ရေဆန်ခရီးသွား . . . မသန်စွမ်းသူများသို့ ဂုဏ်ပြုစာတစ်စောင်

 

ရေဆန်ခရီးသွား . . . မသန်စွမ်းသူများသို့ ဂုဏ်ပြုစာတစ်စောင်

 

    နိုင်ငံတော်တည်ဆောက်ရေး    ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်ရမည့် တာဝန်သည် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်။ နိုင်ငံသားဟုဆိုရာတွင် မြန်မာပြည်ဖွား  မြန်မာနိုင်ငံသား   ကိုယ်လက်အင်္ဂါ သန်စွမ်းသူရော မသန်စွမ်းသူများပါ တာဝန်ရှိသည်။ မသန်စွမ်းသူများသည်လည်း နိုင်ငံသူ၊ နိုင်ငံသားများဖြစ်သည်။  နိုင်ငံသားများနည်းတူ  အေးချမ်းသာယာခေတ်မ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်လာစေရန် ပါဝင်တာဝန် ယူကြရမည်ဖြစ်သည်။ ပြည်သူတစ်ရပ်လုံးမှလည်း   လူ့စွမ်းအားများဖြင့်   ဘဝခရီး လျှောက်လှမ်းနေကြသူများအဖြစ် ဝိုင်းဝန်းပံ့ပိုး လက်တွဲကြရမည်ဖြစ်သည်။

ရှေးနှစ်ပေါင်းရှည်ကြာ ကာလများမှစ၍ လူမှုဘဝခွဲခြားမှုမရှိ    တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီ လက်တွဲခဲ့ကြပြီး   နွေးထွေးသော စေတနာများဖြင့် ၁၉၁၄  ခုနှစ်တွင် မျက်မမြင်ကျောင်း (ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး)၊ ၁၉၂၃ ခုနှစ်တွင် ဆွံ့အနားမကြားကျောင်း   (ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး)၊ ၁၉၃၉ ခုနှစ်တွင် မျက်မမြင်ကျောင်း(ပခုက္ကူမြို့ မကွေးတိုင်းဒေသကြီး)၊ ၁၉၆၂  ခုနှစ်တွင်   ဆွံ့အနား မကြားကျောင်း (မန္တလေးမြို့ မန္တလေးတိုင်းဒေသကြီး) တို့ကို    တည်ထောင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါကျောင်းများကို    နိုင်ငံတော်အတွင်း   မသန်စွမ်းသူများအား   ကိုယ်ပိုင်အသိပညာ၊ အတတ်ပညာများ  သင်ကြားနိုင်ရန်  တန်းတူအခွင့်အရေးများ ပေးသည့်အနေဖြင့် ဖွင့်လှစ်သင်ကြား ပေးခဲ့သော်လည်း မိသားစုအတွင်း လွဲမှားသောချစ်ခြင်းများဖြင့် မသန်စွမ်းသူဖြစ်၍ ရင်ခွင်ပိုက်ထားခဲ့ကြသော ဖြစ်စဉ်များကြောင့်   ကျောင်းမနေရသော မသန်စွမ်း ကလေးငယ်များဘ၀ မီးခဲပြာဖုံးဖြစ်ခဲ့ကြရသည်။

၂၁  ရာစုကာလများတွင်  နိုင်ငံတော် တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့်  မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့်အတူ  ဘဝပေး အခြေအနေအရ မသန်စွမ်းသူဘဝကို ခံစားနေရသော လူငယ်များ၏ စိတ်ဓာတ်ကို   ခွန်အားများ ပေါင်းစည်းခဲ့ကြသောကြောင့်   အများနည်းတူ အရပ်ရပ်သော ပညာများကို သင်ကြားတတ်မြောက် လာကြပြီဖြစ်သည်။  မသန်သော်လည်း စွမ်းဆောင်ရည်မြင့်မားကြသူများ အဖြစ်  နိုင်ငံတော် မျက်နှာစာတွင်  အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ်  ရပ်တည်နေကြသည်ကိုလည်း   တွေ့လာရပြီဖြစ်သည်။

