အင်ဂျင်နီယာပညာရပ်များအကြောင်း သိကောင်းစရာ

 

အင်ဂျင်နီယာပညာရပ်များအကြောင်း သိကောင်းစရာ

 

    အင်ဂျင်နီယာ နည်းပညာဆိုသည်မှာ စက်ပစ္စည်းများ၊  ကိရိယာတန်ဆာပလာများ၊ အဆောက်အဦများ၊ ဒြပ်ဝတ္ထုပစ္စည်းများ စသည်တို့၏ တည်ဆောက်ပုံကို လူနေမှုဘဝ၊ သင်္ချာပညာ၊ အသုံးချသိပ္ပံပညာရပ်များဖြင့် ဘေးကင်းလုံခြုံစွာ ဖန်တီးပေးနိုင်မှုကိုခေါ်ဆိုသည်။  ပူလီ၊ လီဗာ၊ ဘီးစသည့်   အခြေခံစွန့်ဦး တီထွင်မှုများမှတစ်ဆင့်  အင်ဂျင်နီယာပညာ ပေါ်ပေါက်လာ၏။ နောက်ပိုင်းကာလတွင် တံတားနှင့် အဆောက်အအုံများစသည့် တည်ဆောက်မှု နည်းပညာများကို “အင်ဂျင်နီယာ”ဟု ခေါ်ဆိုလာကြသည်။  စစ်သုံးနှင့်စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုပညာရပ်ကို “ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု အင်ဂျင်နီယာ” ဟုသတ်မှတ်ခေါ်ဆိုခဲ့သည်။ အင်ဂျင်နီယာနည်းပညာ လေ့လာတတ်ကျွမ်းသူအားလုံးကို အင်ဂျင်နီယာဟု ခေါ်ဆိုသည်။ သက်ဆိုင်ရာ ပညာရပ်အလိုက် ရရှိသည့် လက်မှတ်အပေါ်မူတည်၍ ကျွမ်းကျင် အင်ဂျင်နီယာ၊   အရည်အချင်းပြည့် အင်ဂျင်နီယာနှင့် အသိအမှတ်ပြု အင်ဂျင်နီယာစသည်ဖြင့်  ထပ်မံခွဲခြားသည်။ ရှေးယခင်က အင်ဂျင်နီယာပညာရပ်၏ အဓိကကဏ္ဍခွဲများမှာ ရေကြောင်းနည်းပညာနှင့် ဓာတ်သတ္တု တူးဖော်ရေးနည်းပညာဟူ၍   နှစ်မျိုးတည်းသာရှိခဲ့သည်။ ယနေ့ခေတ်တွင် ကဏ္ဍခွဲများစွာ တည်ရှိနေသည်။ အဓိကကျသော အင်ဂျင်နီယာပညာရပ်များမှာ “ဓာတု၊ မြို့ပြ၊ လျှပ်စစ်စွမ်းအား၊ အီလက်ထရွန်နစ်၊    စက်မှုစွမ်းအား၊ ကွန်ပျူတာ၊ သတ္တု၊ စက်မှုပုံစံပြုနှင့် စက်မှုအီလက်ထရွန်နစ်”တို့ဖြစ်ကြသည်။

ဓာတုအင်ဂျင်နီယာပညာရပ်  ဆိုသည်မှာ “ဓာတုကုန်ပစ္စည်းများကို ဒီဇိုင်းပုံစံအသီးသီးဖြင့်  အကြီးစား ထုတ်လုပ်ခြင်း”ကိုခေါ်ဆိုသည်။  ထို့ပြင် “စွမ်းအင်များရရှိစေရန် လုပ်ဆောင်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု၊ သိပ္ပံပညာရပ်များ အသုံးချမှုနှင့် အခြားတီထွင်ဖန်တီးမှု” စသည်တို့ ပါဝင်နေ၏။  ဓာတုဗေဒနှင့် ဓာတုအင်ဂျင်နီယာ ပညာရပ်တို့မှာ ကွဲပြားခြားနား၏။    ဓာတုဗေဒပညာဆိုသည်   ဓာတုပစ္စည်းများ၏ သဘာဝအခြေအနေ၊ ဂုဏ်သတ္တိ၊ ပစ္စည်းတစ်ခုနှင့် တစ်ခုအပြန်အလှန် သက်ရောက်မှုများကို ဖန်ထည်ပစ္စည်းများ၊ ဓာတ်ခွဲစမ်းသပ် ကိရိယာများဖြင့် အသုံးပြုကာ ဓာတ်ခွဲခန်းတွင် လေ့လာရသည်။ ဓာတုအင်ဂျင်နီယာကမူ ဓာတုဗေဒပညာ၏ လေ့လာတွေ့ရှိမှုများကို အခြေခံ၍ စက်မှုပညာ၊ လျှပ်စစ်ပညာတို့ဖြင့်   ပေါင်းစပ်အသုံးပြုကာ ကုန်ပစ္စည်းများကို ထုတ်လုပ်ကြသည်။ 

