ပရိုတင်းအာဟာရဓာတ် တိုးမြှင့်ရရှိရေး တိုင်းရင်းငါးစင်ရိုင်းများ မွေးမြူစားသုံးပေး

 

ပရိုတင်းအာဟာရဓာတ် တိုးမြှင့်ရရှိရေး တိုင်းရင်းငါးစင်ရိုင်းများ မွေးမြူစားသုံးပေး

 

ငါးအာဟာရဓာတ်မိတ်ဆက်

   ငါးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိစေနိုင်သည်ကို သိရှိကြပြီးဖြစ်သလို  ငါးများတွင် ပါဝင်သော အာဟာရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ၏ အကြောင်းများကို သိရှိရန်လည်း လိုအပ်ပါသည်။ ငါးများတွင် ပရိုတင်းဟုခေါ်ဆိုသော အသားဓာတ်အပြင် အဓိကအားဖြင့် Omega-3ဖက်တီးအက်စစ်များဟု ခေါ်ဆိုသော ငါးကြီးဆီဓာတ်များ အပြည့်အဝ ပါဝင်နေသောကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ပါသည်။ သုတေသန လေ့လာတွေ့ရှိချက်များ အရ ငါးတွင်ပါဝင်သော အာဟာရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များမှာ Omega-3 ဖက်တီးအက်စစ်ခေါ် ငါးကြီးဆီ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ Complex ၊ ဗီတာမင်ဒီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်နှင့် သံဓာတ်များပါ၍ ငါးစားသုံးခြင်းအားဖြင့် အာဟာရဓာတ်ကြွယ်ဝခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်း၊ ကလေးငယ်များ ကိုယ်ခန္ဓာဖွံ့ဖြိုးရာတွင် အထောက်အကူဖြစ်ခြင်း၊ မှတ်ဉာဏ်ကောင်းမွန်ခြင်း၊ စိတ်ဓာတ်ကျဆင်းမှုမှ ကာကွယ်နိုင်ခြင်း၊ ဗီတာမင်ဒီ ကြွယ်ဝခြင်း၊ အမြင်အာရုံအားနည်းခြင်းမှ ကာကွယ်ပေးနိုင်ခြင်းနှင့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း စသောအကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။

ပရိုတင်းဓာတ်ကြွယ် ဟင်းအမယ်ငါးမျိုး

     ငါးအသားများ၌ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါရှိသောကြောင့် ကျေးလက်နေပြည်သူများ၏ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံစေရေးအတွက် အကျိုးပြုစေပါသည်။ အခြားပရိုတင်းဓာတ်ကြွယ်ဝသည့် အစားအစာများ၊ အသားတို့နှင့်နှိုင်းယှဉ်ပါက ငါးသည် ဈေးနှုန်းသက်သာသည့်အပြင် ပရိုတင်းဓာတ်ကြွယ်ဝစွာပါရှိသောကြောင့် လူအများစုဝယ်ယူ စားသုံးနိုင်သည့် စားသောက်ကုန် ဟင်းအမယ်တစ်မျိုးဖြစ်ပါသည်။

  သဘာဝငါးသယံဇာတကို ထိခိုက်မှုမရှိစေဘဲ ငါးများအား လိုအပ်သလောက် အမြောက်အမြား ထုတ်လုပ်နိုင်ရန်အတွက် ငါးမွေးမြူသည့် နည်းပညာများနှင့် အစာစရိတ်လျှော့ချနိုင်ရန် စွန့်ထုတ်ရေများမှ အာဟာရပြည့်ဝသော ဘိုင်အိုဖလော့အစာ ကျွေးမွေးခြင်းဖြင့် ငါးများ၏ ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းများကို အချိန်တိုအတွင်း ဈေးကွက်ဝင်နိုင်သော ငါးအမျိုးအစား ရရှိနိုင်ရန်နှင့်  ကျေးလက်နေပြည်သူများ၏ စားနပ်

