သန္တိသုခငြိမ်းချမ်းစွ မာရဝိဇယ ဖူးမြော်ကြ
ရာသီဥတုက သာယာလှပသော နံနက်ခင်း ကျွန်မတို့အဖွဲ့ လန်းဆန်းတက်ကြွနေကြ၏။
ခရီးမသွားရတာကြာပြီမို့ အဖွဲ့သားများ စုရပ်မှာလူစုရင်းပျော်ရွှင်စွာ နံနက်စောစောစာကိုစားသုံးလိုက်ကြသည်။ ရန်ကုန်က ထွက်ခွာတော့ ၇ နာရီကျော်ပြီ။ လမ်းမှာ လိုက်ပါမည့်သူများကို ကားဖြင့်လှည့်လည်ကြိုပြီး နေပြည်တော်သို့ဦးတည် ခရီးစဉ်စခဲ့သည်။
တန်ဆောင်တိုင်ရုံးပိတ်ရက် ကာလတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရန် မိသားစုလိုက်၊ အဖွဲ့လိုက်၊ ဌာနဆိုင်ရာဝန်ထမ်းများပါ မကျန် လာရောက် ဖူးမြော်နေကြပြီဖြစ်ရာ ကျွန်မတို့အဖွဲ့လည်း ပါဝင်သည်။
လမ်းခရီးကားပေါ်မှာ တစ်ဦးနှင့်တစ်ဦး စကားဖလှယ်ကြရင်း ၁၁၅ မိုင်အရောက် နံနက်ခင်းစာစားကြသည်။ မကြာမီ သိပ်မဝေးတော့သော နေပြည်တော်သို့ ရောက်ပေတော့မည်။ အများနှင့်သွားသည့် ခရီးဖြစ်၍ လမ်းမှာ ယာဉ်အန္တရာယ်မရှိအောင် ပုံမှန်ယာဉ်သတ်မှတ်ချက်မိုင်အတိုင်း မောင်းနှင်ခဲ့၍ ဘေးကင်းစွာ တည်းခိုမည့် ဘုန်းကြီးကျောင်းရောက်တော့ မွန်းလွဲ ၂ နာရီခွဲဖြစ်နေပြီ။ အစီအစဉ်အရ ခေတ္တနားကြပြီး ရေချိုးကာ မိမိတို့သွားလိုသည့် ဘုရားကြီးဖူးရန် ပြင်ဆင်ကြသည်။
ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်၌ တည်ထားပူဇော်အောင်မြင်တော် မူခဲ့သည့် ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံး ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ခမ်းနားထည်ဝါသော မုခ်ဦးအဝကပင် ဖူးမြော်တွေ့မြင်နေရသည်။ လိုအပ်သော ဝင်ခွင့်ကတ်ပြားများ ဝတ်ဆင်ကြပြီး အသက်အရွယ်ကြီးရင့်သူများအတွက် Buggy ကားလေးများဖြင့် စီစဉ်ပေးထားရာ အဆင်ပြေလှသည်။ စိမ်းလန်းစိုပြည် လှပနေသော ရှုခင်းများနှင့် လက်ရာမြောက်သော သာသနိက အဆောက်အအုံများက ဆီးကြိုလျက်ရှိသည်။
ဘုရားကြီးတည်စဉ်ကပင် သဒ္ဓါပေါက်၍ ကျွန်မနိုင်သလောက် လှူဒါန်းခဲ့ပြီးဖြစ်သော်လည်း ဘုရားအနေကဇာတင်ပြီး ဖွင့်လှစ်ချိန် သေချာစွာဖူးမြော်လို၍ လာရောက်ခြင်းဖြစ်သည်။ တီဗွီဖန်သားပြင်မှာ တည်ဆောက်ပုံ အဆင့်ဆင့်တွေ့မြင် နားထောင်ရသော်လည်း ကိုယ်တိုင်ဘုရား အရိပ်ခိုချင်သေးသည်။ မိမိဘဝတွင် ချင်းတောင်တန်း၌ တောင်တန်းသာသနာပြု အဖွဲ့နှင့် ထီးတော်တင်လှူဖူးသည်။ ရှေးဟောင်းဘုရား ပေါ်လာသည့် မတ္တရာမြို့နယ်တွင် ဘုရားပြင်ဆင်ရန် လှူဒါန်းဖူးသည်။ ဘုရားအသစ် မလှူဖူးသေး၍ လှူလိုသည်။ ကိုယ်တိုင်ဘုရားအသစ် တည်ရန်ကိစ္စမှာ တာဝန်ကြီးဖြစ်သည့်အပြင် မိမိတို့ဘာသာတရား အလိုအရ ဘုန်းကံကြီးမား ပါရမီစွမ်းအား မြင့်မားရန်အပြင်တည်ဆောက်ရန် ငွေကြေးမှအစ လိုအပ်ချက်များပြည့်စုံရန် အရေးကြီးသည်။
ထို့ကြောင့်လည်း ဘုရားအသစ် တည်သည့်အချိန် ကြုံကြိုက်သည်ဖြစ်၍ ပါဝင်လှူဒါန်းဖြစ်ခဲ့သည်။
