တန်ဆောင်မုန်း
တန်ဆောင်မုန်းလကို ပုဂံခေတ်ထိုးကျောက်စာများတွင် “တန်ဆောင်မှုန်” ဟု ဝိသဇ္ဇနီ (ဝစ္စပေါက်) မပါဘဲ ရေးထိုးကြ၏။ “တန်ဆောင်မုန်း၊ တန်ဆောင်မှုန်း” အရေးအခေါ်နှစ်ရပ် ကွဲပြားသော်လည်း သဘောတူပင်ဖြစ်လေသည်။ အင်းဝခေတ်လောက်တွင် “တန်ဆောင်မုန်း: ဟု “မှုန်း”တွင် ဟထိုးဖျောက်၍ ရေးလာကြ၏။ ပုဂံခေတ်က ရေးခဲ့သော “ဖုရှား” “နှံပဲပင်” ဟု ရေးသော ဝေါဟာရအချို့တွင် “ရှား” “နှံ”တို့၌ ဟထိုးဖျောက်ကာ “ ဖုရား” “နပဲပင်” ဟု ရေးလာကြလေသည်။
တန်ဆောင်တွင် “တန်” ပုဒ်သည် တန်လှပ်၊ တန်လျှပ်၊ သက်တန် ဆိုသည့် သဘောသွား၊ တန်နှင်ကနွေ (တနင်္ဂနွေ)၊ တန်နှင်လာ (တနင်္လာ) ကဲ့သို့သော နေနေ့ဟော၊ အရောင်အလင်းရောင်ဟော “တန်” ပုဒ်နှင့် အလားတူဖြစ်ကြောင်းကို တရုတ်၊ တိဗက်၊ စီးယင်ချင်း၊ မွန်၊ ပလောင်၊ တင်ခုလ်နာဂ၊ လိုင်နာဂ စသည့် လူမျိုးစုများ၏ ဝေါဟာရများနှင့် ဆက်စပ်၍ “အလင်းရောင်” ဟုအဓိပ္ပာယ်ရသည်။
“ဆောင်” ပုဒ်မှာ သယ်ဆောင်၊ ယူဆောင်၊ ထမ်းဆောင်၊ ရွက်ဆောင်၊ လက်ဆောင် စသည်တို့ကဲ့သို့ “သယ်ပိုးထမ်းရွက်ယူငင်” သည်ဟူသော အဓိပ္ပာယ်ရသည်။
“မှုန်း” ပုဒ်သည် ချေမှုန်း၊ ဖျက်မှုန်း၊ နှမ်းပဲမှုန်းစသည်ကဲ့သို့ ချေဖျက်ခြင်းသဘော နံ့သာမှုန်း၊ ပန်းချီဆေးမှုန်း စသည်တို့တွင် သုံးသကဲ့သို့ ပွားများခြင်း သဘောဆောင်ကြောင်းကို လူမျိုးစုများ၏ ဝေါဟာရ အသုံးအနှုန်းများနှင့်လည်းကောင်း၊ ပျို့ကဗျာလင်္ကာများမှ ဝေါဟာရအသုံးအနှုန်းများကို ကိုးကား၍လည်းကောင်း
“...ထို့ကြောင့် တန်ဆောင်မှုန်းလ၊ တန်ဆောင်မုန်းလ ၏အနက် မီးရှူး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလ၊ ထွန်းညှိသောလ၊ မီးထွန်းလ” ဟု ဆရာကြီး ဦးဖိုးလတ်က ဖွင့်ဆိုထားပေသည်။
ဝေါဟာရ လီနတ္ထဒီပနီကျမ်းပြု လှေသင်းအတွင်းဝန် ဦးခြိမ့်နှင့် ဆရာကြီးဦးဖိုးလတ် တို့၏အဆိုမှာ တချို့လ ဝေါဟာရများ သဘောကြံဆမှုတွင် ကြိုက်ညီသည်ကို တွေ့ရပေသည်။