မြန်မာနိုင်ငံ၌     မသန်စွမ်းသူဘဝကို ကျောခိုင်း၍ သန်စွမ်းသူများနှင့် ရင်ပေါင်တန်းကာ ဘဝခရီးလမ်း လျှောက်လှမ်းခဲ့သူတို့၏ ကြိုးစားမှုစွမ်းရည်များသည် ၎င်းတို့အတွက် ဉာဏအားများ ပွင့်လင်းလာစေရုံသာမက ဘဝတူများကိုပါ လက်တွဲခေါ်ယူခဲ့သောကြောင့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်ကာ ဘဝခရီးအတွက် ပွဲလယ်တင့်ခဲ့ကြသူများစွာ ပေါ်ထွန်းခဲ့ပြီဖြစ်သည်။

လူသားအားလုံးသည်   မိမိတို့၏ခန္ဓာကိုယ်နှင့်    ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပေါ်တည်မှီ၍   လှုပ်ရှားသွားလာကြသူများ ဖြစ်ပြီး  တစ်ခုခုသော  ခန္ဓာကိုယ်အစိတ်အပိုင်း ချို့ယွင်းသွားပါက စွမ်းအားများ လျော့နည်းသွားသကဲ့သို့ ခံစားရမည်မှာ အမှန်ပင်ဖြစ်သည်။   အထူးသဖြင့်  မသန်စွမ်းဘဝ ရောက်ခဲ့ကြရသူများသည် ခန္ဓာကိုယ်(ကိုယ်ကာယ)၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊  ဉာဏ်ရည်၊  စိတ်ပိုင်းဆိုင်ရာနှင့် အာရုံခံစားမှုပိုင်းဆိုင်ရာ ချို့ယွင်းချက်၊ အားနည်းချက်များ ခံစားကြရသည်။

ယနေ့ကာလများတွင် လူမှုအကျိုးပြု အဖွဲ့အစည်းများ များစွာပေါ်ထွန်းလာပြီဖြစ်၍ မသန်စွမ်းသူများအဖို့ ကိုယ်ပိုင်စွမ်းရည်များ မြင့်မားလာကာ မိမိတို့ရရှိလာပြီးသော စွမ်းရည်များကို ပြည့်ဝစွာ အသုံးချ၍ မိမိအပါအဝင် လူသားထု တစ်ရပ်လုံး တန်းတူညီမျှသော လုပ်ပိုင်ခွင့်များနှင့်အတူ လူ့ဘောင်အဖွဲ့အစည်းကို   တည်ထောင်နိုင်ရန် ကြိုးစားနေကြပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်း၌လည်း မသန်စွမ်းသူများ အရေး ဦးစားပေး ဆောင်ရွက်နေကြသည်ကို   လေ့လာတွေ့ရှိရသည်။  ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) သည် မသန်စွမ်းသူများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ၁၉၈၁  ခုနှစ်ကို  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနှစ်နှင့်  ၁၉၈၂  ခုနှစ်မှ  ၁၉၉၃  ခုနှစ်အထိ   အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ  ဆယ်စုနှစ်အဖြစ်  သတ်မှတ်ပေးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် (၄၈)ကြိမ်မြောက်    ကုလသမဂ္ဂအထွေထွေ ညီလာခံကြီး၏ ဆုံးဖြတ်ချက်ဖြင့် နှစ်စဉ်  ဒီဇင်ဘာလ ၃ ရက်ကို အပြည်ပြည်ဆိုင်ရာ  မသန်စွမ်းသူများနေ့ဟု သတ်မှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံ၌လည်း ၁၉၉၄ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကျင်းပပေးခဲ့ပြီး ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ ကုသိုလ်ဖြစ် အဖွဲ့အစည်းဖြစ်သော နိုင်ငံတကာ ပြန်လည်ပြုစုပျိုးထောင်ရေး အသင်းမှ  ထုတ်ပြန်မှုအရ ယနေ့ကမ္ဘာပေါ်၌ မသန်စွမ်းသူ သန်း ၆၀၀  ကျော်ရှိကြောင်း  ဖော်ပြခဲ့ဖူးသည်။ သို့သော်   ယနေ့အချိန်အခါနှင့် ယှဉ်သော် တိုးလာနိုင်သကဲ့သို့    လျော့နည်းသွားမှုလည်း ရှိနိုင်သည်။   ထိုအဖွဲ့အစည်း အနေဖြင့် မသန်စွမ်းသူဖြစ်ရခြင်းနှင့် မသန်စွမ်းသူများသည်  မွေးရာပါ မသန်စွမ်းသူများ (ခန္ဓာကိုယ်ပိုင်းချို့ယွင်းသူများ)၊  မတော်တဆဖြစ်၍ မသန်စွမ်းဖြစ်ခဲ့ရသူများ၊ စစ်မြေပြင်မှ ထိခိုက်ဒဏ်ရာရသူများဟု သတ်မှတ်ထားသည်။  ထို့ပြင်  သန်စွမ်းပါသော်လည်း HIV-AIDS  ရောဂါခံစားနေရသူ များနှင့်   ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများကိုပါ  လူသားချင်းစာနာထောက်ထားကာ မသန်စွမ်းသူများကို ပြုစုပျိုးထောင်သကဲ့သို့ လက်တွဲခေါ်ယူခဲ့သော  အဖွဲ့အစည်းများလည်း ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံကြီးများနည်းတူ မသန်စွမ်းသူများနှင့်အတူ ခန္ဓာကိုယ်သန်စွမ်းသော်လည်း အမြင်၊ အကြားအာရုံဆွံ့အ၍ မသန်စွမ်းဘဝရောက်ရသူ များအတွက် လက်စမ်းစာ၊ သင်္ကေတစာများဖြင့် ပညာရေးဆုံးခန်း တိုင်သင်ကြားနိုင်မည့် အခြေအနေကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂသည်   ကမ္ဘာပေါ်ရှိ မသန်စွမ်းသူများအတွက် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များတွင် ပါရှိသော အရေးများအားလုံးကို အမျိုးအစားမခွဲခြားဘဲ မည်သူမဆို ခံစားပိုင်ခွင့်ရှိသည်ဟု အသိအမှတ်ပြုထားသောစာတစ်ပုဒ်ပါရှိခဲ့သောကြောင့်   ကမ္ဘာလုံးဆိုင်ရာ လူမှုရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်သည် မသန်စွမ်းသူများအတွက် တိုက်ရိုက်သက်ဆိုင် အကျိုးပြုနေသည်ဟုလည်း ခံစားမိသည်။

