ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၂၄

   ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၆ မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း၊ သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက်နှင့် ဘာသာရေးကျောင်း စုစုပေါင်း ၆ ကျောင်း သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မြို့နယ်စုစုပေါင်း ၃၁ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၅၈ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၆ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နှင့် ဘောလခဲမြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။