ဦးဆောင်ဦးရွက်ပြုသူများ၏ စွမ်းအားပူးပေါင်း ဆောင်ရွက်ခြင်းများဖြင့် ဂုဏ်ယူစရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ ပေါ်ထွန်းခဲ့ရပြီဖြစ်သည်။ အဝင်ပေါက်မှ လျှောက်လှမ်းရင်း အေးချမ်းခြင်းနိမိတ်ဆောင်သော ရေကန်တော်ကြီးအလှ၊ သုဓမ္မာဇရပ်များက လှပတင့်တယ်ခြင်းဖြင့် ဆီးကြိုလျက်ရှိ၏။
ကြည်ညိုသပ္ပာယ်လှသော ပြုံးတော်မူနေသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်ကို ဖူးတွေ့ရပါပြီ။
လှေကားထစ်များကတစ်ဆင့် တက်လှမ်းသူများ၊ စက်လှေကားက တက်ရောက်သူများသည် ဖြူဖွေးသန့်စင်လှပသော စကျင်ကျောက်များ ခင်းကျင်းထားသည့် ဘုရားကြီးရင်ပြင်တွင် အပြည့်ဖြစ်နေပြီ။
အနီးကပ် ဖူးတွေ့ရသည့်အခါတွင် ငြိမ်းချမ်းခြင်း သန္တိသုခသည် ရင်တွင်ကပ်ငြိလာ၏။
ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်များကို နှုတ်ကရွတ်ဆိုရင်း သရဏဂုံတည်လျက် နိဗ္ဗာန်သို့ ရည်မှန်းဆုတောင်းမိသည်။
အောင်မြေမှသည် ကြည်ညိုသဒ္ဓါပွားရင်း လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတပ္ပတည်းဟူသော မာရ်များကို အောင်နိုင်တော်မူခဲ့သော ဘုရား၏ဂုဏ်ကျေးဇူးကို အဖန်ဖန် အောက်မေ့ရန် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက ပြုံးတော်မူလျက် သတိပေးနေပါသည်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဟူသည့် အမည်နာမသည် မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ် အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော်မူသော မြတ်စွာဘုရားဟု အဓိပ္ပာယ်ဖြစ်ကြောင်း သိရပါသည်။
ဘုရားဖူးနေသော ပြည်သူအပေါင်းတို့သည်လည်း မြန်မာပြည်အနှံ့ လာရောက်ကြသူများ ဖြစ်ကြသော်လည်း ပင်ပန်းခြင်းမရှိ၊ ပျော်ရွှင်အေးချမ်းခြင်း၊ သဒ္ဓါပီတိဖြစ်ခြင်းနှင့် ကျေနပ်ခြင်းခံစားမှုများ ဖြစ်ပေါ်ကာ လှူဒါန်းလျက်ရှိနေကြသည်။ ဗိသုကာလက်ရာမြောက်သော ပညာရှင်ကြီးများ လက်စွမ်းပြ သာသနိက အဆောက်အအုံများကို လှည့်လည်ကြည့်ရှုခွင့် ရခဲ့သည်။
ဗုဒ္ဓဝင်ဇာတ်တော်များဖြင့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို လိုက်နာကြရန် ၂၄ ပစ္စည်းကို တစ်ခုချင်း ရှင်းပြထားသော ပန်းချီကားများ၊ ဂန္ဓကုဋိတိုက် ၂၄ ဆောင်၊ ကျောက်စာရုံ စေတီတော်များကိုလည်း အံ့မခန်းတွေ့ရသည်။ ပိဋကသုံးပုံ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို ပါဠိ၊ ရိုမန်ဘာသာဖြင့် ထွင်းထုထားသည်မှာ လေ့လာမှတ်သားစရာ အချိန်ယူဖတ်သင့်သော နေရာလည်းဖြစ်သည်။
ညနေစောင်းတိမ်တောက်သည့်အချိန် ရောင်စုံခြယ်သသော တိမ်ပန်းချီအလှသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပိုမိုကြည်ညိုသဒ္ဓါပွားအောင် နောက်ခံ မိုးကောင်းကင်အလှဖြင့် စွမ်းဆောင်ပေးလျက်ရှိသည်။ ကျောက်စာရုံစေတီတော်၊ သုဓမ္မာဇရပ်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ရေပန်းအလှများဖြင့် အဖွဲ့ဝင်များနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ လှူဒါန်းသမျှအစုစုတို့ကိုလည်း သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး ထိုးရင်း အမျှဝေခဲ့သည်။
