မြတ်နိုးဖွယ်ရာ မြန်မာ့ရိုးရာ ရက်ကန်းလက်မှုပညာနှင့် လက်ခတ်သံ

မြတ်နိုးဖွယ်ရာ မြန်မာ့ရိုးရာ ရက်ကန်းလက်မှုပညာနှင့် လက်ခတ်သံ

 

    မြန်မာနိုင်ငံသားတို့သည် ကိုယ့်အားကိုယ်ကိုး၍ နေထိုင်ခဲ့ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသော နိုင်ငံဖြစ်ပါသည်။   ကျောက်ခေတ်မှစ၍   အစားအသောက်များကို ချက်ပြုတ်စားသောက်ခြင်း၊ အဝတ်အထည်၊ နေအိမ်အဆောက်အအုံများကိုပြုလုပ်ခြင်းများဖြင့် တီထွင်မှုများ ဆန်းသစ်တိုးတက်လာခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာ့လက်မှုပညာများ ထွန်းကားလာပြီး မြန်မာ့ရက်ကန်း လုပ်ငန်းသည်လည်း ထင်ပေါ်ကျော်ကြားလာခဲ့သည်။ မြန်မာ့ရက်ကန်းပညာသည်  ရှေးယခင်မှစ၍ ယနေ့ထိတိုင်  မြန်မာ့ယဉ်ကျေးမှု ပြယုဂ်အဖြစ် ရပ်တည်လျက်ရှိပေသည်။

    အထက်တန်းစား မြန်မာ့ရက်ကန်းပညာ မြန်မာ့ရက်ကန်းပညာသည်  ရှေးနှစ်ပေါင်း ထောင်ကျော်မှစ၍ တည်ရှိခဲ့ခြင်းဖြစ်သည်။ ရှေးခေတ်မြန်မာ လူမျိုးတို့၏ အိမ်တိုင်းနီးပါးတွင်  ရက်ကန်းစင်များ တည်ရှိကြသည်။ ဝါဂွမ်း၊ ချည်မျှင်တို့မှရရှိသော အမျှင်များဖြင့် အဝတ်အထည် ရက်လုပ်ကြသည်။ အိမ်တိုင်းလိုလို၌လည်း တစ်နိုင်တစ်ပိုင်အဖြစ် ဝါဂွမ်းပင်များ စိုက်ပျိုးကြသည်။ မြန်မာ့ရက်ကန်းမှ ထွက်ရှိသော ချည်ချောအထည်များသည် မြန်မာမှာသာမက ကမ္ဘာတွင်လည်း နာမည်ကျော်ကြားခဲ့သည်။  ဝါဂွမ်းစိုက်ပျိုးခြင်း၊ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း စသော မြန်မာ့ရက်ကန်း ပညာလုပ်ငန်းသည်လည်း   အထက်တန်းနေရာတွင်   တည်ရှိခဲ့ပေသည်။

    လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် မြန်မာဘုရင်များ လက်ထက်တွင် မြန်မာ့ရက်ကန်းမှ ထွက်ရှိသော  အဝတ်အထည်များကို ဂျီ၊ အီ၊ ဟာဗေး၏  မြန်မာနိုင်ငံ သမိုင်းတွင်  “မြန်မာဘုရင် တိုင်းပြည်တွင်တွေ့ရသော အဝတ်အထည်များကို အခြားအရပ်တွင် မတွေ့ရချေ၊ ထိုအဝတ်အထည်သည် လှပချောမွေ့သောကြောင့် ယင်းနှင့် ချုပ်လုပ်ထားသော အင်္ကျီသည်လက်စွပ် ကွင်းထဲ၌ပင် ထည့်သွင်းနိုင်သည်၊ ကျွန်ုပ်ကိုယ်တိုင် တွေ့ဖူးသော ထိုအထည်သည် ဝါဂွမ်းဖြင့် ရက်လုပ်ထား၏”ဟု  ဖော်ပြထားလေသည်။ ထို့ကြောင့် မြန်မာ့ရက်ကန်းပညာသည်  ကမ္ဘာတွင် အထက်တန်းစား ဖြစ်ခဲ့သည်ဟု ဆိုရခြင်းဖြစ်ပေသည်။

