မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်

 

ယမန်နေ့မှအဆက်

    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးက တစ်ပါတီစနစ်နှင့် ပါတီစုံစနစ်အနက် မည်သည့်စနစ်ကို လိုလားကြောင်း ပြည်သူ့ဆန္ဒခံယူပွဲ မကျင်းပတော့ဘဲ ပါတီစုံစနစ်ဖြင့် အထွေထွေ ရွေးကောက်ပွဲကို သုံးလအတွင်း ကျင်းပပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဦးဘဘေ၊ အငြိမ်းစား ဘဏ္ဍာတော်မင်းကြီး အပါအဝင် အဖွဲ့ဝင် ၄ ဦးဖြင့်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။ ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ နောက်ဆုံးမှတ်ပုံတင် ခွင့်ပြုထားသောနေ့ရက် အဖြစ် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီပေါင်းမှာ ၂၃၅ ဖွဲ့ဖြစ်ပါသည်။ ကော်မရှင်၏ စိစစ်ချက်အရ တောတွင်းကွန်မြူနစ်များမှ ထူထောင်သည့် ပါတီများ NCGUB  နှင့် ယှဉ်ပြိုင်အစိုးရအဖွဲ့များ၊ ပြည်ပြေးများ၊ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများနှင့် မိမိသဘောအလျောက် ပယ်ဖျက်ခဲ့ရသည့် ပါတီများ စုစုပေါင်း ၁၄၂ ပါတီ ဖျက်သိမ်းခဲ့ရသဖြင့် ၉၃ ပါတီသာ ကျန်ရှိခဲ့သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်တွင် ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်း ၉၃ ဖွဲ့မှ ကိုယ်စားလှယ်လောင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၂၉၆ ဦးတို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ ယင်းရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၇ ပါတီမှ ၄၇၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၆ ဦး စုစုပေါင်း ၄၈၅ ဦးတို့ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါသည်။

    နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် မရှိမဖြစ် လိုအပ်သည့် အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် NLD ပါတီ ကိုယ်စားလှယ်အမတ်များ အမျိုးသားညီလာခံမှ ထွက်ခွာခဲ့ကြသည့်အတွက် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲရလဒ်သည်လည်း ပျက်ပြယ်သွားခဲ့ရသည်။  အမျိုးသားညီလာခံက ချမှတ်ပေးခဲ့သည့် အခြေခံမူများ၊ အသေးစိတ် အခြေခံမူများနှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို အတည်ပြုနိုင်ရေးအတွက် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကြေညာချက်အမှတ် ၃/၂၀၀၈  ဖြင့် ဥက္ကဋ္ဌ ဦးအောင်တိုး အပါအဝင် အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်) နေ့တွင်  အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ရွေးကောက်ပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌ ဦးသိန်းစိုး အပါအဝင် အဖွဲ့ဝင် ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၆၆၁ ဦး စုစုပေါင်း ၁၁၅၄  ဦး ရွေးချယ်တင်မြှောက်ခဲ့သည်။ လွှတ်တော်အသီးသီးအနက် နိုင်ငံရေးပါတီ ၃၇  ပါတီမှ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၂၉၈၇ ဦး၊ တစ်သီးပုဂ္ဂလ ၈၂ ဦး စုစုပေါင်း ၃၀၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံရေးပါတီ ၂၂ ပါတီနှင့် တစ်သီးပုဂ္ဂလ ၆ ဦးတို့ အရွေးခံရပါသည်။  လွှတ်တော်သုံးရပ်ပေါင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ   ၈၈၂ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ၆၄ ဦး၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ  ၅၇ ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ၁၆ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ၃၅ ဦးနှင့် ကျန် ၁၇ ပါတီမှ ၉၄  ဦး ရွေးချယ်ခံရပါသည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်ကာ အစိုးရအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

    နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ ကော်မရှင်သည်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ခဲ့ရာ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (င) တွင် ပါတီဝင်အဖြစ် စည်းရုံးရာ၌ “ထောင်ဒဏ်ကျခံနေသူ မဟုတ်ခြင်း” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ခဲ့၍ ထောင်ဒဏ် ကျခံနေသူများကိုလည်း ပါတီဝင်အဖြစ် စည်းရုံးနိုင်သဖြင့် ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပျက်ပြယ်ခဲ့ပြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ်ပါတီ စုစုပေါင်း ၃   ပါတီတို့    အရွေးခံရပါသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD  ပါတီ အမတ်များ လွှတ်တော်အတွင်းသို့ ရောက်ရှိခဲ့ကြသည်။

    ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၉၁) ပါတီ ကိုယ်စားပြု ၅၇၈၂  ဦးနှင့် တစ်သီးပုဂ္ဂလ ၃၁၀ ဦးအနက် နိုင်ငံရေးပါတီ ၂၂ ပါတီ ကိုယ်စားပြု ၁၁၄၅ ဦးနှင့် တစ်သီးပုဂ္ဂလ ၅ ဦး အရွေးခံရသည်။

    လွှတ်တော် ၃ ရပ်ပေါင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၁၁၇ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၈၈၆ ဦး၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၄၀ ဦး၊ ရခိုင်အမျိုးသား ပါတီသည် ၄၅ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီသည် ၁ ဦးနှင့် ကျန် ၁၇ ပါတီသည် ၅၆ ဦး ရွေးချယ်ခံရပါသည်။ NLD ပါတီ ဦးဆောင်၍ အစိုးရဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ မဖြစ်နိုင်သဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီး အစိုးရအဖွဲ့ကို သူမမှ ဦးဆောင်ခဲ့ပါသည်။

    နိုင်ငံတော်သမ္မတသည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် အဖွဲ့ဝင် ၁၃ ဦးကို ခန့်အပ် တာဝန်ပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ခုနှစ်နိုဝင်ဘာလ ၃ ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၌ ကျင်းပဆောင်ရွက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ

    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၌ ကျင်းပခဲ့ပါသည်။ နိုင်ငံရေးပါတီ ၉၁ ပါတီ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၅၃၇၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၂၆၀ ဦး စုစုပေါင်း ၅၆၃၉ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ ဖြစ်ပွားခဲ့ရသည့်အတွက် ရွေးကောက်ပွဲရလဒ်များ ပျက်ပြယ်ခဲ့ရသည်။ မဲမသမာမှုဖြစ်စဉ်များကို လေ့လာကြည့်ရာ အဓိကအချက် ၃ ချက်ကို တွေ့ရှိရသည်။ ပထမအချက်မှာ မဲစာရင်းများ ဖောင်းပွခြင်း၊ ဥပဒေနှင့်မညီသူများ မဲစာရင်းတွင် ပါဝင်နေခြင်း၊ ဒုတိယအချက်မှာ မဲလက်မှတ်များ ပိုမိုရိုက်နှိပ်ဖြန့်ဝေခြင်း၊ တတိယအချက်မှာ မဲစာရင်းအပိုများ၊ မဲလက်မှတ်အပိုများဖြင့် ဥပဒေနှင့်မညီသော မဲပေးမှုများကိုပြုလုပ်ခြင်း၊ ရက်ကွက်ကျေးရွာများတွင် ဥပဒေနှင့်မညီညွတ်သော ကြိုတင်မဲများ ကောက်ခံခြင်းတို့ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ်အားလုံးတွင် မဲမသမာမှုများ တစ်ပုံစံတည်းဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။ သာမန် မဲစာရင်းမှားယွင်းမှုမျိုး မဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ ပါဝင်ဆောင်ရွက်မှုဖြင့် ကြိုတင်စီစဉ် ဆောင်ရွက်ခဲ့ကြသည်။ မဲစာရင်းများတွင် ဥပဒေနှင့် မညီညွတ်သောသူများ ၁၁ ဒသမ ၃ သန်းအထိ ပါဝင်ခဲ့သည်။ ယင်းတွင် နိုင်ငံသားစိစစ်ရေး လက်မှတ် (မှတ်ပုံတင်) မရှိသူ ၄ ဒသမ ၈၆ သန်း ပါဝင်ခဲ့ခြင်းသည် မဲဆန္ဒရှင်များအတွက် များစွာနစ်နာ ဆုံးရှုံးမှုဖြစ်သည်။ မဲစာရင်းတွင် ၂ ကြိမ်၊ ၃ ကြိမ်၊ ၅ ကြိမ်အထိ ပါဝင်နေသူများ၊ ၁၈ နှစ်မပြည့်သူများနှင့် သေဆုံးသူများ ၆  ဒသမ၄၄ သန်းဖြစ်သည်။ မဲပေးရန်အတွက် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေမှုမှာ ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် ၄၃ သန်းဖြစ်သည်။ မဲလက်မှတ် ရိုက်နှိပ်မှုများကို ထုတ်ပြန်ကြေညာပေးရန် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအဖွဲ့၊ သတင်းမီဒီယာများနှင့် နိုင်ငံရေး ပါတီများက တောင်းဆိုခဲ့ကြသော်လည်း  ငြင်းပယ်ခဲ့သည်။ ဆန္ဒမဲပေးခဲ့သည့် မဲလက်မှတ်များမှာ ၂၆ ဒသမ ၆၅ သန်းဖြစ်သဖြင့် ၁၆ ဒသမ ၃၅ သန်းခန့် အပိုတွေ့ရှိရသည်။ မဲလက်မှတ် မြောက်မြားစွာ အပိုရိုက်နှိပ်ပြီး မဲစာရင်းတွင် ပို၍ ပါဝင်နေသူများနှင့် ဥပဒေမဲ့ မဲပေးမှုများကို ရပ်ကွက်၊ ကျေးရွာများအတွင်း ကြိုတင်မဲများဖြင့် မဲပေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မဲစာရင်းများကို စစ်ဆေးသည့်အခါတွင် မဲရုံများ၌ မဲလက်မှတ်များ ပိုနေသည်ကို တွေ့ရှိခဲ့ရသည်။ 

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲလက်မှတ်အပို ၄ ဒသမ ၃ သိန်းထိရှိခဲ့ သည်။   မဲပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်အစား စလစ်စာရွက် (Voter Slip) ဖြင့် မဲပေးခွင့်ပြုရန် ဥပဒေနှင့် မညီညွတ်သော ညွှန်ကြားဆောင်ရွက်မှုများဖြင့် မဲမသမာမှုများ ဖြစ်ပွားခဲ့ရသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် ဖွဲ့စည်းရာတွင် အာဏာရပါတီ၏ ဝန်ကြီးချုပ်များက အဆိုပြုသောသူများနှင့် ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။ ယင်းအဖွဲ့များနှင့် NLD ပါတီ အောင်နိုင်ရေး အဖွဲ့များသည် ရပ်ကွက်ကျေးရွာများတွင် ကြိုတင်မဲများကို လိုက်လံကောက်ခံခဲ့ကြသည်။ ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်းရုံးရာတွင်လည်း ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်များ ချိုးဖောက်၍ လူအုပ်စုဖြင့်   ကမ်ပိန်း (Campaign) များပြုလုပ်ကာ ဆောင်ရွက်ခဲ့ကြသည်။ ဆိုရှယ်မီဒီယာဖြစ်သည့် Facebook တွင် အခြားပါတီများ၏ ဆောင်ရွက်မှုများကို ကန့်သတ်ရန်အတွက် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ကျပ် ၆၄၂၆ သန်း သုံးစွဲခဲ့သည်။ မော်တော်ကားအစီးရေ ၂၂၀ စီး၊ ဆိုင်ကယ် ၃၂ စီး၊ လူဦးရေ ၇၆၀ ဦးခန့်ဖြင့် ကိုဗစ်ကာလအတွင်း ကားကမ်ပိန်း (Car Campaign) များ ပြုလုပ်ဆောင်ရွက်ခြင်းကို နိုင်ငံတော် သမ္မတဟောင်းဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့မှ ကိုယ်တိုင်သွားရောက် အားပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ NLDပါတီကို မထောက်ခံသဖြင့် ယင်းတို့ မဲမရရှိနိုင်သည့် တိုင်းရင်းသား ဒေသများ၏ မဲဆန္ဒနယ်များကို ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ခြင်း မပြုဘဲ ဖျက်သိမ်းခဲ့သည်။  နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် IDEA နှင့် IFES တို့သည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများဖြစ်စေရန်အတွက် ကူညီဆောင်ရွက်ရန် ဖြစ်သော်လည်း ကြီးမားသော မဲစာရင်း မှားယွင်းမှုများနှင့် မဲလက်မှတ်များ မြောက်မြားစွာ အပိုရိုက်နှိပ်မှုများကို ထောက်ပြ ပြောဆိုခြင်း၊ တားမြစ်ခြင်း မပြုသည့်အပြင် ယင်းတို့ကိုယ်တိုင် နည်းပေးလမ်းပြပြု၍ ရပ်ကွက်၊ ကျေးရွာများအထိ မဲမသမာမှုများဖြစ်ပေါ်စေရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲ မဲသမမာမှုဖြစ်ရခြင်း၏ အဓိကအချက်ဖြစ်သော ရွှေ့ပြောင်းလုပ်သားများ မဲစာရင်းတွင် ပါဝင်မဲပေးနိုင်ရေး အတွက် ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ရန် အကြံပြုခဲ့သည်။

    IDEA  နှင့် IFES  တို့မှ အကြံပြုချက် ၃၅၃ ချက်ကို ယခင်ရွေးကောက်ပွဲ ကော်မရှင်ရယူပြီး မဲမသမာမှုများကို ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတကာအဖွဲ့အစည်း ၂၄ ခုနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ယင်းအဖွဲ့အစည်းများက  နိုင်ငံရေးပါတီအချို့အား ထောက်ပံ့နေခြင်းကို ဥပဒေနှင့် မညီညွတ်သဖြင့် တားမြစ်ရန် တာဝန်ရှိသော်လည်း ဆောင်ရွက်ခြင်းမပြုခဲ့သည့်အပြင် မဲမသမာမှုများအတွက် ပူးပေါင်းစီစဉ် ဆောင်ရွက်ခဲ့ကြကြောင်း မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်စာအုပ်တွင် လေ့လာတွေ့ရှိရပါသည်။ 

    ထိုကဲ့သို့ အမှားအယွင်းကြီးမားစွာဖြင့် ဥပဒေမဲ့ ဆောင်ရွက်မှုများကို လျစ်လျူရှုခဲ့လျှင် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် များစွာသောအခက်အခဲများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုရွေးကောက်ပွဲရလဒ်များနှင့် ဖွဲ့စည်းဆောင်ရွက်မည့် NLD ပါတီ အစိုးရအဖွဲ့သည် ယခင် ငါးနှစ်တာ ကာလနိုင်ငံတော်ကို တာဝန်ယူခဲ့စဉ်က ဝန်ကြီးဌာနများတွင် နိုင်ငံတကာ အကြံပေးများဖြစ်သည့် ဂျိုးဖစ်ရှာ၊ ကိုဖီအာနန်၊ ရှောင်တနယ်တို့ အပါအဝင် နိုင်ငံခြားသား ၉၀ ကျော်ကို ခန့်အပ်ခဲ့ပြီး ငှားရမ်းခ ကျပ် ၂၅ ဘီလီယံခန့်ထိ သုံးစွဲဆောင်ရွက်ခဲ့သည့် သာဓကများလည်းရှိခဲ့သည်။ ရွေးကောက်ပွဲ မဲမသမာမှုများကိုလည်း နိုင်ငံခြားအကြံပေးများ၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ယခင်ထက်ဆိုးရွားသည့် တစ်ပါတီအာဏာရှင် နိုင်ငံပေါင်းစုံ ဒီမိုကရေစီအစိုးရမျိုးဖြင့် ကြုံတွေ့ကြရမည်ဖြစ်သည်။

    သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲစာရင်းကြီးမားစွာ မှားယွင်းမှုနှင့် အခြားသော ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများအား တာဝန်ရှိသူအဆင့်ဆင့်က ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်းနှင့် အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သာ ဆောင်ရွက်ခဲ့သည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါသည်။ ယင်းနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးခဲ့ရပါသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ကို ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

နိဂုံး

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအရ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက ရွေးကောက်ပွဲ စနစ်များကိုလည်း ပြန်လည်သုံးသပ် ဆောင်ရွက်ရန် လိုအပ်လာပါသည်။ တစ်မဲသာ အနိုင်ရသည့် FPTP  စနစ်ကြောင့် ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ခုအတွင်း အနိုင်ရပါတီများက လွှတ်တော်များအတွင်း မဲခွဲဆောင်ရွက်ရာတွင် အနိုင်ပြုကျင့်မှု ဖြစ်စဉ်များလည်း ရှိခဲ့သည်။ တိုင်းရင်းသားဒေသများဖြစ်သည့် မွန်ပြည်နယ် ချောင်းဆုံ မြစ်ကူးတံတားကိစ္စ၊ ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ် ကိစ္စတို့ကို မျက်ကွယ်ပြုခဲ့ခြင်းမျိုးလည်း ရှိခဲ့သည်။ ထိုရွေးကောက်ပွဲစနစ်ကြောင့် တိုင်းရင်းသားပါတီငယ်များ နစ်နာမှုများ ရှိခဲ့သည်ကိုလည်း ဂရုပြုရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၃၅ ခုနှစ် စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ အောက်လွှတ်တော် ရွေးချယ်တင်မြှောက်ရာတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို အသုံးပြုဆောင်ရွက်ခဲ့သည့် အတွက် မြန်မာအမတ်များ လွှတ်တော်တွင် ပါဝင်ခွင့်ရရှိခဲ့သည့် သာဓကများရှိခဲ့ပါသည်။ သို့ဖြစ်၍ အချိုးကျ ကိုယ်စားပြုစနစ်(PR) ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား ပါတီများမှာ ယင်းတို့ကို ထောက်ခံသောလူထု၏ ဆန္ဒမဲများဖြင့် လွှတ်တော်အတွင်း ဥပဒေပြုရေး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များတွင် ထိုက်သင့်သလောက် ပါဝင်ခွင့် ရရှိလာမည်ဖြစ်ပါသည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နိုင်ငံတော်အခြေခံမူများတွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။” ဟု မူချမှတ်ထားပြီးလည်းဖြစ်ပါသည်။ နိုင်ငံရေးပါတီများသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၅ (က) အရ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်” ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကို ဥပဒေနှင့်အညီ ကျင်းပဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကျင်းပပြုလုပ်နိုင်ရန် အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများနှင့် မဲမသမာမှုဖြစ်စဉ်များ အပေါ် သင်ခန်းစာရယူ၍ အနာဂတ်နိုင်ငံတော် အတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။  ။

ရည်ညွှန်းချက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

၂။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သောရွေးကောက်ပွဲများ၏သမိုင်းအကျဉ်း

၃။ နိုင်ငံရေးနှင့်နိုင်ငံရေးပါတီများ

၄။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲမသမာမှုတရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်

၅။ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး ဒုတိယတွဲ

၆။ မြန်မာနိုင်ငံရေးဖြစ်စဉ်အကျဉ်း