စီးကရက်အစီခံများကြောင့် ကမ္ဘာကြီးက ၁၀ နှစ်လျှင် ဒေါ်လာ ၁၈၆ ဘီလီယံ ဆုံးရှုံးနေရ

 

စီးကရက်အစီခံများကြောင့် ကမ္ဘာကြီးက ၁၀ နှစ်လျှင် ဒေါ်လာ ၁၈၆ ဘီလီယံ ဆုံးရှုံးနေရ

 

    ၁၉၅၀ ပြည့်နှစ် အလွန်ကာလများတုန်းကဆိုရင် စီးကရက်သောက်ခြင်းက စတိုင်တစ်ခုလိုဖြစ်ခဲ့ပြီး အစိုးရရုံးများနဲ့ အများသူငါရှိရာ နေရာတွေမှာပါ ဆေးလိပ်သောက်ခွင့် ပြုခဲ့တာကိုတွေ့ရမှာပါ။

အဲဒီနောက် ၁၀ နှစ်ကျော်အကြာမှာတော့ ဆေးလိပ်သောက်ခြင်းက ကင်ဆာရောဂါဖြစ်မှုနဲ့ ဆက်စပ်နေတယ်ဆိုပြီး ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာပါတယ်။

တစ်ချိန်တည်းမှာပဲ ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရှိနေတဲ့ စီးကရက် ထုတ်လုပ်သူများက သူတို့ရဲ့ဝင်ငွေမထိ ခိုက်စေဖို့အတွက် သူတို့ရဲ့ထုတ်ကုန်က ဘယ်လောက်အထိ ဘေးကင်းစိတ်ချရမှု ရှိတယ်ဆိုတာကို မက်လုံးပေးကြော်ငြာမှုတွေနဲ့ ဆွဲဆောင်ခဲ့ပါတယ်။

သူတို့ရဲ့စီးကရက်က ဘေးကင်းစိတ်ချရမှု ရှိတယ်ဆိုတာကို ပြသဖို့အတွက် ဖန်တီးလိုက်တဲ့ အရာကတော့ အစီခံပါပဲ။ တစ်နည်းအားဖြင့် ရှိုက်သွင်းလိုက်တဲ့ အငွေ့တွေထဲက အဆိပ်ငွေ့တွေဟာ  အစီခံမှာစုနေပြီး ဆေးလိပ်သောက်သူထံ မရောက်တော့ဘူးလို့ လူပြိန်းကြိုက်နည်းနဲ့ ကြော်ငြာခဲ့ကြတာပါ။

အဲဒီအစီခံကို ဆယ်လူလို့အစီတိတ် ဆိုတဲ့ ကုန်ကြမ်းပစ္စည်း တစ်မျိုးနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ တကယ်တမ်းတော့  အဲဒီအစီခံဆိုတဲ့အရာက ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့  ဘယ်လိုကျန်းမာရေး ဆိုးကျိုးကိုမျှ  လျော့ကျစေခြင်းမရှိဘဲ အဆုတ်ကိုတောင်မှ  ထိခိုက်နိုင်ပါသေးတယ်။

အခုနောက်ပိုင်း သုတေသနတွေမှာ ဆေးလိပ်သောက်သူရဲ့ အဆုတ်ကိုစစ်ဆေးကြည့်တဲ့အခါ အစီခံမှာပါတဲ့ ဆယ်လူလို့ အစီတိတ်အမျှင်တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စီးကရက်က သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်အထိ ညစ်ညမ်းစေတယ်ဆိုတာကို သုတေသန ပညာရှင်များက လေ့လာမှုများ ပြုလုပ်ခဲ့ပါတယ်။

အဲဒီထဲကမှ ဦးဆောင် သုတေသီတစ်ဦး ဖြစ်တဲ့ ဒီဘိုရာဆိုင်းက စီးကရက်အစီခံများကြောင့် စီးပွားရေးအရ နှစ်စဉ်ဆုံးရှုံးမှုဟာ ဒေါ်လာ ၂၅ ဒသမ ၇ ဘီလီယံရှိကြောင်း ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ၁၀ နှစ်တာကာလအတွက် ဒီကနေဆုံးရှုံးမှုဟာ  ဒေါ်လာ ၁၈၆ ဘီလီယံအထိရှိတယ်လို့ ဒီဘိုရာ ဆိုင်းရဲ့အဖွဲ့က ပြန်ပြောင်း တွက်ချက်ထားပါတယ်။

ဒါ့အပြင် အစီခံများကြောင့် အဏ္ဏဝါဂေဟစနစ်ကလည်း   ပျက်စီးမှုများနဲ့ ရင်ဆိုင်လာရတယ်လို့ ဒီဘိုရာဆိုင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလိုမျိုးဆုံးရှုံးမှုဟာ  တစ်နှစ်ကို စီးပွားရေးအရဆုံးရှုံးမှု ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံရှိတဲ့ ဆေးလိပ်နဲ့ဆေးရွက်ကြီးကြောင့် ဆုံးရှုံးမှုနဲ့ယှဉ်ရင် မပြောပလောက်သလို ဆေးလိပ်ကြောင့် နှစ်စဉ်လူရှစ်သန်းအထိ   သေဆုံးနေရမှုနဲ့ ယှဉ်ရင်လည်း သိပ်အရေးပါတဲ့အထိ မပါပါဘူး။