ထို့ပြင် လုပ်ငန်းလည်ပတ်မှု၊ ဘေးကင်းစိတ်ချရမှု၊   သဘာ၀၀န်းကျင်အပေါ် သက်ရောက်မှုတို့ကို   တာဝန်ယူနိုင်ရန်အတွက် အလိုအလျောက် ထိန်းချုပ်မှု ပညာကိုပါ ပူးတွဲလေ့လာရပေသည်။

မြို့ပြအင်ဂျင်နီယာပညာရပ်  ဆိုသည်မှာ အသုံးများသည့် ဘာသာရပ်တစ်ခုဖြစ်ပြီး တံတားများ၊ လမ်းများ၊ တူးမြောင်းများ၊ ဆည်များ၊ အဆောက်အဦများ စသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင်  ဒီဇိုင်းထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့နှင့် ပတ်သက်သော ပညာရပ်တစ်ခုဖြစ်သည်။ ၎င်းအတတ်ပညာသည် စစ်ရေးအင်ဂျင်နီယာ အတတ်ပညာပြီးလျှင် ရှေးအကျဆုံး ဘာသာရပ်တစ်ခု ဖြစ်သည်။   ထို့ပြင် ဘာသာရပ် အစိတ်အပိုင်းများဖြင့် ထပ်မံခွဲခြားထားရှိရာ ၎င်းတို့မှာပတ်ဝန်းကျင်၊ ဘူမိနည်းပညာ၊ သယ်ယူပို့ဆောင်ရေး၊ မြူနီစီပယ် (မြို့ပြ)၊ ကွင်းဆင်းတိုင်းတာမှုများနှင့် ဆောက်လုပ်ရေး စသည်တို့ဖြစ်ကြသည်။    မြို့ပြအင်ဂျင်နီယာ ပညာရပ်သည် အများပြည်သူနှင့် များစွာသက်ဆိုင်လျက်ရှိသည်။ စည်ပင်သာယာ ကဏ္ဍမှနေ၍ အစိုးရအဆင့်ထိ နယ်ပယ်အသီးသီးတွင် ပါဝင်နေပြီးအိမ်ပိုင်ဆိုင်သူ တစ်ဦးချင်းမှ နိုင်ငံတကာ ကုမ္ပဏီများအထိ   ပါဝင်ပတ်သက်နေပေသည်။

 လျှပ်စစ်စွမ်းအား  အင်ဂျင်နီယာ ပညာရပ်  ဆိုသည် အလွန်တရာ ကျယ်ပြန့်သော လျှပ်စစ်နှင့်အီလက်ထရွန်နစ် ဖွဲ့စည်းပုံများဖြစ်သည့် လျှပ်စီးပတ်လမ်း၊  မီးအားပေးစက်၊ မော်တာ၊ သံလိုက်စက်ကွင်း၊ စက်မှုလျှပ်ကူးပစ္စည်းများ၊ ဖိုက်ဘာဆက်ကြောင်း၊ ကွန်ပျူတာစနစ်၊ ဆက်သွယ်ရေး စသည်များနှင့် သက်ဆိုင်သော နည်းပညာကို ခေါ်ဆို၏။ သံလိုက်စက်ကွင်းများမှာ  လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်တွင် များစွာလိုအပ်လျက်ရှိပြီး ယနေ့ခေတ်၌ လျှပ်စစ်မော်တာနှင့် လျှပ်စစ်ဂျင်နရေတာများတွင် အသုံးပြုနေကြပြီဖြစ်သည်။

