စလေမြို့၌ စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် Jumjel အမှတ်တံဆိပ်ဖျော်ရည်နှင့် မန်ကျည်းဖျော်ရည် လုပ်ငန်းအကြောင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဦးတည်ချက် (၉)ရပ်၏ စီးပွားရေးဦးတည်ချက်တွင် “တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့ အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် အချက်ပါဝင်ပါသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အားပေးမြှင့်တင်မှုကြောင့် ပြည်တွင်း၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဒေသအသီးသီးတွင် One Region? One Product အစီအစဉ်ဖြင့် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုချက်ရယူ၍ လုပ်ကိုင်ဆောင်ရွက်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်း အရေအတွက် ၁၁၉၀ ခုခန့်ရှိရာ ချောက်မြို့နယ် စလေမြို့ရှိ Jumjel အမှတ်တံဆိပ် ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
Jumjel အမှတ်တံဆိပ် ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်လုပ်ငန်းကို ၁၉၉၅ ခုနှစ်မှစတင်ပြီး သက်တမ်း၂၈ နှစ်ရှိပြီဖြစ်ကာ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အိုးမကွာအိမ်မကွာ မိသားစုဝင်ငွေတိုး လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဆီးဖျော်ရည် ၊ မန်ကျည်းဖျော်ရည် ပြုလုပ်ရန်အတွက် စလေဒေသမှ ထွက်ရှိသော ဆီးသီးများကို ဝယ်ယူလုပ်ကိုင်သည့်အပြင် ကျောက်ပန်းတောင်း၊ ပုပ္ပားဒေသမှ ထွက်ရှိသော ဆီးသီး၊ မန်ကျည်းသီးများကိုလည်း ကုန်ကြမ်းဝယ်ယူ၍ အသုံးပြုလျက်ရှိကြောင်း သိရသည်။ ဖျော်ရည်ပြုလုပ်ရာ၌ ဝယ်ယူအသုံးပြုသည့် ဆီးသီး၊ မန်ကျည်းသီးများကို အရည်အသွေး မကောင်းသည့် အသီးများ မပါဝင်အောင် စနစ်တကျသန့်စင်ပြီး အရည်အသွေးကောင်းမွန်သော ဆီးသီး ၊ မန်ကျည်းသီးများကို ဖျော်ရည်အဖြစ် ထုတ်လုပ်ကာ အရည်အသွေးညံ့သော ဆီးသီးများကို ချောက်မြို့နယ် ဆင်ကရွာတွင်ရှိသည့် ဆီးခွဲစက်သို့ပို့၍ ဆီးခွဲခြမ်းအဖြစ် ကြိတ်ခွဲပြီး စက်ရုံ၌ လောင်စာအဖြစ် အသုံးပြုကြောင်း ၊ ဆီးဝတ်ဆံများကို ဆေးဖော်သည့် နေရာတွင် အသုံးပြုနိုင်ရန် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
သန့်စင်ပြီး ဆီးသီး၊ မန်ကျည်းသီးများကို ဖျော်ရည်ပြုလုပ်ရာတွင် FDA ၏ လမ်းညွှန်မှု စည်းကမ်းချက်များနှင့်အညီ စနစ်တကျစီမံ ထုတ်လုပ်ခြင်းဖြစ်ကြောင်းနှင့် ဖျော်ရည်စက်ရုံမှ ထုတ်လုပ်ရရှိသော ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များကိုလည်း စားသုံးသူပြည်သူများ ကျန်းမာရေး ဘေးထွက်ဆိုးကျိုး မဖြစ်အောင် ဓာတုပစ္စည်းများကို အသုံးပြုခြင်းမရှိဘဲ ဆီးသီး ၊ မန်ကျည်းသီးများ၏ သဘာဝစစ်စစ် အရသာအတိုင်း ထုတ်လုပ်ထားခြင်းကြောင့် လူကြိုက်များကာ မြန်မာပြည်အနှံ့ တင်ပို့ရောင်းချရသည့်အပြင် ပြည်ပနိုင်ငံများဖြစ်သည့် အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယား စသည့် နိုင်ငံများသို့လည်း ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း အဆိုပါလုပ်ငန်းရှင် မသက်စုဌေး ထံမှသိရသည်။
ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များကို အမြို့မြို့အနယ်နယ်ရှိ ဈေးဆိုင်များနှင့် Super Market များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ယခင်ကတည်းက ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်များကို ပြည်ပနိုင်ငံများအထိ ဈေးကွက်ဖြန့်ဖြူးနိုင်ရေး အမေရိကန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ကျင်းပသည့် International Trade Show များသို့သွားရောက်ပြီး ကုန်ပစ္စည်း မိတ်ဆက် ပြသရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင်လည်း ပြည်ပနိုင်ငံများ၌ ကျင်းပမည့် International Trade Show များသို့ သွားရောက်၍ ပြည်ပနိုင်ငံများ သို့ ဖြန့်ဖြူးရောင်းချ သွားနိုင်အောင် ကုန်ပစ္စည်းမိတ်ဆက် ပြသရောင်းချရန် စီစဉ်ထားကြောင်း အဆိုပါ လုပ်ငန်းရှင်ကပြောသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မား လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များကို လုပ်ငန်းမှတ်ပုံတင်များ ခွင့်ပြုထုတ်ပေးခြင်းအပြင် အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်များကို ပိုမိုထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး အတွက် ချေးငွေများ ထုတ်ချေးပေးသည့်လုပ်ငန်းများ ပုံမှန်လည်ပတ် လုပ်ကိုင်နိုင်ရန် ပံ့ပိုးကူညီခြင်း၊ နည်းပညာနှင့် အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးကူညီပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း တို့ကို ကူညီဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့ပြင် သက်ဆိုင်ရာဌာနများမှလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသဖြင့် ဒေသတွင်းရှိ တစ်နိုင်တစ်ပိုင် စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နေသော MSME လုပ်ငန်းများအတွက် များစွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ချောက်မြို့နယ် စလေမြို့၌ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းဖြစ်သည့် Jumjel အမှတ်တံဆိပ် ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည် လုပ်ငန်းကို ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region? One Product) အဖြစ် ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်ကာ အရည်အသွေး ကောင်းမွန်သော စားသောက်ကုန် ပစ္စည်းအမယ် တစ်မျိုးအဖြစ် ထုတ်လုပ်၍ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများအထိပါ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေရ၍ ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အထောက်အပံ့ကောင်းများ ရရှိလာစေမည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။