မြန်မာနိုင်ငံအိုလံပစ် ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်
နေပြည်တော် နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံအိုလံပစ် ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ထူးချွန်အောင်မြင်သည့် အားကစားသမားများကို အလုပ် နေရာခန့်အပ်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့်ပေးခြင်းနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းများကိုလည်း ၎င်းတို့၏ စွမ်းဆောင်ခဲ့မှုအပေါ် မူတည်ပြီး ပင်စင်လစာကဲ့သို့ ထောက်ပံ့ကြေးများကို လစဉ်ပံ့ပိုးပေးလျက် ရှိကြောင်း၊ နိုင်ငံတော်မှ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/ နည်းပြများကို ဂုဏ်ပြုချီးမြှင့်ငွေများ ထိုက်ထိုက်တန်တန် ပေးအပ်ခဲ့ကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရယူပေးမည့် အားကစားသမားများကို ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်ပေးနိုင်ရန် အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်အနေဖြင့် အားကစားလောက အဆင့်အတန်း အောင်မြင်တိုးတက်စေရေး အတွက် မီဒီယာပိုင်းနှင့် အကြံဉာဏ်ကောင်းများဖြင့် ဝေဖန်အကြံပြုချက်များ ပေးသွားရန် ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ရွေးချယ်ခဲ့မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့သူများ၏ Video Clip များကိုပြသသည်။
ယင်းနောက် ၂၀၂၂ ခုနှစ် အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့ကြသည့် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲမှ ရေကူးအားကစားသမား မောင်အောင်မြင့်မြတ်နှင့် ပြေးခုန်ပစ် အားကစားသမား မထက်ထက်အေးတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း၂၀ စီ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ဆုရရှိသူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် ဘောလုံးအားကစားကွင်း၊ ရွှေကြာပင် အားကစားကွင်းနှင့် ပေါင်းလောင်းအားကစားကွင်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် ပြည်သူလူထုအား စည်းရုံးဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် အားကစား အထောက်အကူပြု ပစ္စည်းများကို ပံ့ပိုးကူညီဖြည့်ဆည်း ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ အားကစားလေ့ကျင့်ရေး စခန်း Training Centre - 2 သို့ရောက်ရှိစဉ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၉ ရက်အထိ ကျင်းပမည့် အခြေခံပညာ ကျောင်းသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ် အားကစားသမားများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ တည်းခိုနေထိုင်စားသောက်ရေး အဆင်ပြေမှုရှိစေရန် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်း ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။