 အီလက်ထရွန်နစ်  အင်ဂျင်နီယာ ပညာရပ်သည် လျှပ်စစ်အင်ဂျင်နီယာ ပညာနှင့် ဆက်စပ်တည်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပညာရပ်ခွဲတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။  အီလက်ထရွန်နစ်ပစ္စည်း အများစုသည် ပါဝါဖြင့် တိုက်ရိုက်လည်ပတ်ခြင်း သို့မဟုတ် လျှပ်စစ်စနစ် တစ်မျိုးမျိုးထားရှိခြင်းကြောင့်  ၎င်းပညာရပ်နှစ်ခုကို ခွဲခြား၍မရပေ။     စက်မှုလုပ်ငန်းစနစ်များ၊ ဒေတာဆက်သွယ်ရေးနှင့် ကြိုးမဲ့ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်မှုများမှာ အီလက်ထရွန်နစ်အင်ဂျင်နီယာ ပညာရပ်တွင်ပါဝင်၏။  ထို့ပြင် ဆက်သွယ်ရေး၊ ကွန်ပျူတာ အသုံးချမှု၊ ထိန်းချုပ်မှုစနစ်၊ ရုပ်မြင်သံကြားစက်၊ ရေဒီယို   စသည်တို့တွင် အသုံးပြုကြရာ အီလက်ထရွန်နစ် အင်ဂျင်နီယာပညာရပ်သည် စဉ်ဆက်မပြတ် တိုးတက်လျက်ရှိပေသည်။

 စက်မှုစွမ်းအား အင်ဂျင်နီယာပညာရပ်တွင်    ရူပဗေဒနှင့်သင်္ချာတို့၏ အခြေခံ သဘောတရားများကို ဒြပ်ဝတ္ထုပစ္စည်းသိပ္ပံဖြင့်   ပေါင်းစပ်ကာ စက်ပိုင်းဆိုင်ရာ စနစ်များကို တီထွင်ရေးဆွဲခြင်း၊ စိစစ်ပိုင်းခြားလေ့လာခြင်း၊   ထုတ်လုပ်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ပါဝင်သည်။ ထို့ပြင် ၎င်းပညာရပ်တွင် မက္ကင်းနစ်၊ ဒိုင်းနမစ်သာမိုဒိုင်းနမစ်၊    ဒြပ်ဝတ္ထုပစ္စည်းသိပ္ပံ၊ ဝန်အားသက်ရောက်မှုနှင့်   လျှပ်စစ်ဓာတ်အား  စသည်တို့ ပါဝင်ကြသည်။

ကုန်ထုတ်စက်ရုံများ၊ စက်မှုပစ္စည်းကိရိယာများ၊ စက်ယန္တရားကြီးများ၊ အပူအအေးစက်ပစ္စည်းများ၊ လေယာဉ်၊ ရေယာဉ်၊ စက်ရုပ်၊ ဆေးပစ္စည်းကိရိယာများ၊ စစ်လက်နက်များ စသည်တို့ ဒီဇိုင်းရေးဆွဲရာတွင် စက်မှုစွမ်းအား အင်ဂျင်နီယာပညာရပ်ကို အသုံးပြုကြ၏။ ထိုပညာရပ်ကို အသေးစိတ်လေ့လာ ဆန်းစစ်ရန်အတွက် ကွန်ပျူတာထောက်ကူပြုဒီဇိုင်း(CDA)၊ ကွန်ပျူတာထောက်ကူ ထုတ်လုပ်ခြင်း(CAM)နှင့် ထုတ်ကုန်သက်တမ်း စီမံတွက်ချက်မှု စသည့်ကိရိယာများဖြင့် အသုံးချကြသည်။ 

