မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်

 

နိဒါန်း

    ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဆိုပါက ရွေးကောက်ပွဲများကျင်းပ၍ ဆောင်ရွက်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်၍  ဥပဒေပြုရေး၊ အုပ်ချုပ်ရေး တာဝန်များအတွက် ဆောင်ရွက်ကြမည့် ပါတီကိုယ်စားလှယ်များကို ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ကြခြင်းဖြစ်သည်။     ထိုသူများသည် နိုင်ငံတော်ကို စီမံအုပ်ချုပ်ကြရမည့်သူများ ဖြစ်ပါသည်။

သို့ဖြစ်၍  ရွေးကောက်ပွဲတစ်ခုသည် တရားမျှတပြီး လွတ်လပ်၍  မှန်ကန်မှုရှိစေရန် အရေးကြီးပါသည်။

ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အသက်ခန္ဓာများဖြစ်သဖြင့် နိုင်ငံသားတိုင်း အလေးထားကြစေလိုပါသည်။မိမိတို့ရရှိသည့် နိုင်ငံသား အခွင့်အရေးဖြင့် ဆန္ဒပြုရွေးချယ်လိုက်သည့် တန်ဖိုးမှာ မိမိနိုင်ငံတော်၏ ကံကြမ္မာဖြစ်ကြောင်း  ဦးစွာ တင်ပြအပ်ပါသည်။ 

ဗြိတိသျှတို့သိမ်းပိုက်ပြီး အစောပိုင်းကာလ

    မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးအစောပိုင်း ကာလကတည်းက ရွေးကောက်ပွဲများ ဆောင်ရွက်ခဲ့ကြသည်။ ၁၈၉၇ ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ်က ၁၈၆၁ ခုနှစ် အိန္ဒိယကောင်စီ ဥပဒေများပါ ဥပဒေပြုခွင့်ပြဋ္ဌာန်းချက်များသည် မြန်မာနိုင်ငံနှင့်လည်း သက်ဆိုင်ကြောင်း ကြေညာခဲ့သည်။    ထို့နောက်    မြန်မာနိုင်ငံကို ဒုတိယဘုရင်ခံအား အုပ်ချုပ်စေပြီး ဥပဒေပြုကောင်စီကို ဖွဲ့စည်းခဲ့သည်။ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့၌  မြန်မာနိုင်ငံရေးသမိုင်းတွင် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည့် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲ ((Legislative Council Election) ကို ပထမဆုံး စတင်ကျင်းပခဲ့ရာ မြန်မာတစ်နိုင်ငံလုံး ဆန္ဒမဲပေးနိုင်သည့် ဦးရေ ၁၇၆၇၂၂၇ ဦးအနက် ကန့်သတ်အုပ်ချုပ်မှုနှင့် ကန့်ကွက်မှုများကြောင့် ၆ ဒသမ ၉၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည်။ ဥပဒေပြုကောင်စီ ကိုယ်စားလှယ်အတွက် အင်္ဂလိပ်ကုန်သည် ၁၀၀ ဦးလျှင် ကိုယ်စားလှယ် တစ်ဦးကျရွေးချယ်ခွင့် ရှိသော်လည်း မြန်မာတိုင်းရင်းသား ၃၀၀၀၀  ဦးလျှင် ကိုယ်စားလှယ် တစ်ဦးနှုန်းသာ ရွေးချယ်ခွင့် ရရှိခဲ့ကြပါသည်။ အလားတူ အုပ်ချုပ်ရေးကောင်စီဝန်ကြီး ၄ နေရာတွင်လည်း ၂  ဦးကို အင်္ဂလိပ်ဘုရင်ခံက တိုက်ရိုက်ခန့်ပြီး ကျန် ၂  နေရာကို ဥပဒေပြု ကောင်စီက ထောက်ခံသူ ၂  ဦးအား ဘုရင်ခံက လက်ခံသည့်စနစ်ကို ကျင့်သုံးခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ၂၁  ဦး ပါတီက နေရှင်နယ်လစ်ပါတီ အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး    ဂျေအေမောင်ကြီးအဖွဲ့က အင်ဒီပင်းဒင့်  အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ရွေးကောက်ပွဲပြီးသွားသောအခါ အမတ် ၇၉  နေရာအတွက် နေရှင်နယ်လစ်ပါတီမှ   ၂၈ နေရာ၊ အင်ဒီပင်းဒင့်ပါတီမှ နေရာ၂၀ ရရှိခဲ့ပါသည်။ ဥပဒေပြု ကောင်စီတွင် အဖွဲ့ဝင် ၉  ဦးပါဝင်ရာ ၅ ဦးမှာ အစိုးရအရာရှိများဖြစ်၍ ၄ ဦးမှာ အရာရှိမဟုတ်သူများ ဖြစ်ကြသည်။ ဥပဒေပြုကောင်စီ ဖွဲ့စည်းခွင့်ပြုခြင်းဖြင့် မြန်မာနိုင်ငံတွင်   ပထမဦးဆုံးအကြိမ်အဖြစ် ဥပဒေပြုခွင့် ရရှိလာခဲ့ခြင်းဖြစ်သည်။

၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၂  ရက်နေ့တွင် ၁၉၁၉ ခုနှစ် အိန္ဒိယနိုင်ငံ (စီရင်အုပ်ချုပ်မှု) ဥပဒေအရ မြန်မာနိုင်ငံသည်   ဒိုင်အာခီအုပ်ချုပ်ရေးကို ရရှိခဲ့သည်။ ဒိုင်အာခီစနစ်တွင် “ပြည်နယ်ကိစ္စရပ်များ” ကို မြန်မာအစိုးရက တာဝန်ယူသည်။ ဘုရင်ခံသည် ဥပဒေပြုကောင်စီက ရွေးကောက်တင်မြှောက်သည့် ဝန်ကြီးနှစ်ဦး၏ အကြံပေးချက်အရ အုပ်ချုပ်သည်။ ဥပဒေပြုကောင်စီတွင် အဖွဲ့ဝင် ၁၀၃  ဦးရှိရာ မြန်မာပြည်နယ် ဥပဒေပြု ကောင်စီတွင် ၇၉  ဦးကို ရွေးကောက်တင်မြှောက်သည်။ ရွေးကောက်တင်မြှောက် ခံရသော ၇၉  ဦးအနက် ၅၈  ဦးကို အထွေထွေ မဲဆန္ဒနယ်များ (General Constituencies) မှလည်းကောင်း၊ ကုန်သည်များနှင့် တက္ကသိုလ်ကို ကိုယ်စားပြုသည့် အထူးမဲဆန္ဒနယ်များမှ ၆ ဦးကို လည်းကောင်း၊ လူမျိုးအလိုက် ထားရှိသော မဲဆန္ဒနယ် ၁၅ နယ်တွင် အိန္ဒိယလူမျိုးတို့အတွက် ၈  နေရာ၊ ဥရောပတိုက်သားများ အတွက် ၁ နေရာ၊ အင်္ဂလိပ်-အိန္ဒိယကပြားများအတွက် ၁ နေရာနှင့် ကရင်လူမျိုးအတွက် ၅ နေရာ သတ်မှတ်ထားခဲ့သည်။ ဥပဒေပြုကောင်စီတွင် အထွေထွေ မဲဆန္ဒနယ်များအပြင် လူမျိုးအလိုက်ရွေးချယ်ရန် မဲဆန္ဒနယ်များကို သတ်မှတ်ခြင်းသည် ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ပုံစနစ်ကို ပီပြင်စွာ သရုပ်ပေါ်စေသည်။    အထွေထွေ မဲဆန္ဒနယ်များကိုလည်း မြို့မနှင့်ကျေးလက် မဲဆန္ဒနယ်များအဖြစ် ခွဲခြားခဲ့ပြန်သည်။     ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ အသက် ၁၈ နှစ် အထက် ကျေးရွာများတွင် နေထိုင်သူဖြစ်လျှင် လူခွန် သို့မဟုတ် သဿမေဓ အခွန်ဆောင်သူဖြစ်ပြီး  မြို့များတွင် နေထိုင်သူဖြစ်လျှင် အမြတ်ခွန် သို့မဟုတ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းအပေါ် အနည်းဆုံး အခွန်လေးကျပ် ထမ်းဆောင်သူ ဖြစ်ရသည်။  ဒိုင်အာခီအုပ်ချုပ်ရေးကို မြန်မာတို့မကြိုက်ခဲ့သော်လည်း   ရွေးကောက်တင်မြှောက်ခြင်း ဟူသော အလေ့အကျင့်ကို    မြန်မာလူမျိုးများ အနေဖြင့် အတိုင်းအတာ တစ်ခုအထိရရှိခဲ့သည်။ ၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနာကရက်ဒေါက်၏ ရာထူးနေရာ၌   ဆာဟာကုတ်ဘတ္တလာ တာဝန်လွှဲပြောင်း ရယူခဲ့ပါသည်။ ထိုနေ့၌ပင် ဒိုင်အာခီအစိုးရ အဖွဲ့ကိုဖွဲ့စည်းကာ ဝန်ကြီးရာထူး ၄ နေရာကိုခန့်အပ်ခဲ့ရာ ဘဏ္ဍာရေးဝန်ကြီး  ဆာဝီလျံကိ၊ ပြည်ထဲရေးဝန်ကြီး ဆာမောင်ခင်၊ ပညာရေးဝန်ကြီး နေရှင်နယ်လစ်ပါတီမှ အမ်အေမောင်ကြီးနှင့် သစ်တောရေးရာဝန်ကြီး အင်ဒီပင်းဒင့်ပါတီမှ ဂျေအေမောင်ကြီး တို့ကိုခန့်အပ်ခဲ့ပါသည်။

