ULA/AA  ကြောင့် သဇင်ပန်းတွေကြွေရတော့မယ့် သာလီစွ ငါရို့ရခိုင်မြေ

 

ULA/AA  ကြောင့် သဇင်ပန်းတွေကြွေရတော့မယ့် သာလီစွ ငါရို့ရခိုင်မြေ

 

    ဘေးအန္တရာယ်ဟူသော စကားရပ်ကို အဓိပ္ပာယ်ဖွဲ့