ကထိန်။ ။ ဗုဒ္ဓလက်ထက်တော်အခါက ပါဝေယျတိုင်းသားဖြစ်သော ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်ကို အကြောင်းပြု၍ ကထိန်ဖြစ်ပေါ်လာလေသည်။ ဗုဒ္ဓဘုရားရှင် တစ်ဝါရတွင် ဗာရာဏသီပြည်မှ ဥရုဝေလတောသို့ တစ်ပါးတည်း ဒေသစာရီကြွချီခဲ့စဉ်က လမ်းခရီးအကြားရှိ ကပ္ပါသိကမည်သော တောအုပ်၌ အပန်းဖြေနေစဉ် ထိုညီနောင်သုံးကျိပ်နှင့် တွေ့လေသည်။ ထိုအထဲတွင် ၂၉ ယောက်မှာ အတွဲစုံညီ ဒွိယံဒွိယံဖြစ်သော်လည်း တစ်ဦးမှာမူ အဖော်မရှိ၍ အပျော်တွဲရန် (ပြည့်တန်ဆာ)ကို ခေါ်ယူခဲ့၏။ ထိုပြည့်တန်ဆာက သူတို့အလစ်တွင် ပစ္စည်းများကို ခိုးယူထွက်ပြေးသွား၏။ ထိုပြည့်တန်ဆာကို ရှာဖွေနေကြစဉ် ဘုရားရှင်နှင့် တွေ့ဆုံခြင်းဖြစ်သည်။ ဘုရားရှင်က အကျိုးအကြောင်း သိရှိရသောအခါ “ကိုယ့်ဘဝကို ကိုယ်မရှာကြဘဲကိုး” ဟု သြဝါဒခြွေတရားဟောရာမှ တရားရကာ အားလုံး ဧဟိဘိက္ခုရဟန်းအဖြစ်ခံယူ၍ တိစီဝရိတ် (သင်္ကန်းသုံးထည်သာ ဆောင်ခြင်း)စသော ဓူတင်တို့ကို ကျင့်ဆောင် နေကြကုန်၏။
ကာလအတန်ကြာသော် ဘဒ္ဒဝဂ္ဂီရဟန်းတို့သည် ဘုရားရှင်အားဖူးမြော်ရန် ပါဝါမြို့မှ သာဝတ္ထိပြည်သို့ ကြွလာကြရာ ဝါမဆိုမီ မရောက်နိုင်ကြ၍ ကြားဒေသဖြစ်သော သာကေတမြို့၌ ဝါကပ်ကြရ၏။ သာကေတမြို့နှင့် သာဝတ္ထိမြို့ကား ၆-ယူဇနာ (၄၈ မိုင်)ခန့် ကွာဝေး၏။ သီတင်းဝါလကျွတ်သော အခါမှ တစ်ဆင့်သွားကြရ၏။ ရှေးကဟောစာတွင်- “ပဝါရဏာပြုကြပြီး၍ သာဝတ္ထိသို့ ခရီးဆက်ကြကုန်ရာ လမ်းခရီး၌ တိမ်လွှာယှက်ရုံ၊ ပဇ္ဇုန်ဆူလိုက်၊ ခြိမ်းရိုက်ထက်ကြိုး၊ သည်းထန်စွာရွာသွန်းသော မိုးကြီးနှင့်တွေ့၊ ရွှံ့ညွန်ရေပြွမ်း ခရီးကြမ်း၌၊ သင်္ကန်းစိုရွှဲ၊ ဆင်းရဲလှစွာ၊ ရောက်လာကြရာ ယင်းသို့ ရွှံ့နှစ်ညွန်စေး၊ ညစ်ကြေးစွဲကပ်သော သင်္ကန်းများဖြင့် လမ်းပန်းမကောင်း၊ ညွန်ပြောင်းထူပြော၊ ရွှံ့ရေပေါ၍ ပန်းမောခွေယိုင် အနိုင်နိုင်အားခဲ၍လာခဲ့ကြရာ...”
