာလများအထိ အိန္ဒိယလေတပ်ရဲ့ တိုက်စွမ်းရည်အတွက် အလှည့်အပြောင်းဖြစ်စေမှာအမှန်ပါပဲ။
အိန္ဒိယလေတပ်ဆိုတာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အင်အား အကြီးဆုံးလေတပ် ဖြစ်တာနဲ့အညီ Mk-1 ၊ Mk-1A ၊ Mk-2 အမျိုးအစား အပေါ့စား တိုက်လေယာဉ် စုစုပေါင်း အစင်း ၃၅၀ အထိကို အသုံးပြုသွားဖို့ မျှော်လင့်ထားပါတယ်။ အဲဒီထဲကမှ သုံးပုံတစ်ပုံကိုတော့ မှာယူထားပြီးပါပြီ။
HALက အရင်ဆုံး ထုတ်လုပ်ထားတာက Mk-1 ပါ။ သူ့နောက်မှာတော့ Mk-1A နဲ့ Mk-2 တို့လိုက်လာပါလိမ့်မယ်။ အဲဒီအမျိုးအစားနှစ်မျိုးက နည်းပညာနဲ့စွမ်းဆောင်ရည်ပိုင်းမှာ Mk-1 ထက်သာလွန်လာမှာပါ။
HAL အနေနဲ့ ဘန်ဂါလူရူမှာရှိတဲ့ စက်ရုံတစ်လုံးတည်းကနေ Mk-1A အမျိုးအစား အပေါ့စား တိုက်လေယာဉ် ၁၆ စင်းကို နှစ်စဉ်ထုတ်လုပ် နိုင်စွမ်းရှိပါတယ်။
နာရှစ်မှာရှိတဲ့စက်ရုံကနေ ထုတ်လုပ်နိုင်စွမ်းကိုပါ ပေါင်းလိုက်မယ်ဆိုရင် တစ်နှစ်ကို တိုက်လေယာဉ် ၂၄ စင်းအထိ ထုတ်လုပ်နိုင်မှာပါ။
အိန္ဒိယလေတပ်က ပထမဆုံးသော Mk-1A အမျိုးအစား တိုက်လေယာဉ်ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ စတင်လက်ခံရရှိမှာပါ။ ကျန်ရှိတဲ့ ၈၃ စင်းကိုတော့ ၂၀၂၈ ခုနှစ်မှာ လက်ခံရရှိမှာဖြစ်ပါတယ်။
အိန္ဒိယလေတပ်အနေနဲ့ နိုင်ငံအနောက်ပိုင်းရှိ လေတပ်စခန်းများမှာ အပေါ့စား တိုက်လေယာဉ်များကို ဖြန့်ကြက်အသုံးပြုကာ ပါကစ္စတန်နဲ့ ပတ်သက်ပြီး တိုက်ပွဲဝင်အသင့်ရှိမှုကို တိုးမြှင့်မှာဖြစ်ပါတယ်။
အခုလိုမျိုး စွမ်းဆောင်ရည်မြင့် တိုက်လေယာဉ်တစ်စင်းကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်နိုင်ခြင်းဟာ ပြည်တွင်းဖြစ် တိုက်လေယာဉ်အရေအတွက် အများအပြားကို မျှော်လင့်နေတဲ့ အိန္ဒိယလေတပ် အတွက်သာမက ပြည်ပကိုတင်ပို့ခြင်းအားဖြင့် ဝင်ငွေရှာဖွေလိုတဲ့ အိန္ဒိယနိုင်ငံအတွက် မျှော်လင့်ချက်တွေ အမှန်တကယ်ဖြစ်လာခြင်းပါပဲ။
အထူးသဖြင့် တိုင်းပြည်ရဲ့ဝေဟင်ပိုင်နက်ကို ကာကွယ်နေတဲ့ အိန္ဒိယလေတပ်ကတော့ ပြည်တွင်းကနေ ထုတ်လုပ်လိုက်တဲ့ တိုက်လေယာဉ်များကို မောင်းနှင်ကာ ဂုဏ်ယူမော်ကြွားနေမှာ အမှန်ပဲဖြစ်ပါတယ်။