Globe Soccer Awards ဆုပေးပွဲ အခမ်းအနား၌ ပေးမည့်ဆုများမှ သုံးဆု၏ ဆန်ခါတင်စာရင်းတွင် စီရော်နယ်ဒို ထိပ်ဆုံးမှ ဦးဆောင်နေ
Globe Soccer Awards ဆုပေးပွဲအခမ်းအနား ၌ ပေးအပ်ချီးမြှင့်မည့် ဆု ၁၇ ခုမှ ဆုသုံးခု၏ ဆန်ခါတင်စာရင်းတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုက ထိပ်ဆုံးမှဦးဆောင်နေပြီး ဆုနှစ်ခုကို ဆွတ်ခူးနိုင်ရန် အနီးစပ်ဆုံး အနေအထားမှာရှိနေ ကြောင်း သိရသည်။
အဆိုပါဆုပေးပွဲအခမ်းအနား၌ ပေးအပ်မည့်ဆုများ အနက် Best Men's Playerဆုအတွက် ဆန်ခါတင်စာရင်းတွင် စီရော်နယ်ဒိုနှင့်အတူ ထိပ်တန်းကစားသမား များဖြစ်သည့် မက်ဆီ၊ အမ်ဘတ်ပီ၊ ဟာလန်း၊ ဆာလက်ချ် စသည့်ကစားသမားများ ပါဝင်နေသော်လည်း စီရော်နယ်ဒိုက လက်ရှိ ဆန္ဒမဲပေးမှုတွင် ၂၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ရရှိထားပြီး ပြိုင်ဘက်ကစားသမားများထက် မဲအသာစီးရရှိထားကာ ထိပ်ဆုံးမှ ဦးဆောင်နေခြင်းဖြစ်သည်။
Best Men's Player ဆုအတွက် မဲရရှိမှုရာခိုင်နှုန်းတွင် စီရော်နယ်ဒို၏နောက်၌ လီဗာပူးအသင်းမှ ဆာလက်ချ်က ၁၄ ရာခိုင်နှုန်း ရရှိထားပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးထားနိုင်ခဲ့သည့် မက်ဆီက ၁၃ ဒသမ ၆ ရာခိုင်နှုန်းသာ ရရှိထားသည့်အတွက် စီရော်နယ်ဒိုက မဲအသာစီးရရှိထားခြင်း ဖြစ်သည်။
အလားတူ Fan's Favourite Player of the Year ဆုအတွက် ဆန်ခါတင်စာရင်းတွင်လည်း စီရော်နယ်ဒိုက မဲရာခိုင်နှုန်း ၃၇ ဒသမ ၄ ရာခိုင်နှုန်းအထိ ရရှိထားပြီး စီရော်နယ်ဒို၏ နောက်၌ လီဗာပူးအသင်း မှ ဆာလက်ချ်က ၁၉ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ရပ်တည်နေကာ မက်ဆီက ၁၅ ဒသမ ၃ ရာခိုင်နှုန်းသာရရှိ ထားသည့်အတွက် စီရော်နယ်ဒိုက ဆုရရှိရန် အနီးစပ် ဆုံးအနေအထားတွင် ရှိနေခြင်းဖြစ်သည်။
ထို့အတူ Best Middle East Player ဆုအတွက် ဆန်ခါတင် စာရင်းတွင်လည်း စီရော်နယ်ဒိုက ၃၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ရရှိထားကြောင်း သိရသည်။