အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ပေး

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ပေး

 

    “လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း ခွဲထွက်မနေပါ” ဆိုသည့်အတိုင်း ဤကမ္ဘာလောကကြီးတွင် လူသားဟူ၍ဖြစ်တည် လာသည့်အချိန်မှစ၍ တစ်ဦးတစ်ယောက်တည်း  ရပ်တည်လာသည်မဟုတ်။

အမျိုးသားနှင့် အမျိုးသမီးဟူသော မျိုးကွဲနှစ်မျိုးဖြင့် ကမ္ဘာဦးအစမှ ဖြစ်တည်ခဲ့ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် “မျိုးဆက်”ဟူသော ဝေါဟာရဖြင့် မိသားစု၊ ဆွေမျိုးသားချင်း၊  သူငယ်ချင်းစသည်တို့ဖြင့် အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တို့မှသည် ကျယ်ပြန့်သော လူသားကမ္ဘာ တစ်ခုလုံးနှင့် ပေါင်းသင်း ဆက်ဆံနေထိုင်ကြရသည်။ ထိုသို့ပေါင်းသင်း ဆက်ဆံကြရခြင်းမှာ စားသောက်နေထိုင်ရေး၊ ကျန်းမာရေး စသော လူသားတို့၏ အခြေခံ လိုအပ်ချက်များအတွက် လူမှုရေးဟူသည့် နယ်ပယ်တစ်ခုအဖြစ် လိုအပ်သောကြောင့်ဖြစ်သည်။ နေထိုင်ရာဒေသ၊ ရေမြေသဘာဝ၊ လူသားတို့၏  ယုံကြည်ချက်များအပေါ် မူတည်၍ အသားအရောင်၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာ၊ စားသောက်နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီဘဲ ကွဲပြားခြားနားကြသည်။ မည်သို့ပင်ကွဲပြားစေကာမူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ တူညီသည့်အချက်များကိုသာ ဦးတည်၍ မတူညီသော ကွဲပြားမှုတို့ကို လေးစားခြင်း၊ နားလည်မှုပေးခြင်းတို့ဖြင့်  လူသားတို့ပေါင်းသင်း ဆက်ဆံကြရသည်။ သို့သော်လည်း ကမ္ဘာဦးအစမှစ၍ ဖြစ်တည်လာသော “အမျိုးသားနှင့် အမျိုးသမီး”ဟူသော မတူကွဲပြားမှုတွင် နားလည်ပေးနိုင်ခြင်း၊ လေးစားခြင်း ဟူသောအချက်များကို လျစ်လျူရှုသကဲ့သို့ ဖြစ်နေပေသည်။

အမျိုးသမီးများကို  အမျိုးသားများနှင့် တန်းတူ အခွင့်အရေးမပေးခြင်း၊ အကြမ်းဖက်ခြင်း၊ နှိမ့်ချဆက်ဆံခြင်းတို့ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတိုင်းတွင် ဖြစ်ပေါ်လျက်ရှိပေသည်။ အဓိကအချက်မှာ အမျိုးသမီးများအပေါ် နည်းလမ်းအသွယ်သွယ်ဖြင့် အကြမ်းဖက်ခြင်းများဖြစ်ပေါ်လျက် ရှိနေသည်ကို လေ့လာတွေ့ရှိရသည်။