ထို့အတူ   မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေဟူ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဥပဒေအမှတ်/၃၀  ကို  မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နယုန်လပြည့်ကျော် ၄ ရက် ခရစ်နှစ် ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ထုတ်ပြန်ခဲ့သော   မသန်စွမ်းသူများ၏   အခွင့်အရေးဥပဒေများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သောကြောင့်    မြန်မာနိုင်ငံတော်ကြီး တည်ရှိနေသမျှ ကာလပတ်လုံး တည်တံ့သွားမည့် ဥပဒေဟုလည်း မှတ်ယူရမည်ဖြစ်သည်။

ယနေ့  မြန်မာနိုင်ငံအတွင်း  နိုင်ငံသူ၊ နိုင်ငံသားများ၏  လူမှုစီးပွားရေး အခြေပြုလုပ်ငန်းများ၊ အမျိုးသားကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများ၊    ဆက်သွယ်ရေး လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများ ကို ခေတ်စနစ်နှင့်အညီ လုပ်ကိုင်နေကြပြီ ဖြစ်သည့်အတွက်   ပြည်သူလူထုအတွင်းသို့ အမျိုးသားကျန်းမာရေး ကော်မတီ၏  ဦးဆောင်မှုများဖြင့် အာဟာရချို့တဲ့မှုကြောင့် လူစဉ်မမီ မသန်စွမ်းသော ကလေးငယ်များ မပေါ်ပေါက်ရေး၊   ပိုလီယိုရောဂါကြောင့် မသန်စွမ်းသူများ မပေါ်ပေါက်ရေး၊   အိုင်အိုဒင်းဓာတ်ချို့တဲ့သည့် မိခင်မှ    မွေးဖွားသဖြင့် ဉာဏ်ရည်နိမ့်ကျသော ကလေးငယ်များ  မပေါ်ပေါက်ရေးများအတွက်  အမျိုး သားကျန်းမာရေး စီမံကိန်းများ   ချမှတ်၍ ဆောင်ရွက်လျက်ရှိသည်။   ပိုလီယိုရောဂါ ကြောင့် မသန်စွမ်းကလေးငယ်များ မပေါ်ပေါက်ရေးအတွက် အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် အမျိုးသား ကာကွယ်ရေးဆေးတိုက်နေ့များ သတ်မှတ်ကာ   ဆောင်ရွက် လျက်ရှိသည်ကိုလည်း  မိခင်တိုင်း သတိပြု သင့်သည်။ 

