သစ်ပင်သစ်တောများ ရှင်သန်ကြီးထွားရေး ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေး
နိုင်ငံတစ်နိုင်ငံအတွက် သစ်တောများ၊ သစ်ပင်ကြီးများနှင့် သစ်တောထွက် သယံဇာတများသည် သဘာ၀ကပေးသော လက်ဆောင်များပင်ဖြစ်သည်။ သစ်ပင် တစ်ပင်လျော့နည်းသွားတိုင်း အစားထိုးစိုက်ပျိုးမှုစနစ်ကို ပြုလုပ်သင့်၏။ မြန်မာနိုင်ငံ၌ နိုင်ငံသားများအတွက် အမြဲစိမ်းသစ်တော ၄၁ ရာခိုင်နှုန်း၊ ရွက်ပြတ်ရောနှော တော ၃၇ ရာခိုင်နှုန်း၊ ခြောက်သွေ့တော ၁၀ ရာခိုင်နှုန်း၊ ဒီရေတော ၄ ရာခိုင်နှုန်း၊ အင်တိုင်းတော ၅ ရာခိုင်နှုန်း၊ ပလပ်မြေ ၃ ရာခိုင်နှုန်းရှိကြောင်း သစ်တော နှင့်ဆိုင်သော စာပေများတွင် ဖတ်ရှုမှတ်သားရသည်။ ထိုသစ်တောများတွင် အမြဲစိမ်းသစ်တောသည် ရာခိုင် နှုန်းအများဆုံး ပေါက်ရောက်နေပြီး မြန်မာနိုင်ငံအတွက် သစ်တောထွက် ပစ္စည်းကိုသာမက ရေ၊ လေ၊ ရာသီဥတုတို့ကိုပါ ညီမျှစေသည်ဟုလည်း လေ့လာသိရှိရသည်။
ဥတုရာသီတောကိုမှီဟု အဆိုရှိခဲ့သည်နှင့်အညီ သစ်ပင်သစ်တောများသည် ဒေသတွင်း ရာသီဥတုကို လွှမ်းမိုးထားသည်။ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် လေ့လာရေးအဖွဲ့များက သစ်တောသုံးမျိုး ရှိသည်ဟုဆို သည်။ ယင်းတို့မှာ သက်တမ်းရင့် သက်ရင့်သစ်တော၊ သက်တမ်း ၁၀၀ ကျော်နှင့် ၁၀၀ ကြားရှိ လူတို့ ခုတ်လှဲခြင်းမရှိသည့် သစ်တောနှင့် တောရိုင်းတိရစ္ဆာန်များ မှီခိုနေထိုင်ကြသော သစ်တောတို့ဖြစ်သည်။
ယင်းသစ်တောများအပြင် ထပ်မံ၍ နှောင်းဖြစ် သစ်တော (ခုတ်လဲှပြီး သစ်တောများနေရာ၌ ပြန်၍ ပေါက်လာသောသစ်တော)၊ စိုက်ခင်းသစ်တော (စိုက်ပျိုးထားသည့်သစ်တော)ဟူ၍ တွေ့ရှိရကြောင်း သိရသည်။ သို့သော် သစ်တောဂေဟစနစ် မပျက်မစီး ကျန်ရှိနေသောပမာဏသည် ကမ္ဘာ့မြေပြင်၏ ၁၂ ရာခိုင်နှုန်းသာရှိကြောင်း သစ်တောထိန်းသိမ်းရေး ပညာရှင်များကဆိုသည်။
မူလကရှိခဲ့ပြီးသော အရင်းအမြစ်အရ တစ်ကမ္ဘာလုံး သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ဟက်တာသန်းပေါင်း ၃၄၄၀ ရှိပြီး ရေ၊ မြေ၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သစ်တောပြုန်းတီးမှု များစွာရှိခဲ့သည်။ ထိုသစ်တော ပြုန်းတီးမှုအများဆုံးမှာ အရှေ့တောင်အာရှဒေသ၌ ဖြစ်သည်ဟုလည်း ဆိုကြသည်။ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုအတွင်း တစ်ကမ္ဘာလုံးရှိ ဒီရေတော ၃၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း သုတေသနပြုသူများက ဆိုသည်။