ရိက္ခာဖူလုံစေပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်ရန် ရည်ရွယ်၍ စမ်းသပ်သုတေသန လုပ်ငန်းများ နိုင်ငံတကာတွင် ဆောင်ရွက်လုပ်ကိုင်လာကြပါသည်။ ၎င်းသုတေသန လုပ်ငန်းများမှ ရရှိလာသော ရလဒ်များကို ငါးမွေးမြူသူ တောင်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးခြင်းဖြင့် အသေးစားငါး မွေးမြူရေးများ ဆောင်ရွက် လာနိုင်ခြင်းတို့ကြောင့် လူနေမှုပုံစံ ပြောင်းလဲလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာသည့် ဖော်စပ်စာများကျွေး၍ ဥတည်နှုန်း ကောင်းမွန်စေပြီး အရည်အသွေးကောင်းမွန်သော ငါးသားပေါက်များ ရရှိစေပါသည်။ မြန်မာနိုင်ငံဒေသ အနှံ့အပြား၌ ရေချိုဒေသ၊ ရေချိုရေငန်စပ်ဒေသနှင့် ရေကန်များမှာ နေထိုင်ကျက်စားသော ငါးမျိုးစိတ်တစ်မျိုးဖြစ်သော  ပြည်တွင်းငါးမျိုးစိတ် ငါးစင်ရိုင်း(Striped Dwarf Catfish)၊ သိပ္ပံအမည် Mystus pulcher  ၏ အာဟာရပြည့်ဝသော ဟင်းအမယ်တစ်မျိုးအဖြစ်  ကွင်းဆက်တန်ဖိုး သိရှိနိုင်ရန်အတွက် သုတေသနအသွင်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ငါးစင်ရိုင်းငါးမျိုးစိတ်အကြောင်း အကျဉ်း

Phylum  (မျိုးပေါင်းစု)          -   Chordata

Class  (အမျိုးအစား)            -   Actinopterygii

Order (မျိုးစဉ်)                   -    Siluriformes

Family (မျိုးရင်း)                -    Bagridae

Genus (မျိုးစု)                   -    Mystus

Species (မျိုးစိတ်)             -    Mystus pulcher (Chaudhuri, 1911)    

Common English name   -  Striped Dwarf Catfish

ဒေသအခေါ်     -    ငါးစင်ရိုင်းဟူ၍ သိရှိရပါသည်။

    Mystusမျိုးစုတွင် ပါဝင်သောငါးများ၌ နှုတ်သီးမွေးလေးစုံပါရှိသည်။ အထက်မေးရိုးရှိ နှုတ်ခမ်းမွေးသည် တင်ဆူးတောင်ထိအောင် ရှည်လျားပြီး နှာတံမှာ   ဆောက်ပုံသဏ္ဌာန်ရှိပြီး   ခန္ဓာကိုယ်သည် သေးသွယ်ရှည်လျားပါသည်။ တင်ဆူးတောင်၏အနောက်ဘက်မှ အမြီးပိုင်းသို့တိုင်အောင် ကိုယ်ထည်မှာချိုင့်ဝင်လျက်ရှိပါသည်။ အမြီးဆူးတောင်မှာ ခွပုံသဏ္ဌာန်ရှိပါသည်။ ခွအထက်ပိုင်းသည် အောက်ပိုင်းထက် အနည်းငယ်ရှည်ထွက်နေပါသည်။ ခန္ဓာကိုယ်ရှည်လျားပြီး အနည်းငယ်ကျယ်ပြန့်သည်။ ကျောဘက်ဆူးချွန်ပါရှိခြင်းကလည်း ငါးစင်ရိုင်း၏ ထူးခြားမှုတစ်ခု ဖြစ်ပေသည်။ အကြေးခွံမပါသည့် ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားပါသည်။ ငါးစင်ရိုင်းငါးသည်   ရေပေါ်ရေလွှာ(Pelagic fish)တွင် နေထိုင်ကျက်စားသော ငါးများဖြစ်ကြပြီး      အုပ်စုလိုက် ရွှေ့ပြောင်းနေထိုင်တတ်သော ငါးမျိုးစိတ်လည်းဖြစ်ပါသည်။ သက်တမ်းအားဖြင့် တစ်နှစ်မှ နှစ်နှစ်ခန့်သာ အသက်ရှည်ကြပြီး အရှည်ဆုံး ခန္ဓာကိုယ်အလျားသည် ၂၁ စင်တီမီတာအထိ ရှိပါသည်။

