MFF Rhino Futsal Championship 2023  ပြိုင်ပွဲတွင်  VUC FCအသင်း ချန်ပီယံဆု ဆွတ်ခူး

MFF Rhino Futsal Championship 2023  ပြိုင်ပွဲတွင်  VUC FCအသင်း ချန်ပီယံဆု ဆွတ်ခူး

 

ရန်ကုန်  နိုဝင်ဘာ  ၂၉

    MFF Rhino Futsal Championship 2023 ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းက MFF Futsal Stadium တွင် VUC FC အသင်းနှင့် Generations FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ VUC FC အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့သော ဒိုင်လူကြီးများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ အဖွဲ့ဝင် ဦးအောင်ဇော်မင်းခန့်က  အမှတ်တရ ဆုတံဆိပ်များကို လည်းကောင်း၊ ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးရရှိသော VUC  FC  အသင်းကို  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ  ဒေါက်တာရဲမွန်ထွဋ်က အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် သုံးသိန်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

    ဆက်လက်ပြီး  စတုတ္ထဆုရရှိသော M-Million FC အသင်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့   အတွင်းရေးမှူး ဦးညီညီမင်းက ဆုကြေးငွေကျပ် ၁၀ သိန်း၊ အကောင်းဆုံးဂိုးသမား   ဆုရရှိသောVUC FC အသင်းမှ ဇွဲပြည့်စုံကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက အမှတ်တရဆုနှင့်  ဆုကြေးငွေကျပ် ငါးသိန်း၊ အကောင်းဆုံး ကစားသမားဆုရရှိသော  VUC   FC  အသင်းမှ  မျိုးမြင့်စိုးကို   ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ  ဒေါက်တာ ရဲမွန်ထွဋ်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်   ဦးဌေးအောင်တို့က အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းကို ပေးအပ်ခဲ့သည်။

    ထို့နောက် ပြိုင်ပွဲ၏ တတိယဆုရရှိသော MIU FC အသင်းကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး  ဦးဘိုဌေးက တစ်ဦးချင်း ဆုတံဆိပ်ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက  ဆုကြေးငွေကျပ် ၁၅ သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသော Generations FC  အသင်းကို ရန်ကုန်တိုင်းဒေသကြီး  သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း၊   ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက ဆုကြေးငွေကျပ် သိန်း ၃၀ ကို လည်းကောင်း၊  ပထမဆုရရှိခဲ့သော VUC FC အသင်းကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က   တစ်ဦးချင်းဆုများကို လည်းကောင်း၊  ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ဆုကြေးငွေကျပ်သိန်း ၅၀ ကို လည်းကောင်း၊   ချန်ပီယံဆုဖလားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ကပေးအပ်ခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။