အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၂)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပပြုလုပ်
နေပြည်တော်၊ ဒီဇင်ဘာ - ၁
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၂)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး နှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြတပ်ခွဲများက စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး ဒုတိယတိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ၂၀၂၂-၂၀၂၃ ခုနှစ်ကာလအတွင်း သင်တန်းများတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း/ရေ/လေ) အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရ အရာရှိ၊ စစ်သည်များ၊ ရဲမေကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဝတ်စား ဆင်ယင်မှုအကောင်းဆုံးဆုရရှိသူများ၊ အိမ်ထောင်သည်လိုင်းခန်း သန့်ရှင်းရေးဆုနှင့် စိုက်ပျိုးရေး/မွေးမြူရေးဆု ရရှိသူများအား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းနှစ်ပတ်လည် နေ့အထိမ်းအမှတ် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။