  မိုးဦးကျတွင် ငါးစင်ရိုင်းငါးများသည် မြစ်ပြင်ကျယ်မှ တစ်ဆင့် ချောင်းငယ်၊ မြောင်းငယ်၊ ချောင်းရိုး၊ မြောင်းရိုး၊ လယ်ကွင်းပြင်များအတွင်းသို့ ဥချသားပေါက်ရန် ရောက်ရှိလာကြပါသည်။ ဥမှ သားပေါက်သော ရေသတ္တဝါဖြစ်ပြီး ညဘက်တွင် အစာရှာဖွေလေ့ရှိကြပါသည်။ ငါးစင်ရိုင်းများမှာ တစ်ကောင်တည်း နေလေ့မရှိဘဲ အထီးနှင့်အမကို တွဲလျက် တွေ့ရှိရလေ့ရှိပြီး မြစ်ဝများ၊ ဒီရေအတက်အကျရှိသော နေရာများတွင် များစွာတွေ့ရတတ်ပါသည်။ ရွှံ့ညွန်ပေါများသည့် မြစ်၊ချောင်း၊ ရေပြင်ကျယ်များတွင် အုပ်စုဖွဲ့၍ တစ်အုပ်စုလျှင် ၁၀ ကောင်မှ ၂၅ ကောင်ခန့်အထိ တွေ့ရှိရပါသည်။

နေထိုင်မှုအလေ့အထ

     ငါးစင်ရိုင်းငါးများသည် အာရှတိုက်နိုင်ငံများ ဖြစ်သော ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့တွင်   ပေါက်ပွားကြသည်ကို တွေ့ရလေ့ရှိသည်။

ရေချဉ်ဖန်နှုန်း (စံ) သည် ခြောက်မှ ခုနစ်အထိနှင့် ရေအပူချိန်သည် (၂၃-၂၅)ဒီဂရီစင်တီဂရိတ် အတွင်း နေထိုင်ပါသည်။ ၎င်းမျိုးစိတ်သည် မျိုးအောင်နှုန်းမြင့်မားပြီး အစုံစားမျိုးဖြစ်ကာ ကြီးထွားနှုန်းမြန်သော ငါးမျိုးစိတ်ဖြစ်ရာ အဓိကအားဖြင့် ရေညှိများ၊ ရေနေအပင်များ၊ အင်းဆက်များ၊ သတ္တမျှောလှေးနှင့် ငါးငယ်များကို စားသောက်နေထိုင်ပါသည်။ ငါးများသည် နွေရာသီအချိန်တွင် လျင်မြန်စွာ အစာကောက်ယူစားသုံးနှုန်း မြင့်မားသော်လည်း ရေအပူချိန်ကျဆင်းသော ဆောင်းရာသီကာလမျိုးတွင် နှေးကွေးစွာ ကောက်ယူစားသုံးကြသည်ကို ငါးမွေးမြူသူများ သတိပြုမွေးမြူရန်လိုအပ်ပါသည်။