ဒုတိယအကြိမ်ရွေးကောက်ပွဲကို ၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင်ကျင်းပခဲ့ရာ မဲပေးနိုင်သူဦးရေ ၁၈၂၃၂၄၇ ဦးအနက် ၁၆ ဒသမ ၂၆ ရာခိုင်နှုန်းမဲပေးခဲ့ကြပါသည်။ ဝင်ရောက်ယှဉ်ပြိုင်သော ပါတီ ၄ပါတီရှိပြီး ပြည်သူပြည်သားပါတီ (People's Party))၊ သရာဇပါတီ၊ ရွှေတောင်ကြားပါတီနှင့် ဟုမ္မရူးလိဂ်ပါတီ (Home Rule League) တို့ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ပြည်သူပြည်သားပါတီ ၂၅ နေရာ၊ သရာဇပါတီ ၉ နေရာ၊ ရွှေတောင်ကြားပါတီ နေရာ၂၀ နှင့် ဟုမ္မရူးလိဂ်ပါတီ ၁၁ နေရာ အရွေးခံရပါသည်။ အစိုးရအဖွဲ့ဖွဲ့စည်းရာတွင်    ဘုရင်ခံက တိုက်ရိုက်ခန့်အပ် ဝန်ကြီးနှစ်ပါးမှာ ဘဏ္ဍာရေးဝန်ကြီး ဆာဝီလျံကိနှင့် ပြည်ထဲရေးဝန်ကြီး  ဦးမေအောင် တို့ဖြစ်ပြီး အင်အားကြီးပါတီတို့၏ ထောက်ခံမှုဖြင့် ပညာရေးဝန်ကြီး ဒေါက်တာဘရင်နှင့် သစ်တောရေးဝန်ကြီး ဦးအရိမ်တို့ကို ခန့်အပ်ခဲ့ပါသည်။

၁၉၂၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ တတိယအကြိမ်မြောက် ဒိုင်အာခီရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ပြည်သူပြည်သား ပါတီနှင့် ရွှေတောင်ကြားပါတီ စုစုပေါင်း ၂ ပါတီ ယှဉ်ပြိုင်ကြပါသည်။ ရွေးကောက်ပွဲတွင် ပြည်သူပြည်သားပါတီက အမတ် နေရာ ၄၀ ရွေးချယ်ခံရပြီး ရွှေတောင်ကြားပါတီက အမတ် ၁၂  နေရာသာရရှိခဲ့ပါသည်။ ဘုရင်ခံ ဆာချားလ်အင်းနစ်၏ အလိုကျ ခန့်အပ်ရသော ဝန်ကြီး ၂ နေရာမှာ ဘဏ္ဍာရေးဝန်ကြီး  ဆင်မြူရယ် ဒဂင်ဒရူးစမိုက်နှင့် ပြည်ထဲရေးဝန်ကြီး  ဆာဂျေအေမောင်ကြီးတို့ဖြစ်ပါသည်။ ကျန်ဝန်ကြီး ၂ ဦးမှာ ပညာရေးဝန်ကြီး ဝတ်လုံဦးဘတင်နှင့် သစ်တောရေးရာ ဝန်ကြီး ဦးအရိမ်ဖြစ်ပါသည်။

၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စတုတ္ထအကြိမ်မြောက် ဒိုင်အာခီရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံနှင့် တွဲရေးအဖွဲ့များဖြစ်သော ဦးချစ်လှိုင် ဂျီစီဘီအေနှင့် ဒေါက်တာဘမော်ပါတီ၊   ခွဲရေးအဖွဲ့များဖြစ်သော   အမ်အေမောင်ကြီး၏ ပြည်သူပြည်သားပါတီ စုစုပေါင်း ၃ ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြပါသည်။ ရွေးကောက်ပွဲတွင် အိန္ဒိယနိုင်ငံနှင့် တွဲရေးအဖွဲ့၊ ခွဲရေးအဖွဲ့၊ ကြားနေအဖွဲ့များပေါ်လာကြပြီး    ယင်းရွေးကောက်ပွဲတွင် တွဲရေးဘက်မှ ၄၂  ဦး၊ ခွဲရေးဘက်မှ ၂၉  ဦး၊ ကြားနေ တစ်သီးပုဂ္ဂလအမတ် ၉ ဦးတို့ အရွေးခံခဲ့ကြပါသည်။ အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ဘဏ္ဍာရေးဝန်ကြီး မစ္စတာကူးပါး၊ ပြည်ထဲရေးဝန်ကြီး  ဆာမောင်ဘ၊ သစ်တောရေးဝန်ကြီး    ဆာဂျေအေမောင်ကြီး၊ ပညာရေးဝန်ကြီး ဝတ်လုံတော်ရ ဦးကျော်ဒင်တို့အားခန့်အပ်ခဲ့ပါသည်။

၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ (စီရင်အုပ်ချုပ်မှု) အက်ဥပဒေ

    ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ (စီရင်အုပ်ချုပ်မှု) အက်ဥပဒေအရ မြန်မာနိုင်ငံအစိုးရသည် ပို၍အာဏာရရှိလာသည်။ ဗြိတိသျှ ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော ဘုရင်ခံနှင့် လွှတ်တော်နှစ်ရပ်ပါဝင်သော ဥပဒေပြုလွှတ်တော်တို့သည် ဥပဒေပြုခွင့် ရရှိလာကြသည်။  ယင်းအုပ်ချုပ်ရေးစနစ်ကို ၉၁ ဌာနအုပ်ချုပ်ရေးဟု ခေါ်တွင်သည့် ဥပဒေပြုလွှတ်တော်၏ အမတ်များကို လည်းကောင်း၊ ဝန်ကြီးများကို လည်းကောင်း ရွေးချယ်တင်မြှောက်ခွင့်   အထိုက်အလျောက်ပေးခဲ့ ကြောင်း တွေ့ရှိနိုင်ပေသည်။ ရွေးချယ်တင်မြှောက်သည့် အလေ့အကျင့်ကို  ပြည်သူလူထုအနေနှင့် အထိုက်အလျောက် ရရှိခဲ့သည်။   ဥပဒေပြုလွှတ်တော်တွင် လွှတ်တော်နှစ်ရပ်ရှိပါသည်။ အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House Of Representative)) တို့ဖြစ်ကြပါသည်။   အထက်လွှတ်တော်တွင် အမတ် ၃၆  ဦးပါဝင်ပြီး ထက်ဝက်ကို အစိုးရကခန့်အပ်၍ ထက်ဝက်ကို အောက်လွှတ်တော်၌ ရွေးချယ်တင်မြှောက်ပါသည်။ အောက်လွှတ်တော် အမတ်များထဲမှ အချိုးကျကိုယ်စားပြု ရွေးချယ်သည့် စနစ် (System Of Proportional Representation) ကျင့်သုံးပါသည်။

၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀  ရက်နေ့တွင် ၉၁ ဌာန အုပ်ချုပ်ရေးကာလ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။ ပထမဆုံးအကြိမ် ဥပဒေပြု အောက်လွှတ်တော်အမတ် ရွေးကောက်ပွဲဖြစ်ပါသည်။ အထွေထွေ မဲဆန္ဒနယ်များကို ကျေးလက်နှင့်မြို့မ မဲဆန္ဒနယ်များဟု ထပ်မံခွဲခြားထားသည်။ အိန္ဒိယလူမျိုး မဲဆန္ဒနယ်များ အားလုံးသည်     မြို့မမဲဆန္ဒနယ်များ ဖြစ်ကြသည်။