သစ်ပင်သစ်တောများသည် သဘာဝအလျောက် ဖြစ်ထွန်းမှုများ ရှိသည်မှာမှန်သော်လည်း သဘာဝဘေးကြောင့် ပျက်စီးခြင်း၊ လူတို့မဆင်မခြင် ခုတ်လှဲသဖြင့် ပျက်စီးခြင်း စသည်တို့ကြောင့် သစ်တောပြုန်းတီးမှုများ လည်းရှိသည်။
သစ်ပင်သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်မှသာ ပျက်စီးခြင်းဘေးမှ ကင်းဝေးနိုင်မည်ဖြစ်ပြီး သစ်ပင်သစ်တောများ ရှင်သန်ကြီးထွားလာမည်ဖြစ်သည်။
သစ်တောထူထပ်ရာကို ဖြတ်သန်း တိုက်ခတ်လာသော လေသည် ရေငွေ့ပြန်မှုများပြီး အအေးဓာတ်များလာကာ မိုးရွာသွန်းမှုကိုဖြစ်စေသည်။ ထိုမိုးရေကို သစ်ပင်သစ်တောများကပင် ထိန်းထားပြန်၏။ ထိုအခါ သင့်တင့်မျှတသော ရာသီဥတုကို ဖြစ်ပေါ်စေသည်။ ဤသို့ သံသရာလည်မှုသည် ကောင်းကျိုးကိုဖြစ်စေသဖြင့် သစ်ပင်သစ်တောများ ပြုန်းတီးမှုမရှိစေရေးအတွက် ကာကွယ်ထိန်းသိမ်းကြရန် လိုသည်။
နိုင်ငံတော်အစိုးရသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် နိုင်ငံအတွင်း သစ်တောကြိုးဝိုင်းများ၊ ဘေးမဲ့တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တည်ထောင်ခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ အပူပိုင်းဒေသများနှင့် ကမ်းရိုးတန်း ဒေသများ၌ သစ်တောများ ပြန်လည်တည်ထောင် စိုက်ပျိုးခြင်း အပါအဝင် နှစ် ၃၀ အမျိုးသားသစ်တော သစ်ပင်ဘက်စုံ စီမံကိန်းများ ရေးဆွဲ အကောင်အထည် ဖော်လျက်ရှိရာ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းလုံးတွင် သစ်တောစိုက်ခင်း ဟက်တာငါးသိန်းကျော် တည်ထောင် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ ပြည်သူတစ်ရပ်လုံးကလည်း လူထုလှုပ်ရှားမှု အသွင်ဖြင့် တစ်နိုင်ငံလုံး၌ သစ်ပင်မျိုးစုံ ၇၉ သန်း စိုက်ပျိုးနိုင်ရန် အမျိုးသား စိမ်းလန်းရေး လုပ်ငန်းစဉ်ကို ချမှတ်အကောင်အထည် ဖော်ခဲ့ကြသည်။
သက်ဆိုင်ရာမှလည်း သစ်တောစိုက်ပျိုးပြုစု ထိန်းသိမ်းရေး လုပ်ငန်းများတွင် ဒေသခံများ ပါဝင်ဆောင်ရွက်နိုင်ရန် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာပြီး ထိုလမ်းညွှန်ချက်များနှင့်အညီ ဒေသခံပြည်သူများ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ စာရင်းများအရ သက္ကရာဇ် ၂၀၀၀ ကျော် ကာလများအထိ သစ်တောအသုံးပြုသူ လေးသောင်းခန့် ရှိပြီး သစ်တောဧရိယာဧက တစ်သိန်းကျော်ကိုလည်း စိုက်ပျိုး တည်ထောင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ သစ်တောဦးစီးဌာနသည် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝသစ်တောများ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်များကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းဘေးမှ ကင်းဝေးစေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ကြရန် သတိပြုဆင်ခြင် ရမည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်ထားသည်။ ယင်းလုပ်ငန်းစဉ်များမှာ-
- သစ်ပင်သစ်တောများသည် ပြန်လည်ဖြစ်ထွန်းမြဲ သယံဇာတများဖြစ်၍ သုံးပြီး၊ ခုတ်ပြီး ပြန်စိုက်လျှင် ရနိုင်သောကြောင့် ပြန်စိုက်ရန်
- သစ်ထုတ်လုပ်မှုလုပ်ငန်းများကို ဂရုပြု၍လျှော့ချရန်
- ပြဋ္ဌာန်းထားသော သစ်တောဥပဒေကို အတိအကျ လိုက်နာရန်
- သစ်ပင်များကို စနစ်တကျခုတ်လှဲကြရန်
- သစ်တောတစ်တောလုံးပြောင်အောင် ခုတ်ခြင်းမှ ဆင်ခြင်ရန်
- သစ်ပင်များကိုရွေးချယ်၍ ခုတ်ရန်၊ အတန်းခြား ခုတ်ရန်၊ တစ်ချိန်တည်းမှာပင် အစားထိုးစိုက်ပျိုးရန်
- အစားထိုးလောင်စာများကို ပိုမိုအသုံးပြုထုတ်လုပ်ပြီး နေစွမ်းအင်၊ လေစွမ်းအင်၊ ဘူမိအပူစွမ်းအင် နှင့် သဘာဝဓာတ်ငွေ့များကို အသုံးချခွင့်ရအောင် စီမံပေးရန်-စက္ကူဟောင်းများကို အသုံးပြုပြီး စက္ကူသစ်ပြန်ထုတ်ရန်
- တောမီးလောင်ခြင်းနှင့် မီးရှို့ခြင်းများကို ကာကွယ် တားဆီးရန်
- သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနယ်မြေများကို သတ်မှတ်တည်ထောင်ရန် တို့ဖြစ်ပြီး အဆိုပါ အချက်များကို လိုက်နာကြမည်ဆိုလျှင် သစ်ပင်သစ်တောများသည် မိမိတို့ပယောဂဖြင့် ပျက်စီးယိုယွင်းခြင်းဖြစ်လာမည် မဟုတ်ကြောင်း သိရှိကြရမည်ဖြစ်သည်။
ကမ္ဘာပေါ်၌ သစ်တောပြုန်းတီးမှုကြောင့် သစ်ပင်များသည် နှစ်စဉ် ဧက ၂၇ သန်းခန့် ပျောက်ကွယ် လျက်ရှိကြောင်း ကမ္ဘာ့သစ်တောရေးရာ သုတေသီများက ခန့်မှန်းတွက်ချက်ခဲ့ကြသည်။ ထို့ပြင် ကမ္ဘာ့ရာသီ ဥတု ပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာသော ရေကြီး၊ရေလွှမ်း၊ မုန်တိုင်းကျ၊ မိုးခေါင်မှုများကြောင့်လည်း သစ်ပင်သစ်တောများ လျော့နည်းခဲ့ရသည်။ လေထု ညစ်ညမ်းမှုကြောင့် လေထုထဲမှ အလူမီနီယမ်ကဲ့သို့ အဆိပ်အတောက်များ ဖြစ်ပေါ်လာခြင်း၊ အက်စစ်မိုး များရွာသွန်းခြင်း၊ မြေဆီလွှာကို တိုက်ရိုက်ထိခိုက်စေ ခြင်း၊ မြေဆီလွှာ အပေါ်ယံလွှာရှိ ရေအရင်းအမြစ်များ ခန်းခြောက်ပျက်စီးခြင်း စသည်တို့ဖြစ်စေပြီး အကျိုးဆက်အနေဖြင့် သစ်ပင်သစ်တောများကို ထိခိုက်စေနိုင်သည်။
ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ သစ်တောများ၊ ရေထု၊ မြေထု၊ လေထု၊ ဇီဝမျိုးစုံမျိုးကွဲများကို အဆီးအတားမရှိ သုံးစွဲနေခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး ကမ္ဘာကြီး ပူနွေးလာကာ ပျက်စီးယိုယွင်းမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုပျက်စီးမှုများတွင် သစ်ပင်သစ်တောကြီးများ ပျက်စီးမှုက လူသားများအတွက် ကောင်းကျိုးကို မဲ့စေသည်။
မြန်မာနိုင်ငံအနေဖြင့် မိမိတို့ဒေသစိမ်းလန်းစိုပြည် ရေးအတွက် သစ်ပင်သစ်တောများကို တိုးချဲ့စိုက်ပျိုး လျက်ရှိသည်။ အစဉ်အဆက် ကောင်းကျိုးကိုဖြစ်ထွန်း စေသော သစ်ပင်စိုက်ပျိုးခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ စိတ်တည်ငြိမ် လန်းဆန်းခြင်း၊ မိသားစုစီးပွားရေးကို အထောက်အကူပြုခြင်းဟူသော ကောင်းကျိုးများ ခံစားရနိုင်သောကြောင့် သစ်တောကို စောင့်ရှောက်ခြင်း၊ သစ်ပင်သစ်တောများ ပျက်စီးမှု ဘေးမရှိစေရန် ကာကွယ်ခြင်းများ ပြုလုပ်သင့်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထား အရ သစ်ပင်သစ် တောများအတွက် ကောင်းမွန်လုံလောက်သော ရေ၊ မြေ၊ ရာသီဥတုတို့ရှိသည်။ သစ်တော ဖုံးလွှမ်းမှုများလည်း အားကောင်းခဲ့ဖူးသည်။ သို့သော် အထွေထွေသော ဘေးများကြောင့် လျော့နည်းခဲ့ရသည်ကိုလည်း တွေ့ရသည်။ နှစ်အလိုက် လျော့နည်းမှုများနှင့် ပတ်သက်ပြီး သစ်တောထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ၁၉၇၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၆၀ ဒသမ ၈၉ ရာခိုင်နှုန်း၊ ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၇ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၀ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်တွင် နိုင်ငံဧရိယာ ၏ ၄၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိကြောင်း မှတ်တမ်းပြုစုခဲ့သည်။
အထွေထွေသော သဘာဝဘေးများအပြင် လူတို့ ခုတ်လဲှမှုများကြောင့် ပြုန်းတီးခဲ့ရသော သစ်ပင်သစ်တောများသည် ပြန်လည်ဖြစ်ထွန်းမြဲ၊ စိုက်ပျိုးလျှင် ပြန်ရှင်သန် မြဲဖြစ်၍ အစားထိုးစိုက်ပျိုးမှုကို အလေးထား လုပ်ဆောင်သင့်သည်။ မြန်မာနိုင်ငံ၏ ရေ၊ မြေသည် သစ်ပင်သစ်တောများ စိုက်ပျိုးဖြစ်ထွန်း လွယ်သဖြင့် မိမိတို့ သုံးစွဲမိ၍ ကုန်ဆုံးသွားသည့် သစ်ပင်တစ်ပင်၏ နေရာတွင် သစ်ပင် ၁၀ ပင်စိုက်ခြင်းဖြင့် စိမ်းစိုသော သစ်တောကြီးများ ဖန်တီးသင့်သည်။ တစ်ဦးတစ်ယောက်မှသည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြမည်ဆိုပါက သစ်ပင်သစ်တောများ အမြဲရှင်သန် ကြီးထွားနေမည်ဖြစ်သည်။ ။
မြမဉ္စူဝေ(ကျုံမငေး)