အရွယ်ရောက်ရှိမှု

      ငါးစင်ရိုင်းငါးများအတွက် မျိုးပွားရာသီချိန်သည် မေလမှ စက်တင်ဘာလအထိဖြစ်ပြီး အကောင်းဆုံး ဥတည်နှုန်းသည် ဇွန်လမှ ဇူလိုင်လအထိဖြစ်ပါသည်။ အမများသည် အထီးများထက် ခန္ဓာကိုယ်ပိုကြီးပြီး မျိုးပွားရာသီချိန်တွင် ဥလုံးအရောင်ကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။   မျိုးငါးများ၏ မျိုးပွားအင်္ဂါသည် မျိုးပွားရာသီချိန်(မေလမှ စက်တင်ဘာလထိ)တွင် သိသာထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။ စတင်အရွယ်ရောက်ချိန်တွင် ခန္ဓာကိုယ် အရွယ်အစားအားဖြင့်  ၈ ဒသမ ၂ နှင့် ၉ ဒသမ ၅ စင်တီမီတာရှိပြီး အမများသည် အထီးများထက် စောစီးစွာ အရွယ်ရောက်ကြသော်လည်း အထီးများမှာ ကာလကြာရှည်စွာ မျိုးအောင်နှုန်း ကောင်းမွန်သည်ကို လေ့လာမှုများမှ သိရှိရပါသည်။

ဥတည်နှုန်း

      ဥတည်နှုန်းဟုဆိုရာတွင် မျိုးငါးအမတစ်ကောင်၏ ခန္ဓာကိုယ်အလေးချိန်၊   သားဥအိမ်အလေးချိန်နှင့် အလျားတို့အပေါ်မူတည်၍ သားဥအိမ်တွင် မျိုးတည်နေသော    ဥအရေအတွက်ကို ဆိုလိုခြင်းဖြစ်ပြီး ငါးစင်ရိုင်းအမတစ်ကောင်သည်    မျိုးပွားရာသီ တစ်ရာသီတွင် ပျမ်းမျှဥတည်နှုန်း ၆၇၇၀ မှ ၂၁၇၈၀ ခန့် အထိရရှိပါသည်။ သို့ရာတွင် ဥဘဝ၌ လည်းကောင်း၊ ငါးသားပေါက်ဘဝ၌ လည်းကောင်း၊ ငါးကြီးများ၏ ရန်ကြောင့် ပျက်စီးဆုံးပါးခြင်းများ ရှိပါသဖြင့် ဥပေါင်းများစွာဥပါမှ တစ်ကောင်တလေသာ အဖတ်တင်နိုင်ပါသည်။ ထို့ကြောင့် မျိုးအောင်ဥအဆင့်မှ ငါးမှုန်အဆင့်၊ ငါးမှုန်အဆင့်မှ ငါးသန်/ငါးဖျန်းအရွယ်ရောက်သည်အထိ ရှင်သန်နှုန်း ကောင်းမွန်စေရန်အတွက် သုတေသန ပြုလုပ်၍ ရရှိလာသော သားပေါက်များအား အရည်အသွေး ကောင်းမွန်စေရန်နှင့် ငါးမွေးတောင်သူများထံသို့ နည်းပညာများ ပြန်လည်ဖြန့်ဝေပေးနိုင်ရန် အကျိုးပြု သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။

မျိုးငါးစုဆောင်းခြင်းနှင့်မျိုးပွားရာသီချိန်

      မျိုးပွားရာသီမတိုင်မီ နှစ်လ-သုံးလကြိုတင်၍ ပျမ်းမျှ ၁၀ ဒသမ ၄၃ မှ ၁၅ ဒသမ ၈၁ ဂရမ်ထိ(ခန့်မှန်း ကောင်ရေ ၁၅၀)ရှိသော မျိုးငါးများကို တန် ၄၀ ဆံ့ ၁၂၇၀ ဂါလန်အုတ်ကန်၌ ထည့်သွင်းကာ ရေအသုံးပြုမှု အနေဖြင့် အမြဲစီးဆင်းသည့်စနစ်(Water flow through system) အသုံးပြု၍ မွေးမြူပြုစုပါသည်။ အသားဓာတ် ၃၆ ရာခိုင်နှုန်းပါဝင်သော ဖော်စပ်စာများအား စုစုပေါင်းခန္ဓာကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်ကျွေးမွေးပါသည်။  ပြုစုစဉ်ကာလအတွင်း၌ ရေအရည်အသွေးများဖြစ်သည့် ရေတွင်ပျော်ဝင်အောက်ဆီဂျင် ပျော်ဝင်မှု(Dissolved Oxygen)၊ ချဉ်ဖန်နှုန်း((pH)၊ အပူချိန်၊  အမိုးနီးယားပါဝင်မှု စသည်တို့အား ပုံမှန်တိုင်းတာ၍ မျိုးငါးများ၏ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် နေ့စဉ်မပြတ် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