ဒါပေမဲ့လည်း အခုလိုမျိုး စီးကရက် အစီခံတွေက ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်စေခြင်းအပေါ်ကို တော့ လျှော့တွက်လို့မရပါဘူး။ ဒီအခြေအနေကို     ကြိုတင်ကာကွယ်လို့ရပါတယ်။

အဓိကအားဖြင့် တစ်ခါသုံး ပလတ်စတစ်များနဲ့ ပြုလုပ်ထားတဲ့ စီးကရက်အစီခံများဟာ ကမ္ဘာတစ်ဝန်းမှာ လွှင့်ပစ်မှု အများဆုံး အမှိုက်ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီလိုမျိုးအမှိုက်တွေကိုလွှင့်ပစ်ခြင်းဟာ လူသားများကိုသာမက တိရစ္ဆာန်များနဲ့ ပတ်ဝန်းကျင်အပေါ်ကိုပါ နည်းနည်းမှ ကောင်းကျိုးမပေးပါဘူး။

ဒါကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိစေဖို့အတွက် ဆေးလိပ်ကုမ္ပဏီများ အနေနဲ့ အမှိုက်မလွှင့်ပစ်ရ အစီအစဉ်များမှာ အင်တိုက်အားတိုက် ပါဝင်သင့်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်ဆောင်မှုဟာ ပြဿနာကို ဖြေရှင်းမှုမဟုတ်ပါဘူး။

အကယ်၍များ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ အနေနဲ့   ပလတ်စတစ် အသုံးပြုမှု အထူးသဖြင့် တစ်ခါသုံးပလတ်စတစ်များ အသုံးပြုမှုနဲ့ ပတ်သက်ပြီး    မူဝါဒတွေကို တင်းကျပ်လာနိုင်သည့်တိုင်အောင် စီးကရက်များမှာပါတဲ့ ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုတော့ သတိမပြုမိဘဲ ဖြစ်သွားနိုင်ပါတယ်။

အဓိကကတော့ ဆေးလိပ်သောက်သုံးသူ ကင်းစင်မှသာ ဒီပြဿနာကလည်း ဖြေရှင်းပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတချို့ရဲ့ မူဝါဒကိုပြောပြပါမယ်။

နယူးဇီလန်နိုင်ငံဆိုရင် ၂၀၀၈ ခုနှစ် နောက်ပိုင်းမွေးဖွားသူများ အနေနဲ့ ဆေးလိပ်သောက်ခြင်း မပြုရဘူးဆိုပြီး   ဥပဒေ ထုတ်ပြန် တားမြစ်ထားပါတယ်။

သူတို့ရဲ့ရည်ရွယ်ချက်က ၂၀၂၅ ခုနှစ် အရောက်မှာ နိုင်ငံအတွင်းရှိ  ဆေးလိပ်သောက်သူ အရေအတွက် ၅ ရာခိုင်နှုန်း လျော့ကျသွားစေဖို့ဖြစ်ပြီး နောက်ဆုံးမှာတစ်နိုင်ငံလုံး ဆေးလိပ်သောက်သူ ကင်းစင်သွားစေဖို့ဖြစ်ပါတယ်။

ကနေဒါနိုင်ငံဆိုရင်လည်း စီးကရက်ဘူးခွံတွေပေါ်မှာ သတိပေးစာတွေကပ်ခြင်း သာမကဘဲ စီးကရက်တစ်လိပ်ချင်း စီမှာပါ သတိပေးစာတွေ ရိုက်နှိပ်ထားဖို့ ဆေးလိပ်ကုမ္ပဏီများကို ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စီးကရက် သောက်ခြင်းကို ရှောင်ရှားနိုင်စေဖို့အတွက် စီးကရက်အစီခံများဟာ အဆိပ်များကို စစ်ထုတ်ပေးခြင်းမရှိဘဲ သူကိုယ်၌က အဆိပ်ဖြစ်နေတဲ့ အကြောင်းနဲ့ သူတို့ကြောင့် ပတ်ဝန်းကျင်မှာ ဘယ်လောက်အထိ ညစ်ညမ်းရတယ်ဆိုတာကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့အတွက်   အစိုးရကဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ အစိုးရအနေနဲ့ ဆေးလိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ အမှိုက်များကို ရှင်းလင်းရတဲ့ကုန်ကျစရိတ်များနဲ့ ဂေဟစနစ်ပျက်စီးမှုများ အတွက် ကုန်ကျစရိတ်များကို ဆေးလိပ်ကုမ္ပဏီများ အနေနဲ့ တာဝန်ယူလာအောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဒီဘိုရာဆိုင်းရဲ့အဖွဲ့က အကြံပြုထုတ်ပြန်ထားပါတယ်။