    မြန်မာ့ရိုးရာရက်ကန်း လက်မှုပညာ ရှေးမြန်မာတို့သည်  အိမ်တိုင်းလိုလို ဝါဂွမ်းစိုက်ပျိုးကြသည်။  အိမ်ရှင်မအများစုသည် ဝါကြိတ်ခြင်း၊ ဝါဖန်ခြင်း၊ ဗိုင်းလိပ်ခြင်း၊ ဗိုင်းငင်ခြင်း၊ ဆေးရောင်စုံဆိုးခြင်း၊ရက်ကန်းရက်ခြင်းများကို ပြုလုပ်ကြသည်။

    ရှေးခေတ်စကားပုံတွင်  “မိန်းမများ ရက်ကန်းမရက်တတ်လျှင် အကျိုးနှင့်တူသည်”ဟုပင်    တင်စားပြောဆိုကြလေသည်။

ရက်ကန်းရက်သည့်အခါ ချည်ငင်ရသည်။

“လသာတုန်းဗိုင်းငင်” ဟူသော စကားသည် မြန်မာလှပျိုဖြူများသည်  လသာသောညများတွင်   ချည်ထွေးကိုရှင်း၍ ချည်ငင်ခြင်းကို မရပ်မနားပြုလုပ်ကြခြင်းကို တင်စားထားခြင်းဖြစ်ပေသည်။  ချည်ငင်ပြီးနောက် ရက်ကန်းတွင် ရက်ချည်များကို ဆင်၍ လွန်းပြန်တွင်လည်း  ဖောက်ချည်များကိုထည့်ရသည်။ လွန်းကို လက်တစ်ဖက်မှ ကိုင်၍ ချည်မျှင်များအကြား ထိုးသွင်းသောအခါ ကျန်သော လက်တစ်ဖက်မှလွန်းကို ဖမ်းရသည်။ စိတ်ရှည်ရှည်နှင့် စေတနာထား၍ ရက်လုပ်ရသော ရက်ကန်းပညာပင်ဖြစ်သည်။ မြန်မာတို့၏  နူးညံ့သောစိတ်နေ သဘောထားကို  ရက်ကန်းထည်များတွင် မြင်တွေ့နိုင်သည်ဟုပင် ဆိုနိုင်ပေသည်။

မြန်မာ့ရက်ကန်းနှင့် ဝံသာနုစိတ်

     မြန်မာ့ရက်ကန်းပညာသည် အမျိုးသားရေး ဆောင်ရွက်မှုကဏ္ဍတွင်  ပါဝင်ခဲ့ပေသည်။ ရက်ကန်းမှထွက်ရှိသော လက်မှုပညာ အဝတ်အထည်များဖြင့် ကမ္ဘာတွင် မြန်မာဟု ဂုဏ်ယူဝင့်ကြွားစွာ ပြသနိုင်ခဲ့သည်။  ဖျင်အင်္ကျီကို သစ်ခေါက်ဆိုး၍ ဝတ်ဆင်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့စဉ်က ပင်နီအင်္ကျီနှင့် ယောထဘီကိုသာ ဝတ်ဆင်၍ အနောက်တိုင်း ယဉ်ကျေးမှုကို   ဆန့်ကျင်ခဲ့ကြသည်။

မြန်မာ့ဝတ်စားဆင်ယင်မှုဖြင့်   “ဝံသာနုအထည်” ကိုဝတ်ဆင်လျက် အမျိုးသားရေး စိတ်ဓာတ်ကိုနိုးကြားစေခဲ့သည်။ မြန်မာ့ရက်ကန်း ပညာနှင့်အတူ ဝံသာနုစိတ်ဓာတ် များသည် ရက်ကန်းသမလေးများ၏ လက်ခတ်သံနှင့်အတူ ကမ္ဘာသို့ပင် လွှမ်းနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာ့ရက်ကန်းအထည်များ