စက်မှုစွမ်းအားအင်ဂျင်နီယာ ပညာရပ်သည် ၁၈ ရာစုတွင် ဥရောပ စက်မှုတော်လှန်ရေးအတွင်း၌ ပေါ်ထွန်းခဲ့သည်။ ၁၉ ရာစုတွင် ရူပဗေဒပညာရပ်များ တိုးတက်လာမှုက စက်မှုအင်ဂျင်နီယာ ဘာသာရပ်ကို အထောက်အကူပြုခဲ့သည်။ ယနေ့ခေတ်စက်မှုအင်ဂျင်နီယာပညာရှင်များသည် ဒြပ်ဝတ္ထုပစ္စည်း ပေါင်းစပ်မှုပညာ၊ မက္ကထရောနစ်ပညာ၊ နာနိုနည်းပညာ စသည်တို့ကို  ဆက်လက်လုပ်ဆောင်နေကြသည်။

ကွန်ပျူတာအင်ဂျင်နီယာပညာရပ် ဆိုသည်မှာ အီလက်ထရွန်နစ် အင်ဂျင်နီယာကို ကွန်ပျူတာသိပ္ပံနှင့် ပေါင်းစပ်ထားသည့်  ပညာရပ်တစ်ခုဖြစ်သည်။  ထိုပညာရပ်တွင် ကွန်ပျူတာဟာ့ဒ်ဝဲလ်  (Hardware)ဲနှင့် ကွန်ပျူတာဆော့ဝဲလ် (Software)ဟူ၍ နှစ်မျိုးရှိသည်။  ကွန်ပျူတာဟာ့ဒ်ဝဲလ် ဆိုသည်မှာ  ကွန်ပျူတာချစ်ပ်(Chips)များ၊ ဆားကစ်ဘုတ်များ(Circuits)၊ ကွန်ပျူတာစနစ်များ((Computer systems)၊ ကီးဘုတ်(Keyboards)များ၊ရောက်တာများ(Routers)  နှင့်ပရင်တာများ ((Printer)စသည်တို့   ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းတို့ကို ခေါ်ဆိုသည်။ အီလက်ထရွန်နစ် အစိတ်အပိုင်းများကို ဒီဇိုင်းဆွဲသည့် လျှပ်စစ်အင်ဂျင်နီယာ အလုပ်နှင့်ဆင်တူသည်။ သို့သော် ကွန်ပျူတာဟာ့ဒ်ဝဲလ်အင်ဂျင်နီယာသည် ကွန်ပျူတာဆက်စပ်စက် ပစ္စည်းများနှင့်သာ သက်ဆိုင်သည်။ ကွန်ပျူတာ ဆော့ဝဲလ်ဆိုသည်မှာ ကွန်ပျူတာစနစ်ပေါ်တွင် အလုပ်တစ်ခုကိုပြုလုပ်နိုင်စေရန်အတွက် ခိုင်းစေချက် အစီအစဉ်တို့ စုစည်းထားသော ပရိုဂရမ်အစုအဝေးကို ခေါ်ဆိုသည်။ ယေဘုယျအားဖြင့် သတင်းအချက်အလက်များကို ကွန်ပျူတာဖြင့် ရေးနိုင်၊  ဖတ်နိုင်ပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့် သိမ်းဆည်းခြင်းတို့တွင်  အသုံးပြုကြသည်။ ထည့်သွင်းထားသည့် ပရိုဂရမ်များအပေါ် မူတည်၍  ဂဏန်းသင်္ချာနှင့် ယုတ္တိဗေဒဆိုင်ရာ တွက်ချက်မှုများကိုလည်း အလိုအလျောက် စွမ်းဆောင်နိုင်၏။

ယနေ့ခေတ်တွင် ကွန်ပျူတာပစ္စည်းများသည်    အီလက်ထရွန်နစ် ထုတ်ကုန် အများစုတွင် မြှုပ်နှံထားကြပြီး  ကမ္ဘာပေါ်တွင်  အသုံးအများဆုံး စနစ်တစ်ခုဖြစ်ပေသည်။ ကွန်ပျူတာအင်ဂျင်နီယာ ပညာရပ်တွင် AI (Artificial Intelligence)ဆိုသော နည်းပညာသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ တိုက်ရိုက် ဘာသာပြန်လျှင် “ဖန်တီးပြုလုပ်ထားသော အသိဉာဏ်” ဟုအဓိပ္ပာယ်ရရှိပြီး   အလိုအလျောက် သင်ယူလေ့လာနိုင်အောင် ရေးဆွဲထားသော ပရိုဂရမ်တစ်ခုဖြစ်ပေသည်။ လူသားများကစဉ်းစား တွေးခေါ်နိုင်သကဲ့သို့ AI သည်လည်း ကွန်ပျူတာ၏ ဦးနှောက် တစ်ခုဖြစ်ပေသည်။

