ရှမ်းယူနိုက်တက်အသင်း ပြည်တွင်းကစားသမားအများစုကို စာချုပ်သက်တမ်းတိုးရန်စီစဉ်

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီကုန်တွင် စာချုပ် သက်တမ်းကုန်ဆုံးခဲ့သည့် ပြည်တွင်းကစားသမား အများစုကို သက်တမ်းတိုးရန် စီစဉ်ထားကြောင်း အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီကုန်တွင် အသင်း၏အဓိကကစားသမားများဖြစ်သည့် မျိုးမင်းလတ်၊ နန္ဒကျော်၊ ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ်တို့ အပါအဝင် ပြည်တွင်းကစားသမား ၁၁ ဦး စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။

ယင်းကစားသမား ၁၁ ဦးအနက် အများစုကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းနေပြီး လာမည့် ဘောလုံးရာသီသစ် ပြန်လည်စတင်မည့်ကာလပေါ်မူတည်၍ အပြီးသတ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ “ဒီနှစ်ဘောလုံးရာသီကုန်မှာ စာချုပ်သက်တမ်းကုန်တဲ့ ကစားသမားတွေများတယ်။ သူတို့နဲ့စာချုပ်သစ်ချုပ် ဆိုဖို့အတွက်လည်း ညှိနှိုင်းထားပါတယ်။ ဒါပေမဲ့ လိဂ်ပြန်စဖို့က  အခုထိ  အတည်မပြုနိုင်သေးဘူး။ ဒါကြောင့် လိဂ်ပြန်စမယ့်ကာလပေါ်မူတည်ပြီး သူတို့ထဲက အများစုကို သက်တမ်းတိုးသွားမှာပါ။ တချို့ကစားသမားတွေ ကတော့ အသင်းကထွက်မယ့်သူတွေ၊ ကစားသမားဘဝ အနားယူမယ့်သူတွေလည်း ရှိပါတယ်။ အပြီးသတ် စာချုပ်ချုပ်ဆိုပြီးရင် သတင်းထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကပြောသည်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၁ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲကို ပထမအဆင့်မှ စတင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှချန်ပီယံလိဂ်တွင် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိပါက 2021 AFC Cup အုပ်စုအဆင့်သို့ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

ထို့ပြင် အာဆီယံဘောလုံးအဖွဲ့ချုပ်ကလာမည့်နှစ်တွင် ပြန်လည်ကျင်းပရန်စီစဉ်ထားသည့် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ရှမ်းယူနိုက် တက်အသင်းသည် နောက်ဆုံးလေးနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ချန်ပီယံဆု သုံးကြိမ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆု တစ်ကြိမ်ရရှိထားကြောင်း သိရသည်။                     

ကိုရဲ