သားဖောက်၍မျိုးပွားခြင်း

      မျိုးပွားရာသီချိန်၌ သဘာဝရေပြင်များမှာ မိတ်လိုက် ဥချသားပေါက်နိုင်သကဲ့သို့ ငါးမျိုးစိတ်များကို သဘာဝအတိုင်း စုဆောင်းရန်  မဖြစ်နိုင်သောနေရာများတွင် ဆေးထိုးသားဖောက်သည့် နည်းလမ်းများအား အသုံးပြုကြပါသည်။ မျိုးပွားရန် ရင့်မှည့်နေသောငါးများကို ဟော်မုန်းဆေးထိုးခြင်းဖြင့် မျိုးပွားရန် လှုံ့ဆော်ပေးသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ မွေးမြူထားသော ငါးမျိုးများ၏ အရည်အသွေးကောင်းမွန်သော ငါးမျိုးစေ့များ(သားပေါက်များ) ထုတ်လုပ်ရန်အတွက် မွေးမြူသည့် နည်းစနစ် တစ်ခုလည်းဖြစ်ပါသည်။ ဆေးထိုးသားဖောက်ခြင်း ဆောင်ရွက်ရာ၌ ဟော်မုန်းဆေးထိုးခြင်း မပြုမီ ၂၄ နာရီအလိုမှာ မျိုးဥရင့်မှည့်ပြီးမျိုးရည်ပြည့်ဝနေသောမျိုးငါးများအား ရွေးချယ်၍ အထီးနှင့်အမ သီးသန့် ကန်ခွဲထားပြီး အထီးနှစ်ကောင် အမတစ်ကောင်နှုန်းစီဖြင့် စီနာဖက်(CINNAFACT) ဟော်မုန်းဆေး အသုံးပြု၍ ဆေးထိုးသားဖောက်ပါသည်။ ထို့အတူ Suprefact Hormone ၊ Human Chorionic Gonadotropin (HCG)? Luteinizing Hormone  - Releasing Hormone(LH-RH)နှင့် Ovaprim စသော ဟော်မုန်းဆေးများကိုလည်း အသုံးပြု၍ရပါသည်။ ဆေးထိုးပြီးသား ငါးအစုံများကို အသင့်ပြင်ထားသော ကန်အတွင်းသို့ ထည့်ပေးပြီးနောက် ၂ နာရီခန့်အကြာတွင် စတင်လှုံ့ဆော်မှုရှိလာပြီး  သဘာဝအတိုင်း ငါးများမိတ်လိုက်ကြပြီးနောက် ၇ နာရီခန့်အကြာတွင် စတင်၍ဥဥချပါသည်။ မျိုးငါး အမတစ်ကောင်လျှင် ပျမ်းမျှအားဖြင့် ဥလုံးရေ ၇၂၈၇ - ၁၉၁၂၃ ဥဥချနိုင်ပါသည်။ ငါးများမိတ်လိုက်သည့် အချိန်တွင် ရှိသင့်သည့်အပူချိန်မှာ ၂၅-၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်လျှင် ပို၍ကောင်းပါသည်။ 

သန္ဓေအောင်ဥများ၏ အရွယ်အစားသည် သုည ဒသမ ၁၁ မီလီမီတာအရွယ်ရှိပြီး ထွင်းဖောက်မြင်နိုင်ကာ မအောင်မြင်သော ဥများမှာ အလင်းထိုးဖောက်မြင်နိုင်မှု မရှိချေ။ ငါးဥမှအကောင်ပေါက်ရန် ကြာချိန်သည် ရေအပူချိန်ပေါ်မူတည်၍လည်း ကွာခြားမှုရှိနိုင်ပါသည်။

