Samba Gold Award 2023 ဆုကို ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဗင်နီစီးယက်စ် ဆွတ်ခူးရရှိ
Samba Gold Award 2023 ဆုကို ပရီးမီးယား လိဂ်ပြိုင်ပွဲမှ ဘရာဇီးကြယ်ပွင့် ကစားသမားများကို ကျော်ဖြတ်ပြီး ရီးယဲလ်မက်ဒရစ်အသင်း လူငယ်တိုက်စစ်မှူး ဗင်နီစီးယက်စ်က ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
Samba Gold Awardသည် ဘရာဇီးကစား သမားများထဲမှ စိစစ်ရွေးချယ် ပေးအပ်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ပေးအပ်ခြင်းဖြစ်ကာ ပထမဆုံးအကြိမ် ပေးအပ်သည့်နှစ်တွင် အေစီမီလန်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ကာကာက ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် ဗင်နီစီးယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်သည့် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထိပ်တန်းကစားသမားများကို ကျော်ဖြတ်ပြီး ၎င်း၏ ကစားသမား ဘဝပထမဆုံး အကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
Samba Gold Award အတွက် ဆန်ခါတင် ကစားသမားစာရင်းတွင် ပါဝင်ခဲ့သူများမှ ဗင်နီစီးယက်စ် သည် မဲအရေအတွက် ၃၂ ဒသမ ၁၃ ရာခိုင်နှုန်းအထိ ရရှိပြီး လက်ရှိ ဆော်ဒီကလပ် အယ်ဟီလယ်အသင်းတွင် ကစားနေသည့် တိုက်စစ်မှူး နေမာက ၂၇ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် ပီအက်စ်ဂျီအသင်းမှ မာကွင်ဟိုက ၁၃ ဒသမ ၃၅ ရာခိုင်နှုန်းသာ ရရှိသည့်အတွက် ဗင်နီစီးယက်စ်က Samba Gold Award ဆွတ်ခူးနိုင်ခဲ့သည့် နေမာနှင့်မာကွင်ဟိုတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
Samba Gold Award ကို အယ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာက ခြောက်ကြိမ်ဖြင့် အကြိမ်ရေ အများဆုံးရရှိထားသည့် ကစားသမားအဖြစ် ရပ်တည်နေပြီး နေမာ၏နောက်တွင် လက်ရှိ ချယ်လ်ဆီးအသင်း ဝါရင့်ခံစစ်ကစားသမား သီယာဂိုဆေးလ်ဗားက သုံးကြိမ်ရရှိခဲ့ကာ ဒုတိယအကြိမ်ရေ အများဆုံးရရှိထားသည့် ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။