ကြည်လင်သာယာသော မုစလိန္ဒအိုင်၊ မြင့်မားသပ်ရပ်သော တံခွန်တိုင်၊ လှပသော မင်္ဂလာတံတား၊ ဗောဓိပင်၊ အင်ကြင်းပင်နှင့် လင်းလွန်းပင်တို့၏ သာယာရှုမောဖွယ်စုံလင်လှသောဗုဒ္ဓ ဥယျာဉ်တော်သည် ခမ်းနားထည်ဝါပြည့်စုံလှ၏။
ကဗျာဉာဏ်ကွန့်မြူးသော စာရေးဆရာကြီး “ ကျော်စောဟန်” က “ဗုဒ္ဓဥယျာဉ်သာ ဂန္ဓကုဋိဇရပ်သိမ်ကျောင်း ခေါင်းလောင်းနှင့် ဗောဓိပင် လင်းလွန်းပင် အင်ကြင်းတော သာမောစုံလင် မုစလိန္ဒ ကန်ကြည်လင် ရှိခိုးဦးတင် နဂါးရုံဘုရား တံခွန်တိုင်မြင့်မြင့်မား ကူးကြမယ် မင်္ဂလာတံတား ဂြိုဟ်ပြေနံပြေစုံ ရေသပ္ပာယ်သဒ္ဓါပွား ဖူးကြအများ “ လို့ ရေးဖွဲ့ခဲ့သော ကဗျာတစ်ပိုဒ်ကို သတိရလိုက်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြေတွင် ပရိတ်ပဋ္ဌာန်းရွတ်ဖတ် ပုတီးစိပ်တရားမှတ် ဆုတောင်းရင်း ထပ်မံလာရောက် လှူဒါန်းဖူးမြော်လိုစိတ် အခါခါဖြစ်ပေါ်မိသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော် ကာလအတွင်း နိုဝင်ဘာလ ၂၆ ရက်(တန်ဆောင်မုန်းလဆန်း ၁၄ ရက်) ညပိုင်းတွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရေပန်းရင်ပြင်တော်၌ ရက်ကန်းစင်ကိုးစင်ဖြင့် မသိုးရွှေကြာသင်္ကန်း စတင်ရက်လုပ်ပြီး နိုဝင်ဘာလ ၂၇ ရက်(တန်ဆောင်မုန်းလပြည့်နေ့) နံနက်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ကပ်လှူပူဇော်မည်ဖြစ်သည်။
ပွဲတော်ကာလအတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့် မြင်ကွင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ကြက်ပျံမကျစည်ကားနေသည့် တန်ဆောင်တိုင်ပွဲတော်ကြီးပင်ဖြစ်ပါသည်။
ဒါ့အပြင် ညဘက်တွင်လည်း ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း ရောင်စုံအလှမီးများ တပ်ဆင်ပူဇော်ထားသောကြောင့် ဘုရားပရိဝုဏ် တစ်ခုလုံးလင်းထိန်ကာ အလွန်ပင် သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းရောင်းချခြင်း၊ဘုရားဖူးလာ ကလေးသူငယ်များအတွက် ချားရဟတ်စသည့် ကလေးကစားကွင်းများဖြင့် ပွဲတော်ကာလအတွင်း စီစဉ်ဆောင်ရွက်ထားသောကြောင့် ဘုရားဖူးလာပြည်သူများ အတွက် စိတ်အပန်းပြေစေကာ ဘုရားလည်းဖူးရင်း လည်ရင်းပတ်ရင်းဖြင့် အချိန်ကုန်မှန်းမသိ ကုန်ခဲ့ရပါသည်။
မတ်စွာဘုရားအား မသိုးသင်္ကန်း ကပ်လှူခြင်းကို တန်ဆောင်မုန်းလပြည့်နေ့တွင် ဆောင်ရွက်ကြသည်။
မသိုးသင်္ကန်းနှင့်ပတ်သက်၍ မသိုးသင်္ကန်း ရက်လုပ်ရာတွင် အစိတ်အပိုင်းအားဖြင့် အဆင့်ဆင့်ဆောင်ရွက်ရသည်။