     မြန်မာ့ရက်ကန်းမှ ထွက်ရှိသော အဝတ်အထည်များသည် ရာသီဥတုနှင့် ကိုက်ညီရုံသာမက ဈေးနှုန်းလည်း သက်သာပေသည်။ “ရက်ကန်းတွင် လွန်းပြန်ထိုးပါလို့၊ ပန်းဆိုးကာ ကိုယ်စီဝတ်ကြရ၊   မိုးစွတ်နှင့်နေပူခံ”ဟုပင်  စပ်ဆိုခဲ့ကြသည်။    ထို့ပြင်ရက်ကန်းစင်မှ ရရှိသော အထည်များသည် အဆင်ဒီဇိုင်းဆန်းပြား၍  အမြင်မရိုင်းဘဲ ရှုမြင်သူတိုင်းအတွက် အေးမြစေသည်။

“ပျိုလေးရက်တဲ့အဆင်၊ ဘာအဆင်လို့မေး၊ မေးပါနဲ့အေ၊ ပဆစ်အိမ်ကွက်စုံခင်းတယ်၊ တင်းထိမ်တဲ့လေး” ဟုပင် စာပန်းချီခြယ်သ ခဲ့ကြသည်။ ဝါမှရသော ချည်တို့ကို အထည်ရက်လုပ်၍ ဆေးဆိုးရောင်ခြယ် ပြုလုပ်နိုင်သည်မှာ    အံ့မခန်းပညာပင်ဖြစ်သည်။

တိုင်းတစ်ပါးမှ အဝတ်အထည်တို့ကို ယှဉ်ပြိုင်၍ သက်သောင့်သက်သာဖြင့် အေးမြသောမြန်မာ့ရက်ကန်း အထည်များပင်ဖြစ်သည်ကို “ရွှေချည်ငွေချည်တန်းပါလို့၊ ရက်ကန်းရွှေစင်၊ တန်းရွှေစင်”ဟုပင် စာဆိုများက တင်စားခဲ့ကြသည်။

ရက်ကန်းလက်မှုပညာသည် အနုပညာ ဆန်သည်၊  ကဗျာဆန်သည်။  စေတနာကို အရင်းခံ၍   အလှအပကိုမြတ်နိုးစွာ ဆင်ယင်ကြသည်။ ချစ်ခြင်းမေတ္တာတို့ဖြင့် ဖော်ကျူး၍ အလှဆင်ကြသည်ကို “အနားတစ်ဖက်တစ်ချက်ရယ်က စိမ်းနုခြယ်၊ စိမ်းနုခြယ်၊   အလယ်မှာ အရောင်ကွက်တယ်၊ ချစ်တဲ့သူရက်ခဲ့တယ်”  ဟု ဖော်ညွှန်းထားသည်။ မိမိတို့ရက်လုပ်ပြီးသား အထည်များသည် ပနံသင့်၍ သေသပ်လှပ နေမည်ကို ကြည်နူးနေကြသည်မှာလည်း  ရက်ကန်းသမလေးတို့၏ မေတ္တာမုဒိတာများ ဖြစ်ကြောင်းကို “ရက်ကန်းစင်၊ အကွက်ဆန်းထွင်၊  ပျို့မောင်ကြီး ကိုယ်ယောင်ပွားနဲ့ အတော်လိုက်မယ့်အဆင်” ဟူ၍ ဖော်ကျူးခဲ့ကြပေသည်။

ခေတ်မီတိုးတက် လာသောအခါ လက်မှုလုပ်ငန်းမှ စက်မှုလုပ်ငန်းသို့ ပြောင်းလဲလာကြသည်။ လက်ရက်ကန်းမှသည် စက်ရက်ကန်းအဖြစ်သို့လည်း တိုးတက်မှုများ ရှိလာခဲ့သည်။ သို့သော်လည်း  မြန်မာ့လက်မှုပညာ ရက်ကန်းအထည်များကိုမူ အမြတ်တနိုး ပြန်လည်ဝတ်ဆင်လာကြသည်ကို  တွေ့ရသည်။ ရှေးယခင်မှယနေ့ထိတိုင် လူကြိုက်များ၍ သုံးစွဲနေကြသော ယောပုဆိုး၊ ယောလုံချည်၊ ကချင်ပုဆိုး၊ ကချင်လုံချည်၊ ကရင်ပုဆိုး၊ အမရပူရလုံချည်၊ ရှမ်းဘောင်းဘီ၊ ရှမ်းတိုက်ပုံ၊  ရှမ်းလွယ်အိတ်၊  မုဒုံချိတ်၊ မုဒုံစောင်ထည်၊    လက်ကော်ချိတ်စသည် တို့သည် အမျိုးသားဂုဏ်ဆောင်လျက် ရှိသော မြန်မာ့ရက်ကန်း အဆင်အထည်များပင်ဖြစ်ပေသည်။  အနယ်နယ်အရပ်ရပ်မှ ခရီးသွားများသာမက  နိုင်ငံခြားသား ခရီးသည်များပါ  မြတ်နိုးတန်ဖိုး ထားရသော မြန်မာ့ရက်ကန်း အထည်များပင်ဖြစ်သည်။