   အင်္ဂလိပ်-မြန်မာ ကပြားမဲဆန္ဒနယ်အဖြစ် မြန်မာနိုင်ငံတစ်ခုလုံးကို သတ်မှတ်သည်။ ဥရောပတိုက်သားများ မဲဆန္ဒနယ်အဖြစ်လည်း မြန်မာနိုင်ငံ တစ်ခုလုံးကို သတ်မှတ်ပါသည်။   အထူးမဲဆန္ဒနယ်များအဖြစ် သတ်မှတ်သော ကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်းများနှင့် တက္ကသိုလ်တို့ အတွက်လည်း သီးခြားပြဋ္ဌာန်းချက်များ ပါရှိပါသည်။ မဲစာရင်းသီးခြားပြုစု၍ ယင်းမဲစာရင်း၌ ပါဝင်သူများက ယင်းမဲဆန္ဒနယ်များ အတွက် ဆန္ဒမဲပေးရပါသည်။ ယင်းမဲစာရင်းတွင် ပါဝင်ရန်   ဗြိတိသျှ လက်အောက်ခံနိုင်ငံသား   သို့မဟုတ်    အိန္ဒိယတိုင်းရင်းသား မင်ဘာများပိုင် နယ်မြေ လက်အောက်ခံ နိုင်ငံသားများဖြစ်ရမည့်အပြင် အသက် ၂၁ နှစ် ပြည့်သူများဖြစ်ရပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ သတ်မှတ်ရာ၌ အရည်အချင်းများတွင် အခွန်ထမ်းဆောင်သူဖြစ်ခြင်း၊ ပစ္စည်းပိုင်ရှင်ဖြစ်ခြင်း စသည်တို့ကို တစ်ချိန်က  ထည့်သွင်းခဲ့ကြောင်း၊ အမြတ်ခွန် ထမ်းဆောင်သူဖြစ်ခြင်း သို့မဟုတ် အစိုးရဝန်ထမ်းအဖြစ်မှ အငြိမ်းစား နေသူဖြစ်ခြင်း သို့မဟုတ်      လူခွန် သို့မဟုတ် သဿမေဓခွန် ထမ်းဆောင်သူဖြစ်ခြင်း၊  ဒိစတြိတ်ကောင်စီ အခွန်ထမ်းဆောင်သူဖြစ်ခြင်း သို့မဟုတ် ငါးကျပ်ထက်မနည်းသော မြေခွန်ထမ်းဆောင်သူဖြစ်ခြင်း သို့မဟုတ် မြို့တွင်နေထိုင်သူဖြစ်လျှင် ကျပ်တစ်ရာထက်မနည်း တန်ဖိုးရှိသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း   ပိုင်ဆိုင်သူဖြစ်ခြင်း၊ မြို့တွင်နေထိုင်သူဖြစ်လျှင် မြူနီစီပယ်ခွန် ထမ်းဆောင်သူဖြစ်ခြင်း သို့မဟုတ် လေးကျပ်ထက် မနည်းသော အိမ်ငှားခရှိသည့်အိမ်တွင်  နေထိုင်သူဖြစ်ခြင်း စသည့်အခွန်ပေးဆောင်မှု သို့မဟုတ် ပစ္စည်းပိုင်ဆိုင်မှုတို့ကို  အရည်အချင်းတစ်ရပ်အဖြစ် ထည့်သွင်းခဲ့ကြောင်း သိရှိရပါသည်။            

    အောက်လွှတ်တော်တွင်  ပြည်သူတို့ရွေးချယ် တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ် ၁၃၂ ဦး ပါဝင်ပါသည်။ အောက်လွှတ်တော်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပါသည်။ အထက်လွှတ်တော်တွင် လွှတ်တော်အမတ် ၃၆  ဦးပါဝင်ပြီး    အထက်လွှတ်တော်၏ သက်တမ်းမှာ ခုနစ်နှစ်ဖြစ်ပါသည်။    ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရ ၇ ပါတီတွင် ငါးပွင့်ဆိုင်ပါတီမှ ၄၆ ဦး၊ ဆင်းရဲသားဝံသာနု (ဓားမ) ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင်ဂျီစီဘီအေ ပါတီမှ ၁၂ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းပါတီမှ ၃  ဦး၊ ဖေဘီယန်ပါတီမှ ၁ ဦး၊ ရွှေတောင်ကြားပါတီမှ ၂  ဦး၊ သက်ပန်းဂျီစီဘီအေပါတီမှ ၁  ဦးနှင့် တစ်သီးပုဂ္ဂလ ၁၇ ဦးတို့ အနိုင်ရရှိကြပါသည်။ ငါးပွင့်ဆိုင်ပါတီတွင် ဦးဘဘေ၏ ပြည်သူပြည်သားပါတီ၊ ရွှေကျင်ဦးပု၏ လွတ်လပ်ရေး ပါတီ၊ အမ်အေမောင်ကြီးအဖွဲ့၊ မန္တလေးဗဟိုစည် ဦးဘဦးတို့အဖွဲ့၊   ရတနာပုံအသင်းချုပ်ကြီးတို့ ပါဝင်ဖွဲ့စည်းထားရာ ငါးပွင့်ဆိုင်ပါတီသည် အမတ်အများဆုံး အနိုင်ရရှိသော်လည်း အမှန်တကယ် အစိုးရဖွဲ့သောအခါ နန်းရင်းဝန်၊ ဝန်ကြီးနှင့် အမတ်နေရာများ အပေါ် အဝေမတည့်ဖြစ်ရကာ ညွန့်ပေါင်းအစိုးရ အဖွဲ့ ဖွဲ့စည်းခဲ့ရပါသည်။  ၉၁ ဌာန ကျင့်သုံးနေစဉ် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့သဖြင့် ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပခြင်းမရှိခဲ့ပေ။

