၂၀၂၃ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဂျာမနီယူ-၁၇ အသင်း အနိုင်ရရှိပြီးနောက် အသင်းသမိုင်း တစ်လျှောက် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့
အာဆီယံဒေသတွင်း နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၀၂၃ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဂျာမနီယူ-၁၇ အသင်းနှင့် ပြင်သစ်ယူ-၁၇ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျာမနီယူ-၁၇ အသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးနောက် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံး ခြေစွမ်းပိုင်းကွာခြား မှုမရှိဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲချိန် ၂၉ မိနစ်တွင် ဘန်နာ၊ ပွဲချိန် ၅၁ မိနစ်တွင် ဒါဗစ်ချ်တို့က ဂျာမနီယူ-၁၇ အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၅၃ မိနစ်တွင် ဘိုအူဘာနှင့် ပွဲချိန် ၈၅ မိနစ်တွင် အေမိုဂူတို့က ပြင်သစ်ယူ-၁၇ အသင်းအတွက် ချေပဂိုးများ သွင်းယူနိုင်ခဲ့သည်။
ထို့နောက် အချိန်ပို မိနစ် ၃၀ ဆက်လက် ကစားခဲ့ရာတွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ် ကစားခဲ့ရာ ဂျာမနီ အသင်းက ၄ ဂိုး-၃ ဂိုးဖြင့် အနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုကို ဂျာမနီယူ-၁၇ အသင်းက လည်းကောင်း၊ ဒုတိယ ဆုကို ပြင်သစ်ယူ-၁၇ အသင်းက လည်းကောင်း၊ တတိယဆုကို မာလီယူ-၁၇ အသင်းက လည်းကောင်း အသီးသီး ရရှိကြောင်း သိရသည်။