လူ့အခွင့်အရေး  

    အမျိုးသမီးများသည် မိခင်ဟူသော မေတ္တာတရား အခြေခံထားကြသောကြောင့် နူးညံ့သိမ်မွေ့ကြသည်။ Supporting  ဟူသောထောက်ပံ့ပြုစု မြှင့်တင်ခြင်းဖြင့် မိသားစုအား ပေးဆပ်ကြသူများဖြစ်သည်။ မွေးရာပါ ဇီဝကွဲပြားမှုအရ  အမျိုးသမီးများသည်  နူးညံ့ပျော့ပျောင်းသည် ဟူသောစိတ်အစွဲဖြင့် “အားနည်းသော စွမ်းဆောင်ရှင်များ”အဖြစ် အသိအမှတ်ပြုပြီး ခွဲခြားဆက်ဆံခြင်းများသည် ကမ္ဘာ့နိုင်ငံတိုင်းနီးပါးတွင် တူညီမှုရှိနေကြသည်။ လူ့အခွင့်အရေး၏ အခြေခံအချက်များမှာ (၁)လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည်။ (၂)အသားအရောင်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွေး လူ့အခွင့်အရေးသည် လူသားအားလုံး အပေါ် တန်းတူညီမျှမှုရှိသည်။    (၃)လူသားများသည် တစ်ယောက်နှင့်တစ်ယောက် ကွဲပြားနိုင်သော်လည်း လူဖြစ်ခြင်းဆိုသည့် အချက်မှာ အားလုံးတူညီသည့် အတွက် လူ့အခွင့်အရေးမှာလည်း လူသားအားလုံး အတွက်ဖြစ်သည်။ (၄)လူ့အခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါ အခွင့်အရေးဖြစ်သည်။ (၅)မွေးဖွားလာသည်မှစတင်ပြီး သေဆုံးသည့်တိုင် လူ့အခွင့်အရေးသည်အရေးပါသည်။ (၆)လူ့အခွင့်အရေးကို မည်သူကမှ ယူဆောင်သိမ်းပိုက် မရဟူ၍ ဖြစ်သည်။

လူ့အခွင့်အရေး အခြေခံအချက်များအရ လူသားတိုင်းသည် လူသားဖြစ်တည်မှု အတိုင်းအတာအရ အခွင့်အရေးသည်လည်း တန်းတူညီမျှမှု ရှိရမည်။ လူသားတိုင်းတွင် မွေးရာပါဗီဇနှင့် ဝါသနာအခြေခံများ ရှိကြသည်။ မတူကွဲပြားမှုများရှိသော်လည်း  လူသားဖြစ်တည်မှုသည် မွေးရာပါအရည်အချင်း တူညီခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လူသားချင်း ခွဲခြားဆက်ဆံခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။

အဓိကအချက်မှာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံ၍ အကြမ်းဖက်ခြင်းသည် ကြီးမားသော လူ့ဂုဏ်သိက္ခာကို လျော့ပါးစေခြင်းဖြစ်သည်။ အမျိုးသမီးများသည် လောကီကိုဖန်တီးသူများ၊ အနာဂတ်မျိုးဆက်များကို ပုံဖော်ထုဆစ်ပေးသူများဖြစ်သည်။ ထိုသို့သောအမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းလုပ်ရပ်သည် ဗုဒ္ဓတရားတော်နှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေပေသည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အနိုင်ကျင့်အကြမ်းဖက်သော လုပ်ရပ်များကို များစွာရှုတ်ချရပေမည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ

    မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်၍ မြတ်ဗုဒ္ဓ၏ အဆုံးအမတရားတော်များနှင့် အညီ ကျင့်ကြံနေထိုင်ကြသည်။  “ဟီရိသြတ္တပ္ပ”ဟူသော   အရှက်အကြောက်တရားကို လက်ကိုင်ထားကြသည်။ သို့သော်လည်း  “ဟီရိသြတ္တပ္ပတရား” ကို လက်ကိုင်ထားသော မြန်မာအမျိုးသမီးများ၏ အရှက်အကြောက်ကြီးတတ်သော အားနည်းချက်၊ အမျိုးသမီးဟူသော ဇီဝရုပ်အားနည်းချက်များကို အသုံးချ၍ ခွဲခြားဆက်ဆံခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းနှိပ်စက်ခြင်း၊ တစ်နည်းနည်းဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို မကြာခဏ ဆိုသလိုကြားသိတွေ့မြင်နေရသည် မှာစိတ်မကောင်းဖွယ်ရာ ကောင်းလှပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည်သော အပြုအမူများဖြစ်၍ စက်ဆုပ်ရွံရှာဖွယ်ပင်ဖြစ်သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို လေ့လာကြည့်သည့်အခါ ဇနီးဖြစ်သူအား ရိုက်နှက်ခြင်းမှအစ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားမှုနှင့် နှောင့်ယှက်မှုများ၊ မိန်းကလေးငယ်များအား အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားခြင်းဟူ၍တွေ့ရသည်။