မသိုးသင်္ကန်း

    မသိုးသင်္ကန်းဟူသည်  ကထိန်သင်္ကန်း တစ်မျိုးပင်ဖြစ်သည်။ သက်တော်ထင်ရှား မြတ်စွာဘုရားအား ရည်မှန်း၍  နေ့မကူးစေဘဲ အရုဏ်မတက်မီ   ညတွင်းချင်းရက်လုပ် ပူဇော်သော သင်္ကန်းဖြစ်သည်။ မဟာဝါ ကထိနက္ခန္ဓကအဋ္ဌကထာ၌ “တဒဟေ၀ သဗ္ဗိတွာ၊ နိဋ္ဌိတသူစိ၊ ကမ္မံရဇိတွာ၊ ကထိနံအတ္ထရိတဗ္ဗံ” ကထိန်သင်္ကန်းအဖြစ် လှူသောဖျင်ကို ထိုနေ့တွင်ပင်ချုပ်၍  ဆေးဆိုးပြီး ကထိန်ခင်းရမည်ဟု ပါရှိပေသည်။ ဘုရားရှင် လက်ထက်၌ သင်္ကန်းများ မပေါ်သေးသဖြင့် အလှူခံ၍ရသော  ဖျင်ပိုင်းများကိုစပ်၍ ချုပ်ပြီး ပိန္နဲခေါက် အစရှိသည်တို့ကိုပြုတ်၍  ဆေးဆိုးကြရသည်။  ထိုဖန်ရည်ဆိုးထားသော သင်္ကန်းကိုနေ့မကူးစေဘဲ အရုဏ်မတက်မီ ကပ်လှူကြရသည်။  နေ့ကူးသွားလျှင်   သိုးသွားသောကြောင့်ဖြစ်သည်။

ဤဗုဒ္ဓဝင်လာအကြောင်းများကို အထိမ်းအမှတ်ပြု၍ လူပုဂ္ဂိုလ်တို့မှ မသိုးသင်္ကန်း ရက်လှူကြခြင်းဖြစ်သည်။

မသိုးသင်္ကန်းရက်လုပ်ခြင်း

 တန်ဆောင်မုန်းလပြည့်နေ့သည် ကထိန်သင်္ကန်း   ဆက်ကပ်လှူဒါန်းခွင့် ရှိသော နောက်ဆုံးနေ့ဖြစ်သည်။   ထို့ကြောင့် တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့ညတွင် မသိုးသင်္ကန်းကို အရုဏ်မတက်မီ အပြီးရက်လုပ်၍ မြတ်စွာဘုရားအား ကပ်လှူကြရသည်။ အင်းဝခေတ်ဆယ့်နှစ်ရာသီ လူးတားတွင်   “တန်ဆောင်မုန်းကား၊ မချုန်းမိုးသား၊ တိုင်ထွတ်ဖျားဝယ်၊ ငါးပါးကျိုးရှိ၊ မီးပွင့်ညှိ၍၊ ပြည့်ကြီးဖွယ်ရာ၊ သဒ္ဓါအကျိုး၊ မသိုးသင်္ကန်း၊ လှူရွှင်လန်းလျက်၊ရဟန်းသံဃာ၊ အရိယာအား၊ ပရိက္ခရာရှစ်စုံ၊ ရွှေစည်းခုံဝယ်၊ ကြည်ယုံလှချင်၊ ပွဲပုံယင်လျက်၊အောက်ထက်ကျော်ရှိန်၊ ညှိလှူချိန်သည် ကထိန်လှူသင်္ကန်းတည့်လေး” ဟု ဖော်ပြထားသောကြောင့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်းသည် အင်းဝခေတ် ကတည်းကစ၍  ပြုလုပ် လှူဒါန်းခဲ့ကြောင်း သိရှိရပေသည်။