ဟူသော ဗုဒ္ဓဝင်ဟောစာမှာကဲ့သို့ သင်္ကန်းဟောင်းနွမ်းဝတ်ရုံရာ အဆင်မပြေမှုများကိုအကြောင်းပြု၍-
( ၁ ) အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကိုထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းသွားနိုင်ကြပါစေ။
(၂ ) သင်္ကန်းရှားပါးနွမ်းပါးခြင်းမှကင်းကြပါစေ စသောရည်ရွယ်ချက်တို့ဖြင့် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူရာမှ ကထိန်ခင်းခြင်း (ခ) ကထိန်ပွဲတော် ဖြစ်ပေါ်လာလေသည်။(ဝဇီရဗုဒ္ဓိဋီကာဆရာဖွင့်ဆိုချက်အရ အဇာတသတ်မင်းလက်ထက် ဘုရားရှင် ၃၇-ဝါကျော် ဥရုဝါ ကျောင်းတွင် သီတင်းသုံးနေတော်မူစဉ် ကထိန်ပွဲတော်ဖြစ်ပေါ်လာကြောင်းလည်း တွေ့ရ)
ကထိန်ဆိုသည်မှာ ကထိနပါဠိဘာသာမှ ပါဠိပျက်အဖြစ်သုံးကာ (ကထိန=ကထိန်) ဟု သုံးခြင်းဖြစ်၏။ မြန်မာလို “ ကောင်း၏” ၊ “ ကောင်းခြင်း” ဟု ချီးကျူးသြဘာထောမနာ ပြုသော ဝေါဟာရဖြစ်၏။ သင်္ကန်းအဝတ်ကို ဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ခင်းခြင်း စသည့် ကထိန်မှုနှင့် စပ်သမျှအရာများကိုခြုံ၍ ခေါ်ဝေါ်သော ဝေါဟာရ ဖြစ်လေသည်။
ကထိန်သည် ကာလဒါနမျိုးဖြစ်သည့်အပြင် ဝိနည်းကံနှင့်အညီ လှူဒါန်းရသည်။ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလတွင်သာ လှူဒါန်းရသော အလှူဖြစ်ပေသည်။
ကထိန်ခင်းထိုက်သောသင်္ကန်း ကထိန်လှူဒါန်းနည်း၊ ကထိန်အကျိုးအာနိသင်၊ ကထိန်သင်္ကန်းရရှိသော ရဟန်းတော်၏ အခွင့်အရေး စသည်ဖြင့်ကျယ်ပြန့်လှပေ၏။ ရှေးခေတ်က ကထိန်ခင်းသောအခါ ကထိန်အမေးအဖြေ ပြုကြရ၏။ ထိုအမေးအဖြေကို ရေးသားပြုစုသော ဆရာတော်မှာ “ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝနှင့်သုဉ်းရပြန်လှစ်၊ သုညခေတ်တွင်၊ ဖြစ်လာရပေ၊ တို့တစ်တွေသည်၊ သေသော်မှတည့်သြော် ကောင်း၏” ဟု ရေးခဲ့သော ဆီးပန်းနီ ဆရာတော်ဖြစ်ပေသည်။ ကထိန်အမေးအဖြေ အခြားမူများ ရှိသော်လည်း ဆရာတော်၏ အမေးအဖြေမှာ သာမန်လူများ နားလည်လွယ်၍ အသုံးများပေသည်။
