မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်း အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော တောင်ကြီး မီးပုံးပျံလွှတ်တင်သည့်အဖွဲ့အားဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်း အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော တောင်ကြီး မီးပုံးပျံလွှတ်တင်သည့်အဖွဲ့အားဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၂၈

   

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏  တန်ဆောင်တိုင် မီးထွန်းပွဲတော် ကာလအတွင်း မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော မီးပုံးပျံလွှတ်တင်ပေးသည့် တောင်ကြီးမြို့မှ မီးပုံးပျံ ပညာရှင်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

            အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများ၊ အခမ်းအနားတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် တောင်ကြီး မီးပုံးပျံလွှတ်တင်သည့်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

            ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကာလအတွင်း ဆီမီး(၉၀၀၀)ကပ်လှူပူဇော်ခြင်း၊ အသံမစဲ ပဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ခြင်း အခမ်းအနားများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း မီးပုံးပျံများ လွှတ်တင်ပူဇော်နိုင်မှုအနေဖြင့် ညမီးကြီး ၁၁ လုံး၊ စိန်နားပန် ၂၀ လုံး စုစုပေါင်း မီးပုံးပျံ ၃၁ လုံးအား လွှတ်တင်နိုင်ခဲ့ပြီး တောင်ကြီးမြို့မှ မီးပုံးပျံပညာရှင်များအဖွဲ့အနေဖြင့် ရရှိသည့်အချိန် တစ်လခွဲခန့်ကာလအတွင်း ပြီးစီးအောင်မြင်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး ဘေးအန္တရာယ် ကင်းရှင်းစွာနှင့် အောင်မြင်စွာ လွှတ်တင်နိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပထမအကြိမ် တန်ဆောင်တိုင် မီးထွန်းပွဲတော် မီးပုံးပျံပွဲတော် အခမ်းအနားကြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည့် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မီးရှူးမီးပန်းပစ်လွှတ်ရေးအဖွဲ့၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် ဦးစီးဌာန၊ ကြက်ခြေနီ အသင်းနှင့် မိတ်ဖက်ကုမ္ပဏီများအားလုံးနှင့် အထောက်အကူပြုအဖွဲ့များ အားလုံးကို အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြောကြား သည်။

            ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး တောင်ကြီးမြို့မီးပုံးပျံအဖွဲ့မှ ကိုယ်စားလှယ် ဦးတိုး က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

            ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ခြင်းတွင် တောင်ကြီး မီးပုံးပျံ လွှတ်တင်သည့်အဖွဲ့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ဂုဏ်ပြု နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။