လာမည့်ဘောလုံးရာသီမှ စတင်ပြီး လိမ္မော်ရောင်ကတ်ကို စတင်စမ်းသပ် အသုံးပြုမည် ဖြစ်ကြောင်း IFAB ထုတ်ပြန်
နိုင်ငံတကာဘောလုံးဘုတ် အဖွဲ့ချုပ် ( International Football Association Board-IFAB) က လာမည့်ဘောလုံးရာသီမှ စတင်ပြီး အဝါကတ်နှင့် အနီကတ်တို့အပြင် လိမ္မော်ရောင်ကတ်ကို စတင်စမ်းသပ် အသုံးပြုမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ သည်။
လက်ရှိဘောလုံးလောကတွင် ကစားသမားများကို ပြစ်ဒဏ်ပေးရာတွင် အဝါကတ်နှင့် အနီကတ်အသုံးပြုနေပြီး ကစားသမားများ အနေဖြင့် အသေးစားပြစ်ဒဏ် ကျူးလွန်ပါက အဝါကတ်ပြသ သတိပေးခံရပြီး ပြင်းထန်သည့်ပြစ်ဒဏ် ကျူးလွန်ပါက နှစ်ဝါတစ်နီ သို့မဟုတ် တိုက်ရိုက်အနီကတ်ပြသ ထုတ်ပယ်သည့် စည်းမျဉ်းကို ကျင့်သုံးလျက်ရှိကာ အနီကတ်ပြစ်ဒဏ်အတွက်လည်း ပြစ်ဒဏ်ကျူးလွန်သည့် လုပ်ရပ်ပေါ် မူတည်ပြီး အနည်းဆုံး တစ်ပွဲပယ်နှင့် အများဆုံး သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်သည့် စည်းမျဉ်းကို ကျင့်သုံးလျက်ရှိသည်။ ယခုအခါ အဝါကတ်နှင့် အနီကတ်ပြစ်ဒဏ် တို့အကြားတွင် သတိပေးပြသနိုင်မည့် လိမ္မော်ရောင်ကတ်ကို စတင်စမ်းသပ် အသုံးပြုမည်ဖြစ်သည်။
လိမ္မော်ရောင်ကတ်သည် ပွဲကစားသည့် ကစားသမားများအနေဖြင့် အဝါကတ်ပြစ်ဒဏ်ထက် ပြင်းထန်သည့်ပြစ်ဒဏ် ကျူးလွန်ပါက ကွင်းလယ်ဒိုင်လူကြီးက အနီကတ်ပြသပြီး မထုတ်ပယ်လိုလျှင် လိမ္မော်ရောင် ကတ်ကို ပြသ သတိပေးနိုင်မည်ဖြစ်ပြီး လိမ္မော်ရောင်ကတ်ပြသ သတိပေးခံရသည့် ကစားသမားများ အနေဖြင့် အနီကတ်ကဲ့သို့ တစ်ပွဲလုံး ထွက်ခွာရမည်မဟုတ်ဘဲ ၁၀ မိနစ်ကွင်းအပြင်သို့ သွားရောက်ရမည်ဖြစ်ပြီး ၁၀ မိနစ်ပြည့်မှသာ ကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက် ကစားနိုင်မည်ဖြစ်သည်။
အဆိုပါ လိမ္မော်ရောင်ကတ်ကို စတင်စမ်းသပ် အသုံးပြုရန် ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်နှင့် နိုင်ငံတကာ ဘောလုံးဘုတ် အဖွဲ့ချုပ်တို့အကြား သဘောတူညီမှု ရရှိခဲ့သည့်အတွက် လာမည့်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ စတင်စမ်းသပ် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။