မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု

 

မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်)

    မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ သတ္တမအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒြပ်ရှိဒြပ်မဲ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့် တိုင်းရင်းသား ရိုးရာဓလေ့ထုံးစဉ်လာများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းရေးများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

    မြန်မာ့ရှေးဟောင်းမြို့ပြ နိုင်ငံများတွင်တွေ့ရှိခဲ့သည့်  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်အထောက်အထားများ၊ စာပေအထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင် မှတ်တမ်းများအရ မြန်မာလူမျိုးများသည် ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာစကားဆိုင်ရာ အဆုံးအမများ၊ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များဖြင့် ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှုတစ်ခုကို ခြေခြေမြစ်မြစ် ထူထောင်ခဲ့ကြသည်။ မြန်မာတို့သည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာ နေထိုင်လာခဲ့ကြသည့် လူမျိုးအဖြစ်ခိုင်မာစွာ တွေ့ရှိရသည်။

    မြန်မာနိုင်ငံ၌ရှိသည့် ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို မြန်မာတိုင်းရင်းသား အားလုံးက အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များထဲမှ အစောဆုံး ယဉ်ကျေးမှုထွန်းကားခဲ့သည့် ပျူမြို့ဟောင်းသုံးမြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်တို့သည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရပြီးဖြစ်သည်။ ထို့ပြင် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၈ ခုကို ဥပဒေနှင့် အညီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီအနေဖြင့်  မူဝါဒချမှတ်ပေးခြင်း၊  နယ်မြေအပိုင်းအခြားများ သတ်မှတ်ပေးခြင်း၊  ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

    ထို့ပြင် ရှေးဟောင်းနေရာများ၊ ရှေးဟောင်း အဆောက်အအုံများနှင့် ရှေးဟောင်းပစ္စည်းများကို မပျောက်ပျက် မဆုံးရှုံးစေရန် လိုအပ်သလို ညွှန်ကြားကြီးကြပ် ပေးလျက်ရှိသည်။ ဒြပ်ရှိဒြပ်မဲ့များ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းအသေးများနှင့် မရွှေ့ပြောင်းနိုင်သည့် အဆောက်အအုံကြီးများအပြင် ကျယ်ပြန့်ပြီး အဆောက်အအုံများစွာရှိသည့် ရှေးဟောင်း အမွေအနှစ်ဒေသများကိုပါ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်လျက် ရှိသည်။

   မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များလည်း ထောင်ပေါင်းများစွာရှိသည်။ ဘာသာစကားများ၊ ပုံပြင်များ၊ ရိုးရာလက်မှု ပညာရပ်များ၊ ဓလေ့ထုံးစံများ၊ အနုပညာရပ်များ အားလုံးသည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည်။

    တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ရှိသူများက စာရင်းကောက်ယူ မှတ်တမ်းတင်ထားသည့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပေါင်း ၂၂၈၉ ခုကို သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုသုခုမများ၊ တိုင်းရင်းသား ရိုးရာအက၊ ဂီတယဉ်ကျေးမှု အနုပညာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်မှာ (၂၄)ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားရာ၌ “မိမိတို့၏ ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံနှင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှု လျော့နည်းပြီး   အမျိုးသားရေး အားမာန်များ  ခန်းခြောက်လာမည်ဖြစ်ကြောင်း၊ အမျိုးသားရေး အားမာန် ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါး လာကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းက မိမိတို့၏ကိုယ်ပိုင် အမျိုးသား ယဉ်ကျေးမှုစရိုက် လက္ခဏာများ၊ အမျိုးသားရေး စံနှုန်းများနှင့် အမျိုးသားရေး အနှစ်သာရများ မှေးမှိန်တိမ်ကော ပျောက်ကွယ်သွားခြင်း မရှိရအောင်၊ အမျိုးသားရေး စိတ်ဓာတ်ခိုင်မြဲအောင် ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်လျက် ရှိနေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့ပါသည်။

    မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးပါသည့် ဥပဒေများကို ပြဋ္ဌာန်းရမည်ဖြစ်သလို ထိုဥပဒေများနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုထိရောက်စွာ ကာကွယ်ကြရမည်ဖြစ်သည်။ ထုတ်ပြန်ခဲ့သည့်ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြည်သူလူထုအကြား ချပြရှင်းလင်း အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန်လည်း မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့် ပြတိုက်များသည်  နိုင်ငံ၏သမိုင်း၊  ယဉ်ကျေးမှုနှင့် အဆင့်အတန်းကို ဖော်ပြနိုင်ရုံသာမက မျိုးဆက်သစ်များကိုပါ အသိပညာပေးသည့် နေရာများဖြစ်သည့်အတွက် ပြတိုက်များ အဆင့်မြှင့်တင်ရေး၊ ထိထိရောက်ရောက် ပညာပေးနိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှုများကို ပြည်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။