မသိုးသင်္ကန်း။ ။ ဘုရားရှင်လက်ထက်က သံဃာတော်များကိုယ်တိုင် သင်္ကန်းများကို ချုပ်ဆိုးကြရသည်။ ကထိန်ခင်းရန်အတွက် လှူဒါန်းသော သင်္ကန်းကို ညသိပ်သိမ်းဆည်း မထားဘဲ လှူဒါန်းသည့်နေ့ အရုဏ်မတက်မီအတွင်း သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုကိစ္စများ ပြီးစီးအောင် လုပ်ဆောင်ရသော သင်္ကန်းကို မသိုးသင်္ကန်းဟု ခေါ်လေသည်။ ထိုသင်္ကန်းချုပ်ဆိုးမှု နောက်တစ်နေ့ အရုဏ်တက်ကျော်သွားပါက (ထမင်းဟင်းစသော အစားအစာများကို အချိန်မီမစားဘဲ အချိန်လွန်သည်အထိ ညသိပ်ထားသဖြင့် သိုးသွားသည့်အခါ ထမင်းသိုး၊ ဟင်းသိုး စသည်ဖြင့် ခေါ်ဆိုသကဲ့သို့)ပြုလုပ်ဆဲ သင်္ကန်းသည် သိုးသွားတော့သည်။ ထို့ကြောင့် မသိုးမီ အချိန်မီပြုလုပ်ရသော သင်္ကန်းကို မသိုးသင်္ကန်းဟု ခေါ်ကြလေသည်။
ပိဋကတ်တော်တွင်လာသော ထိုနည်းနှင်နှင် အကြောင်းအရာမှာ ကာဠုဒါယီ အမတ် ဂါထာ-၆၀ လျှောက်ထားချက်အရ ဗုဒ္ဓဘုရားရှင် ကပိလဝတ် ရွှေနန်းတော်သို့ ကြွမြန်းလာသောအခါ မိထွေးတော် ဂေါတမီက ကိုယ်တိုင်သင်္ကန်းကို ချုပ်ဆိုးရက်လုပ်၍ သားတော်ကို ကပ်လှူမည့်အကြံဖြစ်ပြီး ဒုတိယအကြိမ် ကြွရောက်သောအခါ လှူဖြစ်ခဲ့ကြောင်းကို တွေ့ရပေသည်။ (ဥပရိပဏ္ဏာသပါဠိတော်-အဋ္ဌကထာ-ဒက္ခိဏဝိဘင်္ဂသုတ်) သို့သော် ထိုအချိန်တွင် ကထိန်သင်္ကန်းအလှူကို ဗုဒ္ဓဘုရားရှင် ခွင့်ပြုတော်မမူသေးပေ။ ထို့ကြောင့် ကထိန်နှင့် ဆက်နွှယ်နေသော မသိုးသင်္ကန်းသည်လည်း မပေါ်ပေါက်လာသေးပေ။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားလာသော အခါသာသနာကို လေးစားကြည်ညို မြတ်နိုးသည့် ရှေးမြန်မာဘုရင်များသည် မိထွေးတော်ဂေါတမီ သင်္ကန်းစီစဉ်သကဲ့သို့ မသိုးသင်္ကန်းရက်လှူပွဲကို တီထွင်ဖန်တီးခဲ့ကြဟန် တူပေသည်။ ထို့ကြောင့် မသိုးသင်္ကန်းလှူရာတွင် သံဃာတော်ကိုလှူခြင်း မဟုတ်ဘဲ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကိုသာ လှူခြင်းဖြစ်ပေသည်။ မသိုးသင်္ကန်း ရက်လုပ်မှုနှင့် ဆက်စပ်၍ ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး တတိယတွဲတွင် အကျယ်တဝင့် တွေ့နိုင်ပေသည်။ ထိုအကြောင်းအရာမျိုးကိုပင် နယ်လှည့်ရာဇဝင်တွင် - မသိုးသင်္ကန်း ရက်လုပ်စဉ် သူ့ထက်ငါ အပြိုင်အဆိုင်လုပ်ဆောင်ရပုံနှင့် ပျော်ပွဲရွှင်ပွဲကို...