 မသိုးသင်္ကန်းရက်လုပ်ရန်အတွက် တန်ဆောင်မုန်းလဆန်း  ၁၄  ရက်တွင် လူအများကို ဖိတ်ကြား၍ ဝါစေ့ကိုကြဲပက်ရသည်။ ဤကဲ့သို့ စတိပက်ကြဲပြီးနောက် ဝါပေါက်ကိုကောက်၍  ဝါဖန်ကြရသည်။

ဝါကြိတ်ကြရသည်။  ရရှိလာသော ဝါဂွမ်းကို    ဖတ်ကြရသည်။   ထို့နောက်ဂွမ်းဖတ်ကို ဗိုင်းတောင့်လိပ်ကြရသည်။   ဗိုင်းတောင့်ကိုချည်ငင်၏။  ချည်ခင်ကို ယောက်ကြရ၏။ ယောက်ပြီးချည်ခင်ကို  ဆေးဆိုးအစာတင်ပြီး မီးတွင်လှန်းကြရ၏။   ခြောက်သွေ့အောင်လှန်းပြီး ချည်ကိုရက်ဖောက် ယောက်ကြရ၏။ ရက်ဖောက်ယောက်ပြီး ရက်ကန်းရှယ်ကြသည်။ ရက်ကန်းရှယ်ပြီးနောက် ရက်ကန်းစင်တွင်တင်၍   လျင်မြန်စွာရက်လုပ်ကြရသည်။ အရုဏ်မတက်မီ အပြီးရက်လုပ်ပြီး မသိုးသင်္ကန်း လှူဒါန်းကြပေသည်။

မသိုးသင်္ကန်းရက်ဟန် မလေးရဲ့လက်ခတ်သံ တန်ဆောင်မုန်း လရာသီသို့ရောက်သည်နှင့်  တန်ဆောင်တိုင် ဆီမီးပူဇော်ပွဲနှင့် ရက်ကန်းရက်ပွဲများကို မြန်မာနိုင်ငံနေရာ ဒေသအားလုံးလိုလိုတွင် ကျင်းပကြသည်။

ရက်ကန်းရက်ပွဲသည် မြန်မာ့ရိုးရာ လက်မှုပညာကို လူအများ စိတ်ဝင်တစား အားပေးကြသော ပွဲလည်းဖြစ်သည်။ ရက်ကန်းစင်များ၏ တန်ဖိုးသည်လည်းမြင့်မားသောကြောင့် အလှူရှင်များက ရက်ကန်းစင်ပြင်ဆင်ခြင်း၊ အဖျော်ရည်များ၊ အစားအသောက်များ လှူဒါန်းခြင်း၊  ချည်ငင်ထွေးကိုလှူဒါန်းခြင်းများ ပြုလုပ်ကြသည်။ ရက်ကန်းရက်မည့် မောင်မယ်များကလည်း မိမိတို့ လုပ်အားဒါနကို လှူဒါန်းကြသည်။ သက်တော်ထင်ရှား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ရည်မှန်း၍ မသိုးသင်္ကန်း ရက်လုပ်လှူဒါန်း သည့်  အလှူဒါနသည်ကြည်နူးဖွယ်ရာ ကောင်းလှပေသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်   ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော်ဝတ္ထု ကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ဖွင့်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ရက်ကန်းစင်ကိုးစင်ဖြင့်  မသိုးရွှေကြာသင်္ကန်းကို အားကြိုးမာန်တက် စတင်ရက်လုပ်နေကြရာ အဆိုပါ ရက်ကန်းရက်လုပ်နေမှု  အဆင့်ဆင့်ကို အားပေးလေ့လာ ကြည့်ရှုကြသည့်  ဘုရားဖူးလာ ပြည်သူများဖြင့်လည်း စည်ကားလျက် ရှိသည်ကိုတွေ့ရပါသည်။

