၂၂ ဘီးယာဉ်တစ်စီး ရပ်ထားသောယာဉ်ကိုဝင်တိုက်မိရာက တိမ်းမှောက်

ညောင်လေးပင်၊ ယာဉ်တိမ်းမှောက်မှု

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ထော်နွတ်ကျေးရွာအနီး၌ နိုဝင်ဘာ ၂၃ ရက်နံနက် ၃ နာရီခွဲတွင် ၂၂ ဘီးယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ ရပ်ထားသောထော်လာဂျီယာဉ်အား ဝင်တိုက်မိရာက လမ်းဘေးရေမြောင်း အတွင်း  ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၉၀/၆)နှင့် (၉၀/၇) အကြား၌ ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်နေ သန်းဇော်မောင်းနှင်သည့် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်လာသော ယာဉ်အမှတ် MDY 2C/----Nissan အမျိုးအစား ၂၂ ဘီးတွဲယာဉ်သည် လားရာ တူလမ်းဘေးတွင် ရပ်ထားသော ကျောက်တံခါးမြို့ သူဌေးကုန်းရွာနေ ဆန်ဂျိုက်(ခ)ဖက်တီး၏ ၉ဌ/---ထော်လာဂျီယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိပြီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်သွားသည်။ ယာဉ်တိုက်မှုကြောင့် ဆန်ဂျိုက်(ခ)ဖက်တီးတွင် ဒဏ်ရာမရရှိသော်လည်း  သန်းဇော် တွင် ဒဏ်ရာရရှိသဖြင့် ပိန်းဇလုပ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သန်းဇော်အား ပိန်းဇလုပ်နယ်မြေရဲစခန်းက ယာဉ်(ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)