“ ...ညည့်နှစ်ချက်တီး ဗဟိုရ်တော်သံ ကြားသည်နှင့်တစ်ပြိုင်နက် မျိုးစေ့ကြဲမြှောက်၊ ပင်ရောက်ပွင့်သီး၊ လုံးကြီးဝါပေါက်၊ ကောက်ယူမဆိတ်၊ အကြိတ်အဖန်၊ ပြန်လှန်တုံ့ပယ်၊ ရှယ်ခြင်း၊ ရက်ခြင်း၊ ဆိုးခြင်းစုံလင်အစီအရင်တို့ကို မသိုးသင်္ကန်းတော် ကြီးကြပ်ရက်လုပ်သည့် ကတော်မယားတို့ကို လည်း ပုဝါအုပ်၊ ပိတ်အုပ်၊ သက္ကလတ်ခြုံထည်များ သနားတော်မူ၍ ဦးစွာပြီးသူတို့ ရွှေဖလားသနားတော်မူသည်။ မြင်းစုကြီးဝန်မယားမှာ ချည်ခင်ကို နေအိမ်က ဆောင်ယူလာ၍ ထည့်သွင်းရက်လုပ်ရန် မှတ်ထားသည်ကို တွေ့ရသောကြောင့် ရွှေနန်းတော်ကိုလှည့်၍ ဒိုးပတ်နှင့် ကရသည်}} ဟု ဖော်ပြထားလေသည်။
“ ဒိုးပတ်နှင့်ကရရှာတဲ့ မြင်းစုကြီးဝန်မယားကို လှောင်ရင်း၊ ပြောင်ရင်း၊ အင်မတန် ပျော်ရမယ့်ပွဲဖြစ်ပါတယ်။ အဲဒီပွဲနှင့် တစ်ဆက်တည်း တန်ဆောင်တိုင်မီးပွဲဟာလည်း ပျော်စရာပါပဲ။ မီးပြာသာဒ်တွေ ထွန်းညှိပူဇော်ကြရတယ်...” စသည်ဖြင့် ဆရာကြီး ဒေါက်တာသန်းထွန်းက (နယ်လှည့်ရာဇဝင်-စာ-၃၀၈-၃၀၉) တွင် တန်ဆောင်တိုင်ပွဲ သမိုင်းမှတ်တမ်းကို လေ့လာ တင်ပြထားသည်ကို တွေ့ရပေသည်။ ယနေ့တိုင်လည်း မြန်ပြည်တစ်ခွင် တန်ခိုးကြီး ဘုရားစေတီအသီးသီးတွင် တိုင်းနှင့်ပြည်နယ်အလျောက် မသိုးသင်္ကန်း ကျင်းပပြုလုပ်ကြမြဲဖြစ်သည်။
ပံ့သကူ။ ။ တန်ဆောင်မုန်းလ၏ ပွဲတော်ထဲတွင် ပံ့သကူပစ်ပွဲသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါ၏။ ပွဲတော်ဟု သုံးရသော်လည်း လူစုလူဝေးများနှင့် ထင်ထင်ရှားရှား ပြုလုပ်သော ပွဲမျိုးမဟုတ်ပေ။
လူအများကွယ်ရာတွင်ဖြစ်စေ၊ ညအမှောင်တွင်ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာအသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာတို့ ကျင့်စဉ်ထဲတွင် ဓူတင် ၁၃-ပါးဟုရှိ၏။ ထို၁၃ပါးထဲတွင် ပံ့သကူ ဓူတင်သည်လည်း ပါဝင်၏။ စွန့်ပစ်ပြီးသော အဝတ်အထည်ကို မြေမှယူ၍ ချုပ်ဆိုးဝတ်ရုံသော သင်္ကန်းကို (ပံသု=မြေမှုန့်၊ ကု=စက်ဆုပ်ရွံ့ရှာဖွယ်အဖြစ်သို့၊ ဥလ=ရောက်သောအဝတ်ပိုင်း)ပံ့သကူ ဟုခေါ်လေသည်။