ယနေ့ခေတ်တွင်၎င်းနည်းပညာကို နယ်ပယ်တော်တော်များများတွင် အသုံးပြုနေကြရာ အဓိအားဖြင့် စက်ရုပ်များတွင် အသုံးပြုကြ၏။

  သတ္တုအင်ဂျင်နီယာပညာရပ် တွင် ဓာတ်သတ္တုများရှာဖွေခြင်း၊ ထုတ်ယူခြင်း၊ သတ္တုများကို အရည်ကျို၍ပုံသွင်းခြင်းနှင့် ပစ္စည်းထုတ်လုပ်ခြင်းတို့ ဆောင်ရွက်ပေးသောပညာရပ်တစ်ခုဖြစ်သည်။ ထို့ပြင် သတ္တုတွင်းများ တူးဖော်ရာတွင် ထိရောက်စေရန်အတွက်    ဒီဇိုင်းများကို ရေးဆွဲပေးသည်။

မြေအောက်မိုင်း   ဒီဇိုင်းရေးဆွဲခြင်း၊ မိုင်းရိုးတံများနှင့် ဥမင်လိုဏ်ခေါင်းများ တည်ဆောက်ခြင်း လုပ်ငန်းများတွင်လည်း အသုံးပြုကြ၏။

သတ္တုသိုက်အသစ်များ ရှာဖွေခြင်း၊ သတ္တုတွင်းထွက် အညစ်အကြေးများကို စစ်ဆေးခြင်းနှင့် အမျိုးအစား ခွဲထုတ်ခြင်းစသည့် သတ္တုတူးဖော်ရေးတွင် အရေးကြီးသောပညာရပ်တစ်ခုဖြစ်သည်။

  စက်မှုပုံစံပြုအင်ဂျင်နီယာပညာရပ်  ဆိုသည်မှာ အပေါက်ဖောက်စက်၊ တွင်ခုံ၊ ဂီယာထွင်းစက်၊ သုံးဖက်မြင်ရုပ်ကြွထုတ် ပရင်တာအစရှိသော စက်များကို ကွန်ပျူတာဖြင့် အလိုအလျောက် ထိန်းချုပ်မောင်းနှင်သည့်စက်များ တီထွင်ထုတ်လုပ်ခြင်းကို ခေါ်ဆိုသည်။ ကွန်ပျူတာထိန်းချုပ် စက်မှုပုံစံပြုစက် Computer  numerical control (CNC)    မှာလူသိများကြသည်။ သတ္တု၊ ပလတ်စတစ်၊ သစ်သား၊ ကြွေနှင့် ပေါင်းစပ်ဒြပ်ဝတ္ထုပစ္စည်းများ ပြုလုပ်ရာတွင် စက်၏ လုပ်ဆောင်မှုကို လူကတိုက်ရိုက် ထိန်းချုပ်ခြင်းမရှိဘဲ   ရေးသွင်းထားသော အစီအစဉ်များအတိုင်း ရရှိစေရန်  CNC စက်များဖြင့် ဆောင်ရွက်ကြသည်။ ထို့ပြင် CNC စက်များသည် စက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုဖြင့် ရယူလိုသည့် အနေအထားတစ်ခုဖြစ်အောင် ဆောင်ရွက်ရာတွင် လွန်စွာကောင်းမွန်လှသည်။ ခေတ်ပေါ် CNC စက်များတွင် စက်ပစ္စည်း ကိရိယာပုံစံနှင့်     ပရိုဂရမ်များ အလိုအလျောက် လုပ်ကိုင်သည့်ပုံစံတို့ကို ထည့်သွင်းထားကြ၏။ 

