အာကာသထဲအထိပါ ရောက်ရှိသွားပြီဖြစ်တဲ့ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြားက တင်းမာမှု
အာကာသနယ်ပယ်ဆိုတာ ကမ္ဘာအပြင်ဘက်မှာရှိတဲ့ နေရာတစ်ခုဖြစ်ပြီး ဘယ်နိုင်ငံကမဆို ဘယ်လိုမျိုး အာကာသ လေ့လာမှု၊ အာကာသအတွင်းသို့ ယာဉ်များ လွှတ်တင်မှုကိုမဆို လွတ်လပ်စွာ လုပ်ဆောင်နိုင်တဲ့နေရာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအသီးသီးက နိုင်ငံတကာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အာကာသကို အသုံးပြုခွင့် ရှိနေတဲ့အချိန်မှာ တချို့နိုင်ငံကြီးတွေ အထူးသဖြင့် အနောက်နိုင်ငံတွေက အာကာသနယ်ပယ်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။
နိုင်ငံတော်တော်များကတော့ သူတို့ရဲ့အမျိုးသား အကျိုးစီးပွားအတွက် အာကာသနယ်ပယ်ကို ထိရောက်စွာ အသုံးပြုကြတာပါ။ ဒီအထဲမှာ စစ်ရေးနည်းလမ်းအရ အသုံးပြုမှုတွေလည်း အပါအဝင်ဖြစ်ပါတယ်။
စစ်ရေးနည်းလမ်းအရ ကြည့်ရင် ထောက်လှမ်းရေး ဂြိုဟ်တုဆိုတာ ငွေကြေး၊ နည်းပညာတတ်နိုင်တဲ့ နိုင်ငံတိုင်းက လွှတ်တင်နိုင်တဲ့၊ လွှတ်တင်လေ့ရှိတဲ့ အရာပါ။ အဲဒီလိုလွှတ်တင်မှုအပေါ်မှာ ဘယ်နိုင်ငံကမှ ကန့်ကွက်မှုတွေ၊ ချုပ်ချယ်မှုတွေ မလုပ်ကြပါဘူး။
အဘက်ဘက်ကနေ ပိတ်ဆို့ခံထားရတဲ့ ကြားထဲက ကိုယ့်အားကိုယ်ကိုးပြီး နိုင်ငံကြီးများကိုပင် လူစွာပြန်လုပ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံရှိပါတယ်။ ဟုတ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပါ။
မြောက်ကိုရီးယားနိုင်ငံသည်လည်း ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သလို ကမ္ဘာပေါ်မှာတည်ရှိတဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်သူသည်လည်း စွမ်းဆောင်နိုင်မယ်ဆိုရင် အာကာသကို အသုံးပြုခွင့်ရှိပါတယ်။
အခုတော့ သူတို့အနေနဲ့ စွမ်းဆောင်နိုင်တဲ့အတွက် မကြာသေးခင်ကပဲ ထောက်လှမ်းရေးဂြိုဟ်တု တစ်စင်းကို အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ခဲ့ပါပြီ။
ဒီဂြိုဟ်တုကနေပြီးတော့ ကမ္ဘာ့နိုင်ငံများရဲ့ အထင်ကရဂြိုဟ်တု ဓာတ်ပုံများကို ရိုက်ကူးနိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား ကလူသိရှင်ကြား ထုတ်ပြန်လာပါတယ်။
အဲဒီဂြိုဟ်တု ဓာတ်ပုံတွေထဲမှာ အမေရိကန်သမ္မတ အိမ်တော်ဖြစ်တဲ့ အိမ်ဖြူတော်နဲ့ စစ်စခန်းတချို့ရဲ့ ဓာတ်ပုံများလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် ထောက်လှမ်းရေး ဂြိုဟ်တုတစ်စင်းက ဘယ်လိုအရာတွေကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံများက တရားဝင်ထုတ်ပြန်လေ့ မရှိပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုထုတ်ပြန်ချက်ဟာ မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ဘက်က ဘယ်လိုတုံ့ပြန်လာမယ် ဆိုတာကို သိချင်လို့ ပဲလား။ တမင်သက်သက်ကြွားဝါချင်လို့ပဲလားဆိုတာကိုတော့ သူတို့ကိုယ်တိုင်သာလျှင် အသိဆုံးဖြစ်မှာပါ။
မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်လိုက်နိုင်ပြီဆိုတော့ တောင်ကိုရီးယားကလည်း ဒီအတိုင်း ထိုင်မနေပါဘူး။
သူလည်း အမေရိကန်အားကိုးနဲ့ သူတို့အတွက် ပထမဆုံးသော ပြည်တွင်းဖြစ် ထောက်လှမ်းရေးဂြိုဟ်တုကို ဒီဇင်ဘာလ ၁ ရက်နေ့က လွှတ်တင်လိုက်ပါပြီ။
အဲဒီမတိုင်ခင်က တောင်ကိုရီးယား တပ်မတော်ဟာ အမေရိကန်ကပေးတဲ့ ထောက်လှမ်းရေးသတင်း အချက်အလက်များ အပေါ်မှာသာ အလွန်အမင်း မှီခိုနေခဲ့ရတာပါ။
အခုလွှတ်တင်မှုမှာလည်း အမေရိကန်နိုင်ငံရှိ SpaceX ကုမ္ပဏီရဲ့ Falcon 9 ဒုံးပျံကို အသုံးပြုပြီး ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဗန်ဒါဘာ့အာကာသ တပ်ဖွဲ့စခန်းကနေ လွှတ်တင်လိုက်ရတာဖြစ်ပါတယ်။ ဆိုလိုတာက တောင်ကိုရီးယားဟာ အမေရိကန်အပေါ် မှီခိုနေရသေးတယ်ဆိုတာပါ။
နည်းပညာပိုင်းအရဆိုရင် မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုက ဘယ်လောက် အတိုင်းအတာအထိ စွမ်းဆောင်နိုင်တယ်ဆို တာကို ထုတ်ဖော်ပြောထားခြင်း မရှိပေမယ့် တောင်ကိုရီးယားကတော့ သူတို့ရဲ့ထောက်လှမ်းရေးဂြိုဟ်တုဟာ အရွယ်အစား ၁၂ လက်မခန့်ရှိ အရာဝတ္ထုများကိုပင် ထောက်လှမ်းနိုင်တယ်လို့ ဆိုထားပါတယ်။
ဟုတ်လား၊ မဟုတ်လားဆိုတာတော့ သေချာ မသိရသေးပါဘူး။ တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုဟာ မြောက်ကိုရီးယားက အလားတူဂြိုဟ်တု လွှတ်တင်ပြီး သီတင်းပတ်နှစ်ပတ်ခန့်အကြာမှာ လုပ်ဆောင်တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံကမဆို နိုင်ငံတကာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများအရ အသုံးပြု ခွင့်ရှိတဲ့ အာကာသနယ်ပယ်ကို အမေရိကန်က လက်ဝါးကြီးအုပ်ဖို့ ကြိုးပမ်းလာမှု တစ်ခုကိုတွေ့ရပါတယ်။
အမေရိကန်အနေနဲ့ ရန်သူရဲ့အာကာသနဲ့ တန်ပြန်အာကာသ စွမ်းဆောင်ရည်များ၊ ဝန်ဆောင်မှုများကို ပျက်စီးစေသော နည်းလမ်းများ အပါအဝင် လုပ်နိုင်သမျှသော နည်းလမ်းအားလုံး အသုံးပြုပြီး ဟန့်တားသွားနိုင်ဖို့ ပူးတွဲတပ်ဖွဲ့ အာကာသ စစ်ဆင်ရေးများက ဆောင်ရွက်နိုင်စွမ်းရှိပါတယ်လို့ အမေရိကန်အာကာသ တပ်ဖွဲ့များရဲ့ ပြည်သူ့ရေးရာ အရာရှိရှယ်ရီလင်ကယ် ကပြောပါတယ်။
သတင်းဌာနတစ်ခုက မကြာသေးမီက လွှတ်တင်လိုက်တဲ့ မြောက်ကိုရီးယားရဲ့ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ လက်တုံ့ပြန်နိုင်စွမ်းကို မေးမြန်းတဲ့အခါ ရှယ်ရီလင်ကယ်က အခုလိုမျိုး ပြန်ဖြေလိုက်တာပါ။
ဒါပေမဲ့ မြောက်ကိုရီးယားကတော့ အမေရိကန်ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် အမေရိကန်အပေါ် သတိပေး ထုတ်ပြန်ချက်ကို ချက်ချင်းဆိုသလို ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။
“မြောက်ကိုရီးယားနိုင်ငံက ပိုင်ဆိုင်တဲ့ ဘယ်လိုမျိုး အာကာသပိုင်ဆိုင်မှုမျိုးကို မဆို တိုက်ခိုက်မှုဟာ နိုင်ငံကိုစစ်ကြေညာခြင်း ဖြစ်တယ်လို့ သတ်မှတ်ပါမယ်။ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တုဟာ မြောက်ကိုရီးယားရဲ့ ပိုင်နက်နယ်မြေ တစ်ခုဖြစ်ပြီး အချုပ်အခြာအာဏာကို ကျင့်သုံးနေတဲ့ နေရာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် “တကယ်လို့များ မိမိတို့ရဲ့ ထောက်လှမ်းရေးဂြိုဟ်တုအပေါ် ဟန့်တားမှု တစ်ခုခုရှိလာပြီဆိုရင် မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမြောက်နေရာတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ သက်သက်အတွက်နဲ့ ကိုရီးယားကျွန်းဆွယ်အထက်မှာ တည်ရှိနေတဲ့ အမေရိကန်ရဲ့ မရေမတွက်နိုင်တဲ့ ဂြိုဟ်တုတွေဟာ ပထမဆုံးချေမှုန်းခံရမယ့်ပစ်မှတ်များ ဖြစ်လာပါလိမ့်မယ်” ဆိုပြီးသတိပေးထားပါသေးတယ်။
တကယ်တမ်းစဉ်းစားကြည့်ရင် နိုင်ငံအသီးသီးက နိုင်ငံတကာ စည်းမျဉ်းများနဲ့အညီ အသုံးပြုခွင့်ရှိတဲ့ အာကာသနယ်ပယ်ကို မြောက်ကိုရီးယားဖြစ်စေ၊ တောင်ကိုရီးယားဖြစ်စေ၊ အမေရိကန်ဖြစ်စေ တန်းတူ ညီမျှမှုရှိစွာ ကိုယ်စီကိုယ်စီ အသုံးပြုခွင့်ရှိတာအမှန်ပါပဲ။
အဲဒါကိုမှ အမေရိကန်နဲ့ တောင်ကိုရီးယားက လွှတ်တင်တဲ့ ထောက်လှမ်းရေးဂြိုဟ်တုကသာ တရားဝင်ပြီး မြောက်ကိုရီးယားကလွှတ်တင်တဲ့ ထောက်လှမ်းရေးဂြိုဟ်တုက တရားမဝင်ဘူးလို့ဆိုရင် တရားမျှတမှုဆိုတာ ဘယ်မှာလဲလို့ မေးရမယ့် အနေအထားဖြစ်သွားပါလိမ့်မယ်။
မည်သို့ပင်ဆိုစေကာမူ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်မှု၊ မရှေးမနှောင်းမှာ တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှု၊ အမေရိကန်ရဲ့ ဘက်လိုက်တဲ့ ဟန့်တားမှုတွေကိုကြည့်ခြင်းအားဖြင့် အဲဒီသုံးနိုင်ငံကြားက တင်းမာမှုဟာ မြေပြင်မှာသာမက အာကာသအထိပါ ရောက်သွားပြီဖြစ်ကြောင်းနဲ့ နောက်ထပ်လည်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာဦးမှာ အမှန်ပင်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
ထက်မြတ်