အကြမ်းဖက်မှုအားလုံးသည် အမျိုးသမီးများ၏ အခြေခံကျသည့် လူ့အခွင့်အရေးများကို ချိုးဖောက်သည့်အပြင် လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများ ပါဝင်မှုကိုလည်း အဟန့်အတားဖြစ်စေသည်။ကုလသမဂ္ဂ အမျိုးသမီးများဆိုင်ရာ အဖွဲ့ (UNWomen)၏ လေ့လာတွေ့ရှိချက်အရ ကမ္ဘာတစ်ဝန်းလုံးတွင် ရှိသော အမျိုးသမီးထု၏ ၁၅ ရာခိုင်နှုန်းမှ ၇၆ ရာခိုင်နှုန်းသည် ဘဝတစ်လျှောက်တွင် ကိုယ်ထိလက်ရောက် စော်ကားမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တွေ့ကြုံကြရသည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကျင့်သုံးပြီး ယဉ်ကျေးစွာနေထိုင်သော လူမျိုးစုဖြစ်သည်။ ထို့ကြောင့် အိမ်တွင်းအကြမ်းဖက်မှုများသည် မြန်မာ့ယဉ်ကျေးမှုကို သွေဖည်သော အပြုအမူဖြစ်သောကြောင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှပေသည်။ အလုပ်ခွင်အကြမ်းဖက်မှု များစွာလည်း တွေ့ကြရသည်။ အလုပ်ခွင်အတွင်းတွင် ရာထူးဂုဏ်သိန် ခွဲခြား၍ နှိမ့်ချဆက်ဆံခြင်း၊ အလုပ်ရှင် အလုပ်သမားဟူသော အဆင့်အတန်းခွဲခြား၍ အနိုင်အထက်ပြုမူခြင်း၊ အလုပ်သမားအချင်းချင်းတွင် ကြီးနိုင်ငယ်ညှဉ်းပြုမူခြင်းများပင်ဖြစ်သည်။ အလုပ်ခွင်အကြမ်းဖက်မှုတွင် အမျိုးသမီးအများစုသည် စိတ်ပိုင်းရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာများ အကြမ်းဖက်ခြင်း ခံကြရသည်။ အိမ်ရှင်မှ အိမ်အကူအမျိုးသမီးများအား  ရိုက်နှက်ခြင်း၊ ခြေချောင်းလက်ချောင်းများကို လိမ်ချိုးခြင်း၊ ဓားဖြင့်မွှန်းခြင်း၊ ရေနွေးပူလောင်းခြင်းများ ပြုလုပ်၍ အကြမ်းဖက်ကြသည်။ ထိုအကြမ်းဖက်မှုများသည် ပြည်တွင်းသာမက ပြည်ပရွှေ့ပြောင်း အလုပ်သမားများတွင်လည်း အလားတူအကြမ်းဖက်ခြင်းကို ခံစားနေကြရသည်ကို လေ့လာသိရှိရသည်။

ထို့ပြင် အတင်းအဓမ္မ လိင်အကြမ်းဖက်ခြင်း ခံရသော အမျိုးသမီးများသည်  အရှက်အကြောက်ကို ကိုးကွယ်၍ ဖွင့်ဟမှုမရှိခြင်း၊ ဖွင့်ဟပြောဆိုမှု အခွင့်အလမ်းကို ခြောက်လှန့်ပိတ်ပင်ခြင်းတို့ကြောင့် နောက်ဆုံးတွင် ပြည့်တန်ဆာ အမျိုးသမီးများအဖြစ်သို့ပင် အကြမ်းဖက်နှိပ်စက်ခြင်း ခံရလေသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွင် အဆိုးရွားဆုံး လုပ်ရပ်မှာငွေဝယ်ကျွန် စနစ်ကဲ့သို့ လူကုန်ကူးမှုအသွင်ဖြင့် အကြမ်းဖက်ခြင်းပင်ဖြစ်သည်။ လူသားမဆန်သည့် အဆိုးရွားဆုံးသော လုပ်ရပ်မှာမုဒိမ်းမှုပင်ဖြစ်သည်။ အရွယ်ရောက်ပြီးသော အမျိုးသမီးဖြစ်စေ၊ အရွယ်မရောက်သေးသော ကလေးသူငယ်များပင်ဖြစ်စေ လိင်အကြမ်းဖက်သော မုဒိမ်းမှုကိုပြုမူခံရပါက  ဘဝတစ်သက်စာအတွက် ဖျက်မရသော အမည်းစက်ကို တံဆိပ်ကပ်ခံလိုက်ရခြင်းပင်ဖြစ်သည်။

ယခုအခါအမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို ဆက်သွယ်ရေး နည်းပညာများ အသုံးပြု၍ပြုလုပ်လာကြသည်။ အမျိုးသမီးများ အင်တာနက်သုံးနေချိန် သို့မဟုတ် အင်တာနက်မသုံးချိန်များတွင် အမျိုးသမီးအပေါ် အကြမ်းဖက်ရန် နည်းပညာကို လက်နက်တစ်ခုအဖြစ် အသုံးပြုကြသည်။ ဥပမာအားဖြင့် အမျိုးသမီးနှင့် သက်ဆိုင်သော ဓာတ်ပုံတစ်ခုကို နည်းပညာဖြင့် ထင်ယောင်ထင်မှား ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ ဗီဒီယိုအခွေလွှင့်တင်ခြင်းများ ပြုလုပ်၍ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြသည်။ ထို့ပြင် တိုက်ရိုက်အကြမ်းဖက် တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ နည်းပညာဖြင့် အမျိုးသမီးများ၏ လူမှုကွန်ရက်စာမျက်နှာများကို ခိုးယူသုံးစွဲခြင်း၊ ခြေရာခံလိုက်၍ ဖုန်းမက်ဆေ့မှ တစ်ဆင့် နှောင့်ယှက်ခြင်းများပင်ဖြစ်သည်။ ထိုအကြမ်းဖက်မှုများ အတွက် နည်းပညာဥပဒေများ ပြဋ္ဌာန်းသတ်မှတ်ထားပြီး ဖြစ်သကဲ့သို့ ထိုဥပဒေများဖြင့်လည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်လည်း လိုအပ်ပါသည်။

အမျိုးသမီးများကိုအကြမ်းဖက်ခြင်းမှ ကာကွယ်သည့်ဥပဒေ

    မြန်မာနိုင်ငံတွင်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည်စိန်ခေါ်မှုတစ်ခု အဖြစ်ရှိနေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ မြန်မာနိုင်ငံလူနေမှု  ဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်းမှာ  အသက် ၁၅ နှစ်နှင့် ၄၉ နှစ်ကြား အိမ်ထောင်ကျဖူးသည့် အမျိုးသမီးများ၏  ၂၁ ရာခိုင်နှုန်းသည် ၎င်းတို့၏   ဘဝတစ်သက်တာမှာ  အရင်းနှီးဆုံး အဖော်ဖြစ်သူမှအကြမ်းဖက်မှု ပုံစံတစ်ခုခုကို တွေ့ကြုံခံစားဖူးကြောင်း လေ့လာတွေ့ရှိရပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း(စီဒေါ)ကော်မတီမှ ၁၉၉၂ ခုနှစ်တွင် ချမှတ်ထားသည့် အထွေထွေ အကြံပြုချက် အမှတ်(၁၉)တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် စပ်လျဉ်းပြီး ဖော်ပြထားသည်။ မြန်မာနိုင်ငံကလည်း “အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ    ကုလသမဂ္ဂကွန်ဗင်းရှင်း The convention of Elimination of All forms of Discrimination Against Women)(CEDAW) သို့မဟုတ် စီဒေါသဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ ထိုသဘောတူ စာချုပ်ကိုလိုက်နာသည့် အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ တန်းတူရည်တူ အခွင့်အရေးဖွံ့ဖြိုး စေရေးနှင့် အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ရေးများ အတွက် ဥပဒေတွေအတိအကျ ပြဋ္ဌာန်းဆောင်ရွက်ရမည် ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ယခုခေတ်နှင့်ကိုက်ညီသော “အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေ” ဥပဒေကြမ်းကို ၂၀၁၃ ခုနှစ်နိုဝင်ဘာလမှ စတင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု”   16 Days of Activism  against Gender Based Violence ဖြစ်သည်။  ၁၆ ရက်တာလှုပ်ရှားမှုသည် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်ထိဖြစ်သည်။ ထိုလှုပ်ရှားမှုသည်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် လှုပ်ရှားမှုဖြစ်ပါသည်။ ဂျန်ဒါ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုဟုလည်း ခေါ်ကြသည်။  ၁၆ ရက်တာလှုပ်ရှားမှုကို ၁၉၉၁ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ၁၆ ရက်တာ လှုပ်ရှားမှုကို မြန်မာနိုင်ငံမှာလည်း ကျင်းပကြသည်။ ၂၀၁၂ ခုနှစ်လောက်ကတည်းက စတင်ကျင်းပခဲ့ပြီး ၁၆ ရက်တာလှုပ်ရှားမှုကို ထာဝရဖဲကြိုးဖြူ လှုပ်ရှားမှုနှင့် တွဲဖက်ပြီး လှုပ်ရှားကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်  ၁၆ ရက်တာ လှုပ်ရှားမှုဖြင့် အမျိုးသမီးများအား “အကြမ်းဖက်ခံရမှုကာကွယ်ပေး”ဟူသော ဆောင်ပုဒ်နှင့်၂၀၁၈ ခုနှစ်မှစတင်၍ လှုပ်ရှားခဲ့ကြပါသည်။

