ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၁ ရက်က ကျောက်ဆည်ခရိုင် အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ကျန်းမာကြံ့ခိုင်ရန် လိုအပ်သဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် အားကစားပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်းတည်ထောင်သူ ဆရာမကြီးဒေါ်သင်းပျံ့ကြူ က အမှာစကား ပြောကြားသည်။
ထို့နောက် မေတ္တာကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကရာတေး စွမ်းရည်ပြသပြီး ပန်းဖွားအကဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်း Grade-10 မှ လူရည်ချွန်ကျောင်းသား မောင်ဖြိုးသက်ပိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက Zumba အကဖြင့် ကပြဖျော်ဖြေသည်။ ယင်းနောက် ဘောလုံးပြိုင်ပွဲ ကျင်းပပြီး ပထမ၊ ဒုတိယနှင့် တစ်ဦးချင်း ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲအတွက် အလှူငွေ ငွေကျပ် သုံးသိန်းကို မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ ဆရာမကြီးဒေါ်သင်းပျံ့ကြူက မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးဝေမင်းဟိန်းထံ ပေးအပ်ကြောင်း သိရသည်။