မသိုးသင်္ကန်းရက်လုပ်ဆောင်ရွက်ပုံ အဆင့်ဆင့်မှာ (၁၅)ပိုင်းမျှရှိသည်။ (၁)နေဝင်သည်နှင့် တစ်ပြိုင်နက် ဝါကြဲရခြင်း၊ (၂) ဝါကောက်ရခြင်း၊ (၃)ကောက်ပြီး သားဝါကိုဖန်ရခြင်း၊ (၄)ဖန်ပြီးသားဝါကို ကြိတ်ရခြင်း၊ (၅) ကြိတ်ပြီးသားဝါကို ဖတ်ရခြင်း၊ (၆) ဖတ်ပြီးသားဝါကို ဗိုင်းတောင့်ဖြစ်အောင်ပြုလုပ်ရခြင်း၊ (၇) ပြုလုပ်ပြီးဗိုင်းတောင့်ကို ချည်မျှင်ဖြစ်အောင်ရစ်ငင်ရခြင်း၊ (၈)ငင်ပြီးသားချည်မျှင်ကို ချည်ခင်ဖြစ်အောင် ချားဖြင့်သေ့ရခြင်း၊ (၉)သေ့ပြီးသားချည်မျှင်ကို လိုရာအရောင်ဆိုးရခြင်း၊ (၁၀) ရှင်းလင်းအောင်ဖြီးရခြင်း၊ (၁၁) ဖြီးပြီးသားချည်မျှင်ကို တညင်းလုံးသို့ ကူးပြောင်းချယူရခြင်း၊ (၁၂) တညင်းလုံးမှ ရက်ကန်းရှယ်ရခြင်း၊ (၁၃)ရှယ်ပြီးမှ ရက်ကန်းစင်တွင်တင်ရခြင်း၊ (၁၄) ရက်ကန်းရက်ရာတွင် လက်မြန်သူသာရက်ရခြင်း၊ (၁၅) ရက်ပြီးမှ သင်္ကန်းဖြစ်အောင် ချုပ်ရခြင်းတို့ဖြစ်သည်။
ထို့ကြောင့် သင်္ကန်းတစ်ထည် ရက်လုပ်ရာတွင် အဆင့်ဆင့်ရက်လုပ် ပူဇော်ရသဖြင့်အချိန်ပေးရသည်။
ရရှိလာသောသင်္ကန်းကို မြတ်စွာဘုရားရှင်အား ကပ်လှူပူဇော်ရသဖြင့် မွန်မြတ်သော အလှူဒါနဖြစ်ပါသည်။
နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ အပြိုင်အဆိုင် ကျင်းပနေသည်မှာ မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲဖြစ်သည်။ မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲကို ပျော်ပျော်ပါးပါးညလုံးပေါက် ကျင်းပသည်။ ညလုံးပေါက် အားပေးသူပရိသတ်ကလည်း များပြားသည်။ ပြိုင်ပွဲစသည်နှင့် ရက်ကန်းရက်သူလေးများက အပြိုင်အဆိုင်ရက်ကြသည်။ အားပေးနေသောဆိုင်းသံ၊ ဗုံသံ၊ ဒိုးပတ်၊ အိုးစည်သံများကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည့် မြန်မာ့ရိုးရာ ပွဲတော်တစ်ခုဖြစ်ပါသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများ အခက်အခဲမရှိအောင် စောင့်ရှောက်ပေးလျက်ရှိသော အဖွဲ့များ၊ ကူညီဆောင်ရွက်ပေးနေသော ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး ယာဉ်မောင်းနှင်သူများဖြင့် အဆင်ပြေစွာ ဘုရားဖူးနိုင်ခဲ့သည်။
တည်းခိုသည့်နေရာသို့ အဖွဲ့နှင့်အတူပြန်လည် လိုက်ပါရင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာအောင် ကြိုးပမ်းစွမ်းဆောင်ပေးခဲ့သော ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တကွ တည်ဆောက်ရေး လုပ်ငန်းခွင်မှ ပညာရှင်များ၊ အကြံဉာဏ်အားဖြင့် သာသနာပြုပါဝင်ခဲ့သော သြဝါဒါစရိယ ဆရာတော် သံဃာတော်ကြီးများ၊ ဝန်ထမ်းများ၊ သဒ္ဓါပြည့်စုံစွာလှူဒါန်းကြသော စေတနာရှင် အလှူရှင်များကို မေတ္တာပို့သရင်း ကောင်းမှုကုသိုလ်၏ စွမ်းအားသည် ပြုသူနှင့်တကွ လူသားအားလုံးကို ငြိမ်းချမ်းစေရန် စွမ်းအားကြီးမားစေကြောင်း တွေးမြင်ပီတိဖြစ်ရပါတော့သည်။
“ကောင်းမှုပြုသောသူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။ နောင်ဘဝ၌လည်း ဝမ်းမြောက်ရ၏။ ပစ္စပ္ပုန်တမလွန်နှစ်တန်သော ဘဝတို့၌ဝမ်းမြောက်ရ၏။ ထိုသူသည် မိမိပြုပြီးသော ကောင်းမှုကံကိုမြင်၍ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏”။ ။