ဘဝကံအကြောင်းကြောင့် မသန်စွမ်းသူဘဝသို့   ရောက်ရှိနေကြရသူများ အဖို့လည်း မိမိတို့ လက်တစ်ကမ်းအကွာမှ မသန်စွမ်းဘဝကို ရရှိခဲ့ကြရသော်လည်း မိမိဘဝ၊ မိမိ၏မိသားစုဘဝအတွက်သာမက မိမိနိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ခဲ့သော ဂုဏ်ထူးရှင်များကို မျှော်ကြည့်ရင်း စွမ်းအားများ မွေးမြူသင့်သည်။ ကမ္ဘာတစ်ဝန်း၌လည်းအပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် အားကစား အမျိုးမျိုး၌ ပြိုင်ပွဲဝင်ခြင်း၊ အမြင်အာရုံမရှိသူများ၏ လက်မှုအတတ်ပညာပြိုင်ပွဲများ၊ ဆွံ့အသော အသံအာရုံပြုမှု အားနည်းသူများအတွက် အဆိုပြိုင်ပွဲများ၊ နားကြားအာရုံမရှိသူများ၏ စက်ချုပ်ပြိုင်ပွဲ အနုပညာပြိုင်ပွဲများ၊ မသန်စွမ်းသူများအားလုံး ပါဝင်နိုင်သော အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပေးခြင်းဖြင့် ထူးချွန်ထက်မြက်သော  စွမ်းဆောင်ရှင်များပေါ်ထွန်းလာကာ  ကမ္ဘာသို့  ခြေဆန့်၍ ပြိုင်ပွဲဝင်နိုင်သည်အထိ ကာယစွမ်းအား၊ ဉာဏစွမ်းအား၊ စိတ်စွမ်းအားများကို မြှင့်တင်ပေးလျက်ရှိသည်။

ထိုကဲ့သို့   ဖေးမကူညီသူနှင့်   ဘဝကို အရှုံးမပေးကြသူများ၏  ဟန်ချက်ညီစွာ ကြိုးစားမှုများကြောင့် မသန်စွမ်းကြသူများဟုပင် မထင်ရလောက်အောင် ဘွဲ့ရပညာတတ်များ၊ ကွန်ပျူတာပညာရှင်များ၊ အားကစားထူးချွန်သော နိုင်ငံကိုယ်စားပြု ဂုဏ်ထူးရှင်များ   များစွာပေါ်ထွန်းလာပြီဖြစ်သည်။ မကြာသေးမီ ကာလကလည်း မြဝတီသတင်းစာတွင် မသန်သော်လည်း စွမ်းသော နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင် ကိုနိုင်စစ်အောင်ဟု    ခေါင်းစဉ်တပ်ထားသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။

ထိုဂုဏ်ထူးရှင်သည် မွေးဖွားစဉ်က ကျန်းမာသန်စွမ်းသည့်  ကလေးဖြစ်သော်လည်း အသက် ခုနစ်လအရွယ်တွင် အပြင်းဖျားရာမှ ဆေးထိုးမှားပြီး အောက်ပိုင်း သေသွားခဲ့ရသူဖြစ်သည်။