ဗုဒ္ဓဝင်ဆိုင်ရာတွင် ပံ့သကူနဲ့ ဆက်စပ်၍ ဘုရားရှင် အရှင်အနူရုဒ္ဓါသီဟိုဠ်ကျွန်း ပံ့သကူပစ်ပွဲစသည်ဖြင့် အခန်းကဏ္ဍအနေနှင့် အကြောင်းအားလျှော်စွာ တွေ့ရပေသည်။ ဗုဒ္ဓမြတ်စွာသည် ပရိနိဗ္ဗာန်မစံဝင်မီ ရှင်မဟာကဿပ တပည့်ကြီး (မဟာသာဝက) အား မိမိ၏ထူးခြားသော ပံ့သကူနှစ်ထပ်သင်္ကန်းကြီးကို ချီးမြှောက်ပေးအပ်တော်မူသော အခန်းကို သီတဂူဆရာတော်ကြီးက ဒဿနဆန်ဆန် ဟောကြားသွားရာ အလွန်မှတ်သား နာယူဖွယ်ရာဖြစ်ရပါ၏။
မြန်မာနိုင်ငံတွင် ပုဂံခေတ် သက္ကရာဇ် - ၅၆၃ ခု ထိုးသင်ကြီးညောင်အုပ်ကျောက်စာ တွင် - ]]ပုရှာလေပြီဧအ်။ ပုထိုပ်လေပြီဧအ်။ က(ဓိ)န် ပင်္သကူလေပြီဧအ်}} (ဘုရားလည်းတည်၏၊ ပုထိုး(စေတီ)လည်း တည်၏။ ကထိန်ခင်း၍ ပံ့သကူလည်း လှူ၏။)ဟူ သောကျောက်စာအရ ပံ့သကူပစ်ကုသိုလ် ပြုသည့် အလှူဖြစ်ကြောင်း သိရပါ၏။
ပုဂံခေတ်နရသူမင်းနှင့် ပံ့သကူမထေရ် ဖြစ်ရပ်သည် မြန်မာ့သမိုင်းစဉ်တွင် ထင်ရှားပါ၏။ ထို့အတူ နရပတေ့စည်သူမင်း လက်ထက်တွင် ပံ့သကူဆောင် ငစွယ်ရှင် ဆရာတော်မှာ ထင်ရှားလှပေသည်။
ဤသို့နှင့် ပံ့သကူဝေါဟာရသည် ခေတ်အဆက်ဆက် တည်ရှိလာရာ နောင်သော ပံ့သကူသင်္ကန်းအဝတ်သာမက အသုံးဆောင် ပစ္စည်းများပါ ပံ့သကူပစ်လှူဒါန်း လာကြလေသည်။ ဥပမာ - သပိတ်ဆိုပါကလဲ ဆွမ်းပါထည့်၍ ပံ့သကူပစ်လှူလာကြတော့သည်။
ယခုအခါ ဘုန်းကြီးကျောင်းကန် ဘုရားတန်ဆောင်းနေရာများရှိ ရဟန်းသံဃာတော်များ အတွက်သာမက လူများအတွက်ပါ မြို့ရွာဒေသလမ်းမ လမ်းသွယ်တို့တွင် တန်ဆောင်မုန်းလပြည့်ည၌ ပံ့သကူပစ်လှူဒါန်း စွန့်ကြဲမှုများ ရှိလာရ
သည်ကို တွေ့ရပေသည်။ “စိတ်က ကြည်စွာ၊ စေတနာဖြင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးလှူခြင်းကား၊ ရခြင်းထပ်သာ၊ လွန်ချမ်းသာ၏”ဆိုသည့်အတိုင်း တန်ဆောင်မုန်းလပြည့်နေ့ည စိတ်ချမ်းမြေ့ကြည်နူးစေသော ကောင်းသော လုပ်ဆောင်မှုဖြစ်ကြပါ၏။
မီးထွန်းပွဲ။ ။တန်ဆောင်မုန်းလမီးထွန်းပွဲတော်သည် ဗုဒ္ဓမပေါ်ထွန်းမီကပင် မဇ္ဈိမ ဒေသတွင် ထွန်းကားနေပြီဖြစ်ကြောင်းကို ဇာတ်တော်များတွင် တွေ့ရပေသည်။
ရှေးယခင်က သီတင်းကျွတ်လမီးထွန်းပွဲထက် တန်ဆောင်တိုင်မီးထွန်းပွဲက ပို၍စည်းကားသိုက်မြိုက်မှု ရှိနေကြောင်းကို မောင်းထောင်ဆရာတော်၏ အမေးတော် ဖြေကျမ်း (သီတင်းကျွတ်လတွင်ဖော်ပြခဲ့ပြီး)အရ သိရပေသည်။
တန်ဆောင်မုန်းလပြည့်နေ့သည် ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ်၍ ပြည့်ဝ၏။
ကြတ္တိကာ နက္ခတ်သဘောမှာ ပေါက်ကွဲစေတတ်သော၊ အလင်းရောင် ကွန့်မြူးသော၊ ပျော်ရွှင်မှုအားလုံး၊ ဆေးဘက်ဆိုင်ရာ စသည့်များကို ညွှန်းဆိုပါ၏။ ထို့ကြောင့် နက္ခတ်ပွဲသဘင် ဆင်ယင်ကျင်းပကြ၏။ ဆေးပေါင်းခသည်ဟု မယ်ဇလီဖူးသုပ် စားကြ၏။
ထိုနက္ခတ်မှာ မိဿရာသီအဆုံးနှင့် ပြိဿရာသီ အစတွင်တည်ရှိ၏။ တာရာကြီး ကိုးလုံးအနက် ကျီးတာရာအဝိုင်းအဝန်းတွင်တည်ရှိ၏။ မုံရွေးဆရာတော်၏ အာကာသ သျှတ္တရကျမ်း တွင် “ကြတ္တိကာကား၊ ခုနှစ်ဖြာမှတ်သား၊ လုံးရေပြား၏၊ ကြက်သားစုမျှ၊ ဓညဝတီ၊ ပြည်အမီ တည့်} ဟုဆို၏။ အရပ်သားအများသိကာမူ ]ဖျောက်ဆိပ်ကြယ်စု} ဟုခေါ်ကြ သိကြ၏။ အနောက်တိုင်း နက္ခတ်ရှင်များကမူ “The Pleiades''” ဟုခေါ်၏။
ထိုကြတ္တိကာ နက္ခတ်ကို “ ဒဟနိ” မီးနတ်က စောင့်သည်ဟု ရာဇမတ္တဏ်ကျမ်းကဆို၏။
ဆန်းအလင်္ကာကျမ်းတွင်လည်း (ရာ=ရဂိုဏ်း၊ မီး=မီးနတ်သား၊ ကြတ်=ကြတ္တိကာနက္ခတ်) ဤသဘောပင်ပြ၏။
ထိုမီးနတ်သားသည် တန်ဆောင်မုန်းလတွင် လူပြည့်သို့နှစ်စဉ် တစ်ကြိမ် ဆင်းမြဲဟုဆို သည်။ ဤသည်ကိုအကြောင်းပြု၍ မီးပူဇော်ပွဲ လုပ်ကြသည်ဟုဆိုပေသည်။ ဤအယူအဆသည် ဤမျှသာခံယူပါက ဒဏ္ဏာရီသာဖြစ်ပေမည်။ ထိုဒဏ္ဏာရီတွင် လုပ်ဆောင်မှုသဘောများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ အများအပြားပင်ရှိပေသည်။
ကမ္ဘာကျော် ဟိတောပဒေသကျမ်းကြီးကို အခြေခံ၍ အသောက အင်ပါယာကြီး ဖြစ်ပေါ်ခဲ့သည့် သမိုင်းရှိခဲ့ပြီ။ ဟိတောပဒေသသည် တိရိစါာန်များ စကားပြောသော ဒဏ္ဏာရီ ပုံပြင်များဖြစ်၏။ ဤတွင်လည်း ကြတ္တိကာနက္ခတ်မီးနတ်သားမှာ ဒဏ္ဏာရီပုံပြင်ဖြင့် (Symbol) သဘောထားများကို ပေးထားသော အကြောင်းအရာများ ဖြစ်သည်ကို သတိမူရာ၏။
ကြတ္တိကာနက္ခတ်ကို အကြောင်းပြု၍ (အချက်အလက်ပါဝင်ခြင်း) ဖျောက်ဆိပ်ပေါ်၊ ဖျောက်ဆိပ်မွန်းတဲ့၊ ဖျောက်ဆိပ်မြေလူး စသည့် သင်္ကြန်တွက်ရိုးများ ဖြစ်ပေါ်လာပေ၏။ ထိုကိုအကြောင်းပြု၍ တောင်သူလယ်သမားတို့၏ စိုက်ပျိုးရေးဆိုင်ရာ၊ မိုးလေဝသဆိုင်ရာများ သိကြရ၏။ ရာသီမသိပန်းနှင့် ညှိကြ၏။
ဖော်ပြပါ မီးနတ်မင်းသည် လူ့ပြည်ကြွလာသောအခါ သူ့မိတ်ဆွေကြီးဖြစ်သော မယ်ဇလီ ပင်စောင့်နတ်မင်းထံမှာ တည်းခိုလေ့ရှိ၏။ ထိုအခါ လူ့ပြည်မှာရှိသည့် နတ်အပေါင်းသည် မယ်ဇလီပင်သို့ လာရောက်၍ နှုတ်ခွန်းဆက်သလာကြ၏။
ယင်းသို့ မီးနတ်ကြီးနှင့်တန်ခိုးကြီးနတ်များဟိတ်ကြောင့် မယ်ဇလီပင်၏ အကိုင်းအခတ် အညွန့်အဖူးတို့သည် ထူးကဲသည့်တန်ခိုးသတ္တိနှင့်ပြည့်စုံသည်ဟု ယူဆကြသည်။ ဆေးပေါင်းခ သည့်အပင် ၉၆-ပါး ဝေဒနာပပျောက်သည်ဟု ယူဆကြသည်။ ဤသည်မှာလည်း မယ်ဇလီ ပင်၏ဆေးအာနိသင်ကို သာရကောမုတိ၊ ဓာတွန္တရီ၊ ‘သဓ ရတနာကရ စသော ဆေးကျမ်း များတွင် ပြဆို၏။ ဤသဘောကို ပုံပြင်အနေနှင့် ရှေးပညာရှင်များက ဖော်ပြခဲ့ကြ၏။ ဤသို့ ရှေးမြန်မာမှုဆိုင်ရာများကို ဒဿနအတွေးဖြင့် ဆင်ခြင်ယူဆ၍ နားလည်ရာ၏။
ထို့အတူပင် ကျီးမနိုးပွဲသည်လည်း ကြတ္တိကာနက္ခတ်ကို အကြောင်းပြု၍ ပေါ်ပေါက် လာသော ပျော်ပွဲရွှင်ပွဲမျိုးဖြစ်သည်။ ကြတ္တိကာနက္ခတ်သည် ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဆူပွက်လှုပ်ရှားလွယ်ခြင်း အကြောင်းခြင်းရာများလည်း ဆက်စပ်ပေသည်။ များသောအားဖြင့် လပြည့်နေ့များသည် ''Super Moon'' အကြောင်းအချင်းရာများကို ဖြစ်စေသည်။
မဟော်သဓာဇာတ်တော်တွင် လပြည့်ည အကြောင်းအချင်းရာကို စိတ်ရောဂါနှင့် ဖော်ပြသော အခန်းကဏ္ဍတစ်ခုရှိသည်။ အနောက်တိုင်း ဆေးပညာတွင်လည်း “Luna=လကိုအခြေခံသော} စိတ်ရောဂါတစ်မျိုးရှိသည် ဟုသိရသည်။ လပြည့်၊ လကွယ် ဥပုဒ်စောင့်ခြင်း စသည်များသည် ထိုလနှင့်ဆက်စပ်သော စိတ်အစဉ်ကို ထိမ်းချူပ်သည့် ဘာသာရေးကျင့်စဉ် ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထိုနက္ခတ်နှင့် ဆက်စပ်သော အကြောင်းအရာများကို ရှေးမြန်မာကြီးများသည် သိခဲ့ကြသည်။ ထိုသည်ကိုအကြောင်းပြု၍ စိတ်ထွက်ပေါက် အနေဖြင့် ကျီးမနိုးပွဲကို ပြုလုပ်ကြသည်ဟု ဝေဒရှုထောင့်မှ သုံးသပ်ကြသည်ကို တွေ့ဖူးသည်။
အထက်ဖော်ပြပါ အကြောင်းခြင်းရာများတွင် ကောင်းသော သဘောကို ဆောင်သော၊ ယဉ်ကျေးမှုကို အထောက်အကူပြုသော၊ အများပြည်သူကို အကျိုးပြုသော အကြောင်းခြင်းရာ မြန်မာမှုများကို သယ်ဆောင်သွားကြပါစို့ဟု နိဂုံးချုပ်အပ်ပါသတည်း။
မောင်လူမွှေး(မြန်မာမှု)