စက်မှုအီလက်ထရွန်နစ် အင်ဂျင်နီယာ ပညာရပ်  ဆိုသည်မှာ အီလက်ထရွန်နစ် ပစ္စည်းများကို ဒီဇိုင်းထုတ်ခြင်း၊ စမ်းသပ်ခြင်း၊ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊  ပြဿနာဖြေရှင်းခြင်းနှင့်ပြုပြင်ခြင်းတို့ လုပ်ဆောင်သော ပညာရပ်ကိုခေါ်ဆိုသည်။ ၎င်းပညာရပ်တွင် အသုံးပြု အီလက်ထရွန်နစ်ပစ္စည်း၊ စီးပွားဖြစ် အီလက်ထရွန်နစ်ပစ္စည်းနှင့် ဒစ်ဂျစ်တယ် အီလက်ထရွန်နစ်ပစ္စည်းတို့ ပါဝင်၏။

   ကမ္ဘာပေါ်တွင် အလက်ဇန်းဒီးယား ပင်လယ်အော်ရှိ   ရောမလူမျိုးတို့ တည်ဆောက်ခဲ့သော မီးပြတိုက်များ၊အီဂျစ်နိုင်ငံတွင် ရှိသော ပိရမစ်၊ ဘေဘီလုံရှိ မိုးပျံဥယျာဉ်၊  အက်ခရိုပိုလစ်ရဲတိုက်၊ ဂရိနိုင်ငံရှိ ပါသီနွန်၊ တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး စသည်တို့မှာ      ရှေးခေတ်မြို့ပြနှင့် စစ်ဘက်အင်ဂျင်နီယာများမှ တည်ဆောက်ခဲ့ကြသည်။ ၁၉ ရာစုတွင် လျှပ်စစ်မီးသီးနှင့် ဘက်ထရီတီထွင်မှုတို့ ပေါ်ပေါက်လာခဲ့သည်။ ခရစ်သက္ကရာဇ် ၁၈၃၁ ခုနှစ်တွင်  ဗြိတိသျှလူမျိုး မိုက်ကယ်ဖာရာဒေးဆိုသူမှ လျှပ်စစ်ထုတ်စက်၏  အလုပ်လုပ်ပုံကို ရှင်းလင်းနိုင်သည့် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနိယာမ တစ်ခုကို   ဖော်ထုတ်နိုင်ခဲ့သည်။  ၁၈၈၂ ခုနှစ်တွင်   သောမတ်အယ်လ်ဗာအက်ဒီဆင်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ရေနွေးငွေ့သုံးလျှပ်စစ်ထုတ် စက်ရုံကိုတည်ဆောက်ခဲ့ရာ သုံးစွဲသူ ၅၉ ဦးအတွက် ဖြန့်ဝေပေးနိုင်ခဲ့သည်။ ၁၇၆၉ ခုနှစ်တွင် စကော့လူမျိုးဂျိမ်းဝပ် ဆိုသူက ရေနွေးငွေ့ဖြင့် မောင်းနှင်သည့် စက်ကိုတီထွင်အောင်မြင်ခဲ့ရာ ချည်ငင်နှင့် ရက်ကန်းလုပ်ငန်းများတွင် မောင်းနှင်အသုံးပြုခြင်းမှာ စက်မှုစွမ်းအား အင်ဂျင်နီယာ ပညာရပ်တစ်ခုပင်ဖြစ်ပေသည်။

ထိုကဲ့သို့  တီထွင်မှုများမှာ ထင်ရှားသည့် သမိုင်းမှတ်တမ်းများဖြစ်ကြသည်။  လူသားတို့နေ့စဉ် အသုံးပြုလျက်ရှိသည့်နေအိမ်၊ လျှပ်စစ်မီး၊ မော်တော်ကား၊ ဆိုင်ကယ်၊ ကွန်ပျူတာ၊ တယ်လီဖုန်းစသည့်ပစ္စည်းများကို အင်ဂျင်နီယာ နည်းပညာများဖြင့် ထုတ်လုပ်ထားကြောင်းနှင့် ၎င်းပညာရပ်များမှာ လူသားတို့ဘဝ ရှင်သန်ရပ်တည် နေထိုင်ရေးအတွက်   အရေးပါလှကြောင်း ရေးသားလိုက်ရပေသည်။    ။ 

ကိုးကား

 ဦးအုန်းမြင့်(ဒီဇယ်)ရေးသားသောအင်ဂျင်

နီယာအဘိဓာန်(၂၀၂၀)