ထို့ပြင်   တန်ဆောင်မုန်းလပြည့် အခါသမယ နေ့ထူးနေ့မြတ်တွင် သမိုင်းဝင် တန်ခိုးကြီးစေတီတော်တို့ရှိ ဗုဒ္ဓရုပ်ပွားတော်များအား  မသိုးသင်္ကန်းတော်များ ကပ်လှူပူဇော်နိုင်ရန် ရန်ကုန်မြို့ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ်  ဆံတော်ဦးစေတီတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်နှင့်  သမိုင်းဝင်ဆုတောင်းပြည့်    ကျိုက္ကဆံဆံတော်ရှင် စေတီတော်တို့၌ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းမှစတင်၍ မသိုးသင်္ကန်းတော်များ ယှဉ်ပြိုင်ရက်လုပ်ကြသည်။

မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲတွင် ရက်ကန်းစင်တော် ၂၄ စင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။

မသိုးသင်္ကန်းရက်လုပ် လှူဒါန်းခြင်းသည်မြန်မာ့ယဉ်ကျေးမှုနှင့်  မြန်မာ့အနုပညာ၊ လက်မှုပညာများ ပေါင်းစပ်၍  ဂုဏ်ယူဖွယ်ရာ ကျင်းပသောပွဲပင်ဖြစ်သည်။ မြန်မာ့ဆိုင်းဝိုင်းကြီးမှ    တီးမှုတ်သီဆိုလိုက်သော”မလေးလက်ခတ်သံ”   တေးသွားမှာ ရက်ကန်းရက်လုပ်သည့်   မောင်မယ်များ၏ လှုပ်ရှားဟန်နှင့်အတူ  စည်းချက်ညီနေပေ

တော့သည်။ “လက်ခတ်သံ၊ လက်ခတ်သံ၊ မလေးလက်ခတ်သံ၊ လက်ခတ်သံ၊ လက်ခတ်သံ၊  ပျိုလေးလက်ခတ်သံ”  ဟူသော တေးသွားနှင့်    ရက်ကန်းရက်သည့် မောင်မယ်များ၏ ခြေလက်၊ ခေါင်းခါးလှုပ်လျက် မမောမပန်း ပြုံးရွှင်နေသော ယိမ်းနွဲ့နေပုံများမှာ ကြည့်ရှုသူအပေါင်းအား ကြည်နူးစေသည်မှာ စာပန်းချီခြယ်သ၍ပင် မမီချေ။

ရက်ကန်းစင်မှ   ရက်ကန်းရက်သံ

“ တဂျောက်ဂျောက်၊ တဂျက်ဂျက်” နှင့်အတူ ချည်ရစ်ဘီးဟူသော လွန်းအိမ်ကြီးတစ်ပတ်လည်တိုင်း လက်ခုပ်သြဘာ ချီးမြှင့်ကြသော ပရိသတ်တို့၏အသံများသည် ဒါနစည်းချက်များကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းလှပေသည်။ အလှူဒါန၏ သဒ္ဓါတရားတို့သည်လည်း   လူသားတိုင်း၏ ရင်ထဲယိုဖိတ်နေပေတော့သည်။ မသိုးသင်္ကန်း ရက်လုပ်ပူဇော်သူများ၏  စေတနာသဒ္ဓါတရားသည်လည်း  “လက်ခတ်သံ” နှင့်အတူ သောင်းထိုက်ဝဠာသို့ လွင့်ပျံနေပေမည်မှာ ဧကန်ပင်ဖြစ်သည်။ “လက်ခတ်သံ၊ ကျွန်းဖိုသား၊ သောင်းတိုင်ကကြားသလေ့လေ” ဟုပင်တင်စားရေးဖွဲ့ခဲ့ကြပေသည်။ စာရေးသူအနေဖြင့် မြန်မာလူမျိုးတို့၏ သဒ္ဓါတရားထက်သန်မှု၊    မြန်မာ့ယဉ်ကျေးမှုဓလေ့၊ မြန်မာ့ရိုးရာလက်မှုပညာများကို ဂုဏ်ယူလေးစားလျက် ကမ္ဘာ့အလယ်မှာမြန်မာဟု   ဝင့်ထည်စွာ ရပ်တည်နိုင်ကြောင်း ဝင့်ကြွားစွာ   ရေးသား တင်ပြလိုက်ရပေသည်။    ။

နုခ့န်ယဉ် (ရစ်ကန်ကြီး)