ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုမဲခွဲမှုအပြီးတွင် စပိန်အသင်း ခရိုအေးရှားအသင်းနှင့် အီတလီအသင်းတို့ တစ်အုပ်စုတည်း ကျရောက်

 

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုမဲခွဲမှုအပြီးတွင် စပိန်အသင်း ခရိုအေးရှားအသင်းနှင့် အီတလီအသင်းတို့ တစ်အုပ်စုတည်း ကျရောက်

 

    ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသည့်  ယူရို ၂၀၂၄  ပြိုင်ပွဲ  အုပ်စုမဲခွဲမှုအပြီးတွင် စပိန်အသင်း၊ ခရိုအေးရှားအသင်းနှင့် အီတလီအသင်း တို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။

ယူရို ၂၀၂၄ ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်မှစတင်ပြီး ဇူလိုင်လ ၁၄  ရက်အထိလေးသင်းပါ ခြောက်အုပ်စု ပြိုင်ပွဲဝင်အသင်း ၂၄ သင်းဖြင့် ဂျာမနီနိုင်ငံ ဘာလင်မြို့၊  ကိုလုံးမြို့၊  မြူးနစ်မြို့၊  ဖရန့်ဖက်မြို့၊  ဟမ်းဘက်မြို့၊  ဒေါ့မွန်မြို့၊  လိုက်ပဇစ်မြို့၊  ဂယ်ဆန်ကာချန်မြို့၊ စတုဂတ်မြို့နှင့်  ဒူဆယ်ဒေါ့မြို့တို့၌  ကျင်းပမည်ဖြစ်သည်။

လက်ရှိတွင်  ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင်ခွင့်ရရှိထားသည့် အသင်း ၂၁ သင်းရှိနေပြီး  လက်ကျန်သုံးနေရာ အတွက်  ပိုလန်အသင်း၊   အက်စ်တိုးနီးယားအသင်း၊ ဝေးလ်အသင်း၊  ဖင်လန်အသင်း၊ အစ္စရေးအသင်း၊ အိုက်စလန်အသင်း၊ ဘော့စနီးယားအသင်း၊ ယူကရိန်းအသင်း၊ ဂျော်ဂျီယာအသင်း၊ လူဇင်ဘတ်အသင်း၊ ဂရိအသင်းနှင့် ကာဇက်စတန်အသင်းတို့က  ရှုံးထွက်အဆင့် ကစားရမည်ဖြစ်သည်။

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု(A)တွင် ဂျာမနီအသင်း၊ စကော့တလန်အသင်း၊ ဟန်ဂေရီအသင်းနှင့် ဆွစ်ဇာ လန်အသင်း၊ အုပ်စု(B)တွင် စပိန်အသင်း၊ ခရိုအေးရှား အသင်း၊ လက်ရှိချန်ပီယံ အီတလီအသင်းနှင့် အယ်ဘေးနီးယားအသင်း၊ အုပ်စု(C)တွင် ဆလိုဗေးနီးယားအသင်း၊ ဒိန်းမတ်အသင်း၊  ဆားဘီးယားအသင်းနှင့် အင်္ဂလန်အသင်း၊ အုပ်စု(D)တွင် နယ်သာလန်အသင်း၊ သြစတြီးယားအသင်း၊ ပြင်သစ်အသင်းနှင့်  ရှုံးထွက်အဆင့်မှ တက်ရောက်လာမည့်အသင်း၊ အုပ်စု(E)တွင် ဘယ်လ်ဂျီယံအသင်း၊ ဆလိုဗက်ကီးယားအသင်း၊ ရိုမေးနီးယားအသင်းနှင့်   ရှုံးထွက်အဆင့်မှ  တက်ရောက်လာမည့်အသင်း၊ အုပ်စု(F)တွင် တူရကီအသင်း၊ ပေါ်တူဂီအသင်း၊ ချက်အသင်းနှင့် ရှုံးထွက်အဆင့်မှ တက်ရောက်လာမည့် အသင်းတို့ တစ်အုပ်စုတည်း ကျရောက်ကြောင်း သိရသည်။