တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေ)မှ  စစ်ရေယာဉ်များသို့ သွားရောက်လေ့လာ၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲပြုလုပ်

 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေ)မှ  စစ်ရေယာဉ်များသို့ သွားရောက်လေ့လာ၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ ၂၉ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ်စစ်ရေယာဉ် Jing Zhou တို့ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများက သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

အဆိုပါ စစ်ရေယာဉ်များကို လာရောက်လေ့လာသော တပ်မတော်(ရေ)မှ အရာရှိကြီးများအား စစ်ရေယာဉ်များ၏ အဖွဲ့ခေါင်းဆောင် Senior Captain Sun Bo နှင့် တာဝန်ကျတပ်ဖွဲ့တို့မှ ကြိုဆိုခဲ့ကြပြီး ရေယာဉ်ပေါ်တွင် လိုက်လံရှင်းလင်းပြသပေး ကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ဖျက်သင်္ဘော Zi Bo ပေါ်၌ ညစာစားပွဲ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် နှစ်နိုင်ငံမှ အရာရှိများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် များသည် သန်လျင်တပ်နယ်အားကစားခန်းမတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်းနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များအနေဖြင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေး ခရီးသွား ရောက်လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။