ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပေးဂိုးမရှိ ပွဲစဉ်(Clean Sheet ) ၅၀၀ ပထမဆုံး ပြည့်မြောက်သည့် အသင်းအဖြစ် မန်ယူအသင်း မှတ်တမ်းဝင်
မန်ယူအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ်ကစားသည့် အဲဗာတန်အသင်းနှင့် ပွဲစဉ်တွင် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ပရီးမီးယား လိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပေးဂိုးမရှိပွဲစဉ်(Clean Sheet ) ၅၀၀ ပထမဆုံး ပြည့်မြောက်သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)အဖြစ် ကစားသည့် အဲဗာတန်အသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်တွင် မန်ယူအသင်းက အဝေးကွင်း၌ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နှင့် မာရှယ်တို့၏ သွင်းဂိုးများဖြင့် ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက် စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ယခုဘောလုံးရာသီအစပိုင်းက ရလဒ်ဆိုးများကြောင့် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်များ ပြန်လည်ကောင်းမွန်လာပြီး လက်ရှိပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ရမှတ် ၂၄ မှတ်ဖြင့် အဆင့်(၆) နေရာ၌ ရပ်တည်လျက်ရှိသည်။
လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပေးဂိုးမရှိပွဲစဉ်(Clean Sheet) ၅၀၀ ပွဲပြည့်မြောက်သည့် အသင်းမရှိသေးဘဲ မန်ယူအသင်းက ပထမဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ မန်ယူအသင်းဂိုးသမား အိုနာနာသည် ရာသီအစပိုင်းက ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိတွင် ငါးပွဲအထိ ပေးဂိုး မရှိအောင် စွမ်းဆောင် နိုင်ခဲ့ကြောင်း သိရသည်။