 ငါးမှုန်များပြုစုထားရှိခြင်း

      ဥချပြီး (၁၇-၁၉)နာရီကြာမြင့်ချိန်တွင် ငါးသားပေါက်ကလေးများ  ပေါက်ဖွားလာကြပါသည်။ အလျား ၆ ပေ x အနံ ၄ ပေ x အနက် ၂ ဒသမ ၆ ပေရှိသော ကွန်ကရိကန်တစ်ကန်လျှင် ငါးမှုန် ၈၀၀၀ မှ ၁၂၀၀၀ အထိ  ထည့်သွင်းပြုစုပါသည်။ ၅ ရက်သားတွင် အပင်မျှောလှေးများနှင့် ကြက်ဥအနှစ်ရည် တို့ကိုစတင်ကျွေးပြီး ၇ ရက်သားမှစတင်ကာ သတ္တမျှောလှေးများ စတင်ကျွေးမွေးပြီးသည်နှင့် အစာကောက်ယူစားသုံးမှုနှင့် အစာလမ်းကြောင်းများကို လေ့လာရန်လိုအပ်ပါသည်။ ထို့နောက်မှတစ်ဆင့် အသားဓာတ် ၃၄ ရာခိုင်နှုန်းပါဝင်သော ဘိုင်အိုဖလော့အစာများဖြင့်  ဆက်လက်ကျွေးမွေးရာတွင် ငါးမှုန်များ၏ကြီးထွားမှု၊ အစာစားသုံးမှုနှင့် ကိုယ်ခံစွမ်းအားကောင်းမွန်မှု၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားပေးမှုများနှင့် ကျရောက်လာမည့် ရောဂါပိုးမွှားများကို ခံနိုင်ရည်ရှိရန် လိုအပ်သော ဇီဝကမ္မဖြစ်စဉ် လမ်းကြောင်းများကို ထိန်းညှိပေးနိုင်မှုများကြောင့် ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ၁ လက်မမှ  ၁ လက်မခွဲအရွယ်ထိ ကြီးထွားလာသော ငါးသန်ကလေးများ ရရှိမည်ဖြစ်ပါသည်။

မြန်မာတိုင်းရင်းငါးများ၏ အနာဂတ်အလားအလာ

        မြန်မာတိုင်းရင်း ငါးမျိုးများအား သားဖောက်ခြင်းနှင့် မွေးမြူသည့်နည်းပညာများ၊ သဘာဝမှ ရရှိနိုင်မည့် အစာအမယ်များဖြင့် ဖော်စပ်အစာများပြုလုပ်၍ ပြင်ပမှဝယ်ယူမည့် အစာတန်ဖိုးများ လျှော့ချခြင်းဖြင့် အစာကုန်ကျစရိတ် သက်သာစေနိုင်ခြင်းနှင့် စားနပ်ရိက္ခာဖူလုံမှု၊ ပရိုတင်းဓာတ်ကို တိုးမြှင့်ရရှိစေနိုင်သည့် နည်းလမ်းအသစ်များကိုရှာဖွေပြီး  နည်းပညာများ ဖြန့်ဝေမှုများကို   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။

ကိုးကားချက်

Gupta, S. and S. Banerjee, 2013b. Fecundity estimation of Mystus tengara (Ham.-Buch., 1822) a freshwater catfish from West Bengal, India. Indian Journal of Applied Research, 3(6): 36-37.

M.Z.H. Talukdar, M. Shahjahan* and M.S. Rahman SUITABILITY OF DUCKWEED (Lemna minor) AS FEED FOR FISH IN POLYCULTURE SYSTEM Int. J. Agril. Res. Innov. & Tech. 2 (1): 42-46,  June,

2012