လီဗာပူးအသင်း အမှတ်ပေးပြိုင်ပွဲ အိမ်ကွင်း ၆၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်

လီဗာပူး၊ ဘောလုံး

လီဗာပူးအသင်းသည် ဒဏ်ရာရကစားသမားများစွာ ရှိနေခဲ့သော်လည်း နိုဝင်ဘာ ၂၂ ရက်ညက  လက်စတာနှင့် ပရီးမီးယားလိဂ်  အိမ်ကွင်းပွဲ၌  တိုက်စစ်မှူးသစ်  ဒီယေဂိုဂျိုတားနှင့် ဖာမင်နိုတို့၏ သွင်းဂိုးများအပြင်   လက်စတာခံစစ်မှူး ဂျွန်နီအီဗန် ကိုယ့်ဂိုးကိုယ်သွင်းခြင်းကြောင့် သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထိုနိုင်ပွဲကြောင့် လီဗာပူးအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံးအိမ်ကွင်း ၆၄ ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ကာ အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်းအကောင်းဆုံးရလဒ်ကို စံချိန်တင်ရယူနိုင်ခဲ့သည်။ လီဗာပူးအသင်း၏  ယခင်အိမ်ကွင်းရလဒ် အကောင်းဆုံးစံချိန်မှာ ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်ကြား အမှတ်ပေးပြိုင်ပွဲ အိမ်ကွင်း ပွဲ ၆၃ ပွဲဆက် ရှုံးပွဲမရှိခဲ့သည့် စံချိန်ဖြစ်သည်။

လက်စတာဘက်သို့ ဒုတိယဦးဆောင်ဂိုးသွင်းခဲ့သည့် လီဗာပူးတိုက်စစ်မှူး ဒီယေဂိုဂျိုတားသည်လည်း ဝုဗ်မှ လီဗာပူးသို့ နွေရာသီဈေးကွက်၌ ပြောင်းရွှေ့လာခဲ့ပြီးနောက် ကစားရသည့် ပရီးမီးယားလိဂ် လေးပွဲဆက်တိုက်   ဂိုးသွင်းနိုင်သဖြင့် လီဗာပူးအသင်းသမိုင်းတွင် ပထမဆုံးကစားသော အမှတ်ပေးပွဲ လေးပွဲဆက် ဂိုးသွင်းနိုင် သည့်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်သည်။

ဖာမင်နိုသည် ယခုပွဲ၌ ခြေစွမ်းပြခဲ့ကာ တိုင်ထိနှစ်ကြိမ်ကန်နိုင်ပြီး  တစ်ဂိုးသွင်းနိုင်ခဲ့၍လည်း လီဗာပူးနည်းပြ ဂျာဂန်ကလော့က ဖာမင်နိုနှင့် ပတ်သက်သည့် ဝေဖန်မှုများကို ယခုကဲ့သို့တုံ့ပြန်ခဲ့သည်။

ကလော့က “ရာနှုန်းပြည့်အနိုင်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော့်ကစားသမားတွေ ကစားတာလည်း အားရ တယ်။  ရှေ့တန်းမှာ မာနေး၊ ဖာမင်နိုနဲ့ ဂျိုတားတို့အတွဲက သိပ်တွဲကစားဖူးကြတာ မဟုတ်ပေမယ့် ကစားသွား တာမဆိုးဘူး။ အခုထက် ဂိုးတွေပိုရသင့်တယ်။ လက်စတာဆိုတာ တကယ်ကောင်းတဲ့အသင်းပါ။  ဂိုးမသွင်း နိုင်တာကိုပဲ ဝေဖန်ခံနေရတဲ့ ဖာမင်နိုအပေါ် ဝေဖန်သူတွေက တခြားဘာမှဝေဖန်စရာ မရှိကြပါဘူး” ဟု ပြောသည်။

Ref:Dailymail