လူတိုင်းသက်ရှည်ကျန်းမာစေချင်သည်

 

လူတိုင်းသက်ရှည်ကျန်းမာစေချင်သည်

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်)

    လူတိုင်းအတွက် မရှိမဖြစ်သော အရာသည် ကျန်းမာရေးဖြစ်သည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်။

ကျန်းမာမှစာသင်နိုင်မည်။ ကျန်းမာနေမှ လူမှုစီးပွားဘဝကို ဆောင်ရွက်နိုင်မည်။ ဤအချက်များသည်ကား မငြင်းနိုင်သော အမှန်တရားများဖြစ်သည်။ ကျန်းမာဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ပဋိသန္ဓေရသည်မှ စ၍အသွား၊ အလာ၊ အနေ၊ အထိုင်၊ အစား၊ အသောက်တို့ကိုဆင်ခြင်ကြရသည်။ ပူငန်စပ်ခါး ရှောင်ရှားကြရသည်။ ထို့အတူလူ့ဘဝစတင်ရောက်လာသည်နှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသော ရောဂါကာကွယ်ဆေးများ ထိုးနှံကြရသည်။

ကျန်းမာရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊  ထိုပေးသည့် အသိပညာအတိုင်း တစ်သဝေမတိမ်း လိုက်ပါလုပ်ဆောင်ခြင်းသည် ကလေးတို့ဘဝရှင်သန်ရေး၊ ကျန်းမာရေးကောင်းမွန်ရေး အတွက်ဖြစ်သည်။ ကလေးဘဝကပင် လက်ကိုစင်ကြယ်စွာ ဆေးကြောတတ်ပါလျှင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သောရောဂါများကို လျှော့ချနိုင်မည်ဖြစ်သည်။ ကျောင်းနေအရွယ်မှ လွန်မြောက်၍ လုပ်ငန်းခွင်သို့ ရောက်လာသည့်အခါ လုပ်ငန်းခွင်ကျန်းမာရေး၊ မကူးစက်သော ရောဂါများဖြစ်သည့် သွေးတိုး၊နှလုံး၊ ဆီးချိုရောဂါများ ကာကွယ်တားဆီး ကုသရေးတို့ကို မိမိတို့ တစ်ဦးချင်းကိုယ်တိုင်က ကျန်းမာရေးအသိဖြင့် လိုက်ပါလုပ်ဆောင် ကြရမည်ဖြစ်သည်။ ထို့အတူ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကလည်း ပြည်သူလူထုအားစဉ်ဆက်မပြတ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြရမည်ဖြစ်သည်။

လူတို့၏နေ့စဉ်ဘဝများတွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက်ကို အလွန်အကျွံသုံးစွဲခြင်း၊ ဆားနှင့်သကြားကို လိုသည်ထက်ပိုမို အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ သို့မှသာ သက်ရှည်ကျန်းမာသော လူ့ဘဝကိုပိုင်ဆိုင်ကြမည်ဖြစ်သည်။ ထိုအချက်များကို ရှောင်ကြဉ်ခြင်း မရှိဘဲပြုမူနေမည် ဆိုပါကမိမိဘဝ၊ မိသားစုဘဝ ပျက်စီးစေရုံသာမက တိုင်းပြည်အတွက် အလုပ်လုပ်နိုင်စွမ်းရှိသော လူသားအရင်းအမြစ်များ ဆုံးရှုံးနေမည်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ကျေးလက်နှင့်မြို့ပြမကျန် အနယ်နယ်အရပ်ရပ်မှ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတိုင်းသည် ပဏာမကျန်းမာရေး စောင့်ရှောက်မှုကို အသက်အရွယ်မရွေး၊ နေရာအချိန်မရွေး စောင့်ရှောက်ပေးလျက် ရှိသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးကဏ္ဍတွင်လည်း “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ဟုချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားသည် အိမ်ဦးနှင့်ကြမ်းပြင်ပမာ ထိစပ်နေသည်။

အားကစားလိုက်စားသူတိုင်း ကျန်းမာရေးကောင်းမွန်သလို၊ ကျန်းမာရေး ကောင်းမွန်မှလည်း အားကစား လုပ်ဆောင်နိုင်ပေမည်။

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစား လောကအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်၍ “၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ”ကို ဒီဇင်ဘာလ ၂ ရက်နံနက် ၅ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်းအင်အား ၄၀၀၀ ခန့် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ယနေ့ကာလတွင် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်းသက်တမ်း တိုးတက်မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းအား ကမ္ဘာ့နိုင်ငံများအားလုံးက အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်စေမည့် ပြည်သူ့ကျန်းမာရေး မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်။

ကျန်းမာရေးကဏ္ဍသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အခြေခံအကျဆုံး ဖြစ်သည့်အတွက်ကြောင့် နောင်အနာဂတ်ကာလတွင် တိုးတက်ပြောင်းလဲလာမည့် လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို ကြိုတင်တွက်ဆကာ ရှိရင်းစွဲအရင်းအမြစ်များကို အခြေခံ၍ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကိုအရည်အသွေးပြည့်ဝစွာ လိုက်လျောညီထွေ ဖွံ့ဖြိုးတိုးတက်နေစေရန် လိုအပ်ပေသည်။ အနှစ်ချုပ်ဆိုရသော် လူတိုင်းသက်ရှည် ကျန်းမာစေလိုလျှင် ကျန်းမာရေးအသိ၊ သတိဖြင့် နေထိုင်ကြရန်ဖြစ်ပါကြောင်း။ ။