ခေတ်မီတိုးတက်လာသည်နှင့်အမျှ ပွင့်လင်းမြင်သာသော သတင်းအချက်အလက်များ၊ နည်းပညာများ ပေါ်ပေါက်လာပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေနှင့် တာဝန်ရှိသူ အသီးသီးတို့မှ အမျိုးသမီးများ အကြမ်းဖက်ခြင်းမှ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ ဥပဒေများကို အလျဉ်းသင့်သလို ဆောင်ရွက်ပေးနေပြီဖြစ်သည်။

ပြည်သူတစ်ရပ်လုံးကလည်း လူသားချင်းစာနာ ထောက်ထား၍ လူ့အခွင့်အရေးဟူသမျှကို မလိုအပ်ဘဲ တားဆီးပိတ်ပင်ခြင်း၊ အခွင့်အရေးချိုးဖောက်ခြင်း၊ ကျားမခွဲခြားဆက်ဆံခြင်း၊ အားနည်းသူကို နိုင်ထက်စီးနင်းပြုခြင်းများကို ရှောင်ကြဉ်ကြရပေမည်။ လူ့ဘောင်အဖွဲ့အစည်းတွင် ငြိမ်းချမ်းသော နိုင်ငံတော်သစ် တည်ဆောက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ပါသည်။ ထိုလူသားအရင်းအမြစ်များ မဆုံးရှုံးရန်အတွက်အမျိုးသမီးများကို အကြမ်းဖက်ခြင်းမှတစ်ဆင့် မိမိပတ်ဝန်းကျင်တွင် လူသားများ၏ စိတ်ပိုင်းဆိုင်ရာကို အကြမ်းဖက်သည့် အပြုအမူများကို များစွာရှောင်ကြဉ်ရပေမည်။  လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မှသည် လူသားအားလုံး “အမျိုးသမီးများအပေါ်အကြမ်းဖက်မှု” ကိုရှုတ်ချ၍ ကာကွယ်မှသာလျှင် လူ့အခွင့်အရေးညီမျှသော အနာဂတ်နိုင်ငံတော်သစ်ဆီ ချီတက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေးအတွက် လူသားအားလုံးပါဝင် စုပေါင်းလှုပ်ရှားကြပါရန်” တိုက်တွန်းရေးသား လိုက်ရပေသည်။     ။

 

ကိုးကားချက် 

လူ့အခွင့်အရေးကြေညာစာတမ်းပါအချက်များ

၂၀၁၈ ဧပြီလ ထုတ်တိမ်မြုပ်နေသော ဖြည့်ဆည်းပေးရန် ကွက်လပ်များစာအုပ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်၁၈၂၀(၂၀၀၈)

၂၀၂၁ ခုနှစ် နေပြည်တော်၌ ကျင်းပသော ၁၆ ရက်တာ လှုပ်ရှားမှုသတင်းများ