စစ်ပြီးခေတ်မြန်မာနိုင်ငံ

    ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်   ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် ပင်လုံစာချုပ်ပါ တိုင်းရင်းသား လူမျိုးစုများပါ ကိုယ်စားပြုပါဝင်သည့် အောင်ဆန်း-အက်တလီ သဘောတူညီချက်နှင့် အညီ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ (စီရင်အုပ်ချုပ်မှု) အက်ဥပဒေပါ ရွေးကောက်ပွဲ ယန္တရားများကို အသုံးပြု၍ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဖဆပလ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည်။ အခြေခံအချက်များကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော် အစည်းအဝေးသို့ တင်သွင်း၍ ၁၈ ရက်နေ့တွင် အဖွဲ့ဝင် ၇၅ ဦးထက်မနည်း ပါဝင်သော အခြေခံဥပဒေကော်မတီကို တိုင်းပြည်ပြု လွှတ်တော်က ဖွဲ့စည်းပေးခဲ့သည်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်းပြည်ပြု လွှတ်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ဘုရင်ခံ ကောင်စီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဝင်ရောက်တာဝန်ယူသူ ဦးနုနှင့် အဖွဲ့သည် လန်ဒန်မြို့သို့သွားရောက်၍ နု-အက်တလီစာချုပ်ဟု အမည်တွင်သည့်  စာချုပ်ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်တွင် ဗြိတိသျှအစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား  လုံးဝလွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။

    ၁၉၄၇ ခုနှစ် စစ်ပြီးခေတ် ရွေးကောက်ပွဲ ကျင်းပမှု စစ်ပြီးခေတ် ရွေးကောက်ပွဲများကို မူလက ရွေးကောက်ပွဲမင်းကြီး တစ်ဦးခန့်ထားပြီး ယင်း၏စီမံခန့်ခွဲမှု၊ ကြီးကြပ်မှုအောက်တွင်   ရွေးကောက်ပွဲများကို ကျင်းပခဲ့ကြပါသည်။ ၁၉၄၆ ခုနှစ်မှ စတင်ခဲ့သည့် ရွေးကောက်ပွဲမင်းကြီးများမှာ ဦးကာစီ၊ ဦးလှရှိန်၊ ဦးကျော်၊ ဦးလှိုင်ဘွား၊ ဦးစံညွန့်၊ ဦးဘဌေး၊ ဦးအုန်းဖေ တို့ဖြစ်သည်။ ၁၉၆၁-၁၉၆၂ ခုနှစ်တွင် ပထမဆုံးရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲများကို ရွေးကောက်ပွဲမင်းကြီးချုပ်နှင့် ရွေးကောက်ပွဲမင်းကြီးများက အဖွဲ့ဖြင့် တာဝန်ယူ စုပေါင်းဆောင်ရွက် လာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သတိုးသီရိဓမ္မဦးတင်က ရွေးကောက်ပွဲ မင်းကြီးချုပ်အဖြစ် ဆောင်ရွက်၍ ရွေးကောက်ပွဲမင်းကြီးများအဖြစ် သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင်နှင့်  ဝဏ္ဏကျော်ထင်ဦးအုန်းဖေတို့ ဆောင်ရွက်သော ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းမှာ တစ်နှစ်ခန့်သာ ကြာမြင့်ခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် ခန့်ထားသော ကော်မရှင်ကို တော်လှန်ရေး ကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၈ ရက်နေ့မှစ၍ ဖျက်သိမ်းခဲ့ကာ အဖွဲ့ဝင်သုံးဦးတို့၏ အလုပ်ဝတ္တရားများကိုလည်း ယင်းနေ့မှစ၍ ရပ်စဲခဲ့သည်။

   ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများဖြစ်သော    ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ)၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကရင်အမျိုးသား သမဂ္ဂတို့သာမက တစ်သီးပုဂ္ဂလများပါ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ရွေးကောက်ပွဲတွင် နေရာ ၂၅၅ နေရာအနက် လူမျိုးစု ၅၅ နေရာကို ချန်လှပ်ပြီး ရွေးချယ်တင်မြှောက်ကြပါသည်။ ယင်းရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများနှင့် ဖဆပလအဖွဲ့ချုပ်က ကြိုတင်အမည်စာရင်း သတ်မှတ်ပေးသည့်    ကိုယ်စားလှယ်လောင်းများ ရွေးချယ်တင်မြှောက်ခံရပါသည်။

    ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ) က ၁၇၂ နေရာ၊ ကရင် တိုင်းရင်းသား ၂၄  နေရာ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ၇  နေရာ၊ အင်္ဂလိပ်- ဗမာကပြား ၄ နေရာနှင့် တစ်သီး ပုဂ္ဂလ ၃ နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။ အင်္ဂလိပ် - ဗမာကပြား ၄ နေရာနှင့် တစ်သီးပုဂ္ဂလ ၃ နေရာမှလွဲ၍ ကျန်အမတ်များအားလုံး ဖဆပလနှင့် ပူးပေါင်းခဲ့ရာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ) က ၂၅၅ နေရာအနက် ၂၄၃ နေရာရရှိရာ ၉၅ ဒသမ ၃ ရာခိုင်နှုန်းရရှိခဲ့သည်။

လွတ်လပ်ရေးရပြီးခေတ် ရွေးကောက်ပွဲများ

    မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဖဆပလခေတ် (၁၉၄၈-၁၉၆၂ ခုနှစ်) တွင် ပါလီမန်အထွေထွေ ရွေးကောက်ပွဲသုံးကြိမ် ကျင်းပခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၂၃၃ တွင် “ဤအခြေခံဥပဒေအရ ကျင်းပသော ပထမအမတ် ရွေးကောက်ပွဲကို ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစ၍ (၁၈) လအတွင်း ကျင်းပရမည်”ဟု ဖော်ပြပါရှိသော်လည်း    လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာခဲ့သော   ပြည်တွင်းပဋိပက္ခကြောင့် ပထမအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲ အား ၁၉၅၁ ခုနှစ် ဇွန်လ ၁၂၊ ၁၃ ရက်နေ့မှ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ၍ ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၁၂ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။

    ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက် အရ ဖဆပလအဖွဲ့ချုပ် နေရာ ၁၈၀၊ ဗမာပြည်အလုပ်သမား လယ်သမားပါတီ ၆ နေရာ၊ ပြည်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ ၁၄ နေရာ၊ ရခိုင်အမျိုးသား အဖွဲ့ ၉ နေရာ၊ တစ်သီးပုဂ္ဂလ ရခိုင်မွတ်ဆလင်များ ၄  နေရာ၊ ကရင်အမျိုးသားကွန်ဂရက် ၃  နေရာ၊ ချင်းနိုင်ငံရေးအဖွဲ့အစည်းများ ၅ နေရာ၊ အခြားတစ်သီးပုဂ္ဂလများ ၈ နေရာတို့  အမတ်များ ရွေးချယ်ခံရပါသည်။ ထိုရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ်က ၉၅   ဒသမ ၃   ရာခိုင်နှုန်းဖြင့်   အနိုင်ရရှိခဲ့ပါသည်။

    ဒုတိယအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲ အား ၁၉၅၆ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ ဇွန်လအထိ ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၂၉ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဖဆပလအဖွဲ့ချုပ် ၁၄၄ နေရာရရှိခဲ့ပြီး ဆန္ဒမဲပေါင်း ၁၇၄၃၈၁၆ မဲဖြင့် မဲပေးမှုရာခိုင်နှုန်းမှာ ၄၇ ဒသမ ၉ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) အမတ် ၄၆ နေရာ ရွေးချယ်ခံရပြီး ဆန္ဒမဲပေါင်း ၁၁၃၉၂၀၆ မဲဖြင့် မဲပေးမှုရာခိုင်နှုန်းမှာ ၄၄ ဒသမ ၈ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ ၁၉၅၆ ခုနှစ် ပါလီမန် အထွေထွေရွေးကောက်ပွဲတွင် ဖဆပလကသာ အနိုင်ရရှိသော်လည်း ၁၉၅၈ ခုနှစ် မေလတွင် ဦးနု၊ သခင်တင် တို့ခေါင်းဆောင်သော သန့်ရှင်းဖဆပလ အုပ်စုနှင့် ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ ခေါင်းဆောင်သော တည်မြဲဖဆပလ အုပ်စုဟူ၍ ဖဆပလ နှစ်ခြမ်းကွဲခဲ့ပါသည်။ အနိုင်ရရှိသော ဦးနုခေါင်းဆောင်သည့်  အစိုးရအသစ် ပြန်လည်ဖွဲ့စည်း ခဲ့ပါသည်။

    တတိယအကြိမ်ပါလီမန် အထွေထွေရွေးကောက်ပွဲ မကျင်းပမီ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေးသမားများကြား အာဏာလွန်ဆွဲပွဲများ ပြင်းထန်လာသော အခြေအနေများကြောင့် ပြည်တွင်းအခြေအနေ အရပ်ရပ် မတည်ငြိမ်မှုများ ဖြစ်လာသဖြင့် ဝန်ကြီးချုပ်ဦးနုသည် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော အိမ်စောင့်အစိုးရထံ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးခဲ့၍ ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လွတ်လပ်ပြီး တရားမျှတသော ပါလီမန်အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါသည်။ ထိုရွေးကောက်ပွဲသည် တတိယအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၃ ပါတီနှင့် အဖွဲ့အမည် မပါသော တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ   ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာ၂၅၀ အနက် သန့်ရှင်းဖဆပလ   ၂၀၃ နေရာ၊ တည်မြဲ ဖဆပလ ၃၉ နေရာ၊ မြန်မာနိုင်ငံအမျိုးသား ညီညွတ်ရေးတပ်ပေါင်းစု (ပမညတ)  ၁  နေရာ အမတ်များ ရွေးချယ်ခံရပါသည်။ အနိုင်ရရှိသော သန့်ရှင်းဖဆပလသည် ၁၉၆၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့တွင် ညီလာခံကျင်းပ၍ ပြည်ထောင်စုပါတီ (ပထစ)ဟူ၍ပြောင်းလဲခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် အနိုင်ရရှိသော ပြည်ထောင်စုပါတီ (ပထစ) ကို အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် အာဏာပြန်လည် လွှဲပြောင်းရာတွင် ဝန်ကြီးချုပ်ဦးနုက နိုင်ငံတော်အကြီးအကဲ တာဝန်ကို  ဆက်လက်ထမ်းဆောင်ခဲ့ပါသည်။

တော်လှန်ရေးကောင်စီ ရွေးကောက်ပွဲများ

    ပြည်ထောင်စုအစိုးရ (၁၉၆၀ - ၁၉၆၂ ခုနှစ်) လက်ထက်တွင် ရခိုင်နှင့် မွန်ပြည်နယ်ပေးရေး ပြဿနာများသာမက  ဗုဒ္ဓဘာသာကို  နိုင်ငံတော်ဘာသာ ပြုလုပ်သည့် ကိစ္စများအပြင် ဖက်ဒရယ်မူပြဿနာများ ပေါ်ပေါက်လာပြီး နိုင်ငံရေး အခြေအနေ ယိမ်းယိုင်ယိုယွင်းလာသော   အခြေအနေ အရပ်ရပ်ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော တပ်မတော်က  ၁၉၆၂ ခုနှစ် မတ်လ ၂  ရက်နေ့တွင် နိုင်ငံတော်အား တာဝန်ယူခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရဖွဲ့စည်းခဲ့ကာ မတ်လ ၃ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်ကို ဖျက်သိမ်းလိုက်ရာ ပါလီမန်ဒီမိုကရေစီခေတ် အဆုံးသတ်ခဲ့ပါသည်။

    ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှစ၍ တော်လှန်ရေး ကောင်စီက နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းရန် ရှိနေသည့်အတွက် ၁၉၇၃ ခုနှစ်အထိ ရွေးကောက်ပွဲများကို  ကျင်းပခြင်း မပြုနိုင်ခဲ့ပါ။   ၁၉၇၃ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို   နိုင်ငံတော် တစ်ဝန်းလုံးတွင် ကျင်းပခဲ့ပါသည်။ ၁၉၇၃ ခုနှစ်  ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်ဥပဒေအရ ဥက္ကဋ္ဌ ဦးစိုးရနှင့် အဖွဲ့ဝင် ၂၆ ဦး စုစုပေါင်း ၂၇ ဦး ပါဝင်သော ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ကို ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၀၇) ဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ပုံမှန်ရွေးချယ် တင်မြှောက်ပွဲများကို လေးကြိမ် ကျင်းပခဲ့ပါသည်။ 

(ဆက်လက်ဖော်ပြပါမည်။)

မောင်ရွှေရိုး