တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိ
နေပြည်တော် နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ အနီးတွင် ရေးမှ ထားဝယ်ဘက်သို့ ခင်ဇော် မောင်းနှင်ပြီး အောင်ကျော်ဦး လိုက်ပါလာသည့် SINOTRUK TIPPER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၂၃ ရက် ညနေ ၅ နာရီတွင် ဖမ်းမိကက်တမင်းများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မနီနီလှိုင်ကို ဘားအံ-မော်လမြိုင် ကားလမ်း ဇာသပြင်တံတားအနီးတွင် TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေး ကက်တမင်းများအား ရှမ်းပြည်နယ်မှ တနင်္သာရီ တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။