လိဒ်အသင်းနှင့်ပွဲတွင် ထုတ်ပယ်ခံရသောပီပီ၏လုပ်ရပ်ကို အာတီတာလက်မခံအာဆင်နယ်အသင်း ဂိုးမသွင်း နိုင်သည်မှာ ပွဲကစားချိန်ပေါင်းခုနစ်နာရီခန့်ရှိပြီဖြစ်

လိဒ်၊ ဘောလုံး

အာဆင်နယ်အသင်းသည် လိဒ်ယူနိုက်တက်အသင်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး တောင်ပံတိုက်စစ် ကစားသမား ပီပီသည်  ပြိုင်ဘက် လိဒ်ခံစစ်မှူး အလီယိုစကီ၏မျက်နှာကို ခေါင်းဖြင့်တိုက်ခဲ့၍ အနီကတ်ထိပြီး သုံးပွဲပယ်ခံရရာ ပွဲချိန်မိနစ် ၄၀ ကို တစ်ဦးလျော့ဖြင့် ကစားခဲ့ရသည့်အတွက် အာဆင်နယ်နည်းပြ အာတီတာက လက်မခံနိုင်စရာလုပ်ရပ်ဟု  ပီပီကို ဝေဖန်ခဲ့သည်။

အာဆင်နယ်အသင်းသည် တစ်ဦးလျော့ဖြင့် ကစားခဲ့ရပြီးနောက် လိဒ်အသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှု ကိုခံခဲ့ရပြီး လိဒ်အသင်းဘက်မှကန်ချက် သုံးကြိမ်တိုင်ထိခဲ့ခြင်းကြောင့်သာ ကံကောင်း၍  တစ်မှတ်ရခဲ့ခြင်း ဖြစ်သည်။ ပေါင် ၇၂ သန်းပေး၍ခေါ်ခဲ့ရပြီး ထိုက်တန်သည့် ခြေစွမ်းမပြနိုင်သဖြင့် ပုံမှန်ကစားခွင့်မရသော ပီပီသည် ယခုအခွင့်အရေးရချိန်တွင်လည်း အသင်းနစ်နာစေသောလုပ်ရပ်ကို လုပ်ဆောင်ခဲ့သဖြင့်  အာတီတာ က ယခုကဲ့သို့ အပြစ်တင်ပြောကြားခဲ့သည်။

အာတီတာက “လက်မခံနိုင်စရာပဲ။ ဒီလိုအဆင့်မှာ ဒီလိုမျိုးလုပ်လို့မရဘူး။ ပီပီ ထုတ်ပယ်မခံရမီအထိ ဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ရလဒ်ကို  ဖန်တီးယူနိုင်တဲ့ အနေအထားပါ။  ကျွန်တော်က သရေပွဲမျိုးကို ဘယ်တော့မှမကြိုက်ဘူး။ အခုဖြစ်စဉ်မှာလည်း တစ်မှတ်ပဲရခဲ့တယ်။ ပထမပိုင်းမှာ မတူညီတဲ့ အချိန်ပိုင်း နှစ်ပိုင်းရှိခဲ့တယ်။  ပြိုင်ဘက်ကို နေရာလွတ်တွေပေးခဲ့တယ်။  ဒုတိယပိုင်းကတော့ ခံစစ်ပိုင်းဖြစ်လာတယ်။  ခံစစ်ကို စိတ်ရှည်စွာ ကောင်းကောင်းကစားနိုင်ခဲ့တယ်” ဟု ပြောသည်။

ထိုပွဲကို စကိုင်းရုပ်သံမှ သုံးသပ်တင်ဆက်ခဲ့သည့် မန်ယူခံစစ်မှူးဟောင်း အီဗရာကလည်း ပီပီအနေဖြင့် အမှား ကျူးလွန်ခဲ့၍ အသင်းဖော်များကို တောင်းပန်သင့်ကြောင်း၊ သို့သော် လိဒ်ခံစစ်မှူး အလီယိုစကီမှာ   ဟန်ဆောင်မှု ပိုလွန်းခဲ့သဖြင့် အော်စကာဆုနှင့်ပင် ထိုက်တန်ကြောင်း ဝေဖန်ခဲ့သည်။

အီဗရာက “အာဆင်နယ်အသင်း စီမံထားမှုတွေ ဖြစ်မလာနိုင်တော့တဲ့အတွက်  ပီပီက အသင်းဖော်တွေကို ပြန်တောင်းပန်သင့်တယ်။  အလီယိုစကီကတော့ နှာခေါင်း  ဒါမှမဟုတ်  တစ်ခုခုအရိုးကျိုးသွားတဲ့အတိုင်း   ဟန်ဆောင်ပြနေပုံက အော်စကာဆုနဲ့တောင် ထိုက်တန်တယ်” ဟု ဝေဖန်ခဲ့သည်။

အာဆင်နယ်အသင်းသည်အောက်တို ဘာ ၄ ရက်က ရှက်ဖီးလ်ယူနိုက်တက်နှင့်ပွဲပြီးနောက် ပရီးမီးယား လိဂ်ပွဲများ၌ ဂိုးမသွင်းနိုင်သည်မှာ ပွဲကစားချိန်ပေါင်း ခုနစ်နာရီခန့်ရှိပြီဖြစ်ကြောင်း အာတီတာကပြောသည်။

Ref: ESPN