၎င်းသည် မသန်စွမ်းသူအဖြစ် ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရသော်လည်း မလျှော့သော ဇွဲလုံ့လဖြင့် တက္ကသိုလ်ဝင်တန်းအထိ ပညာ သင်ကြားခဲ့သည်။ အားကစားပုံမှန်ပြုလုပ်ရင်း  ခြေများပြန်လှုပ်ရှားနိုင်သည်ကို အကြောင်းပြု၍  အားကစား လုပ်ငန်းကို ဝါသနာပါသွားကာ  တစိုက်မတ်မတ် ကြိုးစားမှုများဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင်  ဝင်ရောက်ယှဉ်ပြိုင်၍  ရွှေတံဆိပ် များစွာနှင့်အတူ ဆုတံဆိပ်ပေါင်းများစွာကို နိုင်ငံကိုယ်စားပြုရယူပေးနိုင်ခဲ့သည်။ နိုင်ငံတော်အတွက်သာမက မသန်စွမ်းသူများ အတွက်ပါ စံနမူနာပြုနိုင်သည့် ဂုဏ်ထူးများရှင် ကိုနိုင်စစ်အောင်ကို နိုင်ငံတော်က ပြန်လည်ဂုဏ်ပြုသည့် အနေဖြင့်  ၂၀၀၄ ခုနှစ်အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊   စီမံရေးရာဌာန၌ မသန်စွမ်း သီးသန့်ကစားသမားအဖြစ် တရား ဝင်ခန့်အပ်ခဲ့သည်။

ကိုနိုင်စစ်အောင်ကဲ့သို့ ဘဝပေးအခြေ အနေကြောင့် မသန်စွမ်းသူဘဝ ရောက်ရှိ နေကြသူများ အားတက်ဂုဏ်ယူစွာ မိမိတို့ ဘဝကို ကြိုးစားနေသည်ကိုလည်း လေ့လာ သိရှိရသည်။   အတုယူသင့်သည်များကိုလည်း အတုယူ၍ မဆုတ်မနစ်ကြိုးစားကြ ပါဟုလည်း   တိုက်တွန်းလိုသည်။  မသန်သော်လည်း စွမ်းသူများ၏ အံ့မခန်းအောင်ပွဲများကိုလည်း   ထပ်ဆင့်ဂုဏ်ပြုအပ်ပါသည်။ မသန်သူများဘ၀ စွမ်းအားများ ပိုမိုဖြစ်ထွန်း ရှင်သန်လာစေရေး အတွက်လည်း ဝိုင်းဝန်းပံ့ပိုး ကူညီကြရန်လိုသည်။

မသန်စွမ်းသူများအနေဖြင့်လည်း မိမိနှင့် တကွ မသန်စွမ်းသူတစ်ရပ်လုံး အမှီအခို ကင်းပြီး မိမိတို့၏စွမ်းရည်များကို အပြည့် အဝအသုံးချနိုင်သော   အားလုံးအတွက် အခွင့်အရေးတန်း တူညီမျှရရှိသည့် လူ့အဖွဲ့ အစည်းတစ်ရပ်  ပေါ်ပေါက်လာစေရန်ဟူ သော မျှော်လင့်ခြင်းများဖြင့် ပန်းတိုင်ဆီသို့ ရိုးသားစွာကြိုးစား၍  သွားနေကြသည်ကို လည်း ကြည်နူးဝမ်းသာစွာ တွေ့မြင်ကြားသိ နေရသောကြောင့် မသန်စွမ်းသူများဘ၀ အတွက် ဖေးမကူညီမည်ဆိုသော အင်အားများကို   လက်ဆန့်ပေးဝေလိုက်ပါသည်။ မြဲသောဆုပ်ကိုင်ခြင်းများနှင့်   ထာဝရခရီးရှည်သို့ လက်တွဲသွားပါမည်ဟုလည်း ကတိ ပြုပါသည်။

အချုပ်အားဖြင့်ဆိုရသော်  မသန်စွမ်းသူများ အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင် ရေးအတွက်  စွမ်းရည်များမြှင့်တင်ပေးရန် နှင့်   လိုအပ်သော ပံ့ပိုးမှုများကိုပေးကြရန်၊ မသန်စွမ်းသူများ    လူမှုအသိုင်းအဝိုင်း အတွင်း   ပိုမိုဝင်ဆံ့လာစေရေးနှင့်   ထိုသူတို့၏အခွင့်အရေးများ  တိုးတက်ရရှိလာစေရေးတို့ကို   ကူညီဆောင်ရွက်ပေးကြရန် လိုကြောင်း   အကြံပြုရေးသား တင်ပြလိုက်ရပါသည်။    ။