၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူများအနက် အောင်မြင်မှု မရှိသော်လည်း စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ကျောင်းများအလိုက် အခြေခံ ပညာ သင်ယူပြီးမြောက်ခြင်း လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင် ၏ပြောဆိုချက်အရ သိရသည်။
''ဒီလက်မှတ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ကျောင်းတွေကို ပေးပို့ထားပြီးဖြစ်ပါတယ်။ မကြာမီ ကျောင်းတွေကနေ သတ်မှတ်တဲ့ အသုတ်အလိုက် ထုတ်ပေးသွားမှာဖြစ်ပါတယ်'' ဟု ဦးအေးလွင် ကပြောသည်။
အခြေခံပညာ သင်ယူပြီးမြောက်ခြင်း လက်မှတ်များကို ကျောင်းဖြေ ကျောင်းသား၊ ကျောင်းသူများသာ ရရှိနိုင်မည်ဖြစ်ပြီး ပြင်ပမှဖြေဆိုသူများ ရရှိမည် မဟုတ်ကြောင်း သိရသည်။
''သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသား၊ ကျောင်းသူတွေ ဆက်လက် ပညာသင်ယူခွင့် မဆုံးရှုံးစေဖို့နဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို ဆက်လက် သင်ယူသွားနိုင်ဖို့ဖြစ်ပါတယ်'' ဟု ဦးအေးလွင် ကပြော
သည်။
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကိုးသိန်းခန့် ရှိသည့်အနက် နှစ်သိန်းကိုးသောင်းကျော် အောင်မြင်ခဲ့ပြီး အောင်မြင်မှု မရှိသော်လည်း စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများကို သင်ယူပြီးမြောက်
ခြင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအားလုံး အကျုံးဝင်မည်ဖြစ်သည်။
သင်ယူပြီးမြောက်ခြင်း လက်မှတ်ရရှိသူ ကျောင်းသား၊ ကျောင်းသူများသည် အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်းများ၊ GTI ကျောင်းများနှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းများသို့ ဆက်လက် တက်ရောက်ပညာ သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။