ဂျူဒိုအားကစားသမားများနှင့် ဘော်လီဘော အားကစားသမားများ၏ လေ့ကျင့်နေမှုအား  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကြည့်ရှုအားပေး

 

ဂျူဒိုအားကစားသမားများနှင့် ဘော်လီဘော အားကစားသမားများ၏ လေ့ကျင့်နေမှုအား  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကြည့်ရှုအားပေး

 

နေပြည်တော်  နိုဝင်ဘာ  ၃၀

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများ နှင့်အတူ  ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) Cluster(3))  ရှိ  ဂျူဒိုအားကစား လေ့ကျင့်ရေးခန်းမ၌   ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများ ကို ကြည့်ရှုအားပေးသည်။  

    ကြည့်ရှုအားပေးစဉ်  ပြည်ထောင်စုဝန်ကြီးက အားကစားသမားများ အားလုံး စည်းကမ်းတကျ လေ့ကျင့်၍ စိတ်ဓာတ်ပိုင်းနှင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားလေ့ကျင့်သွားကြရန် လိုကြောင်း၊ နေထိုင်၊ စားသောက်၊ လေ့ကျင့်မှုများနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက တာဝန်ရှိသူများမှတစ်ဆင့် သတင်းပို့ တင်ပြပေးသွားရန်နှင့် အားကစားသမားများ၏ လိုအပ်ချက်များအား  ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊  အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ အားလုံး စည်းလုံးညီညွတ်မှုရှိမှသာ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် GYM လေ့ကျင့်ရေးခန်းမ၌ ဘော်လီဘော အားကစားသမားများ၏ GYM လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအားလုံး လေ့ကျင့်ချိန်မလျှော့ဘဲ နည်းပြများ ရေးဆွဲထားသည့်  Training Programme အတိုင်း စနစ်တကျ မှန်မှန်ကန်ကန် ကြိုးစားလေ့ကျင့် သွားကြရန် မှာကြားသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ  ၁၅ ရက်အထိကျင်းပမည့်  အခြေခံပညာ ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့်  ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမားများ တည်းခိုနေထိုင်စားသောက်မှုများ  အဆင်ပြေ ချောမွေ့စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး   တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

    ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ချက်ပြုတ်ပြင်ဆင် ကျွေးမွေးလျက်ရှိသည့် Cluster-9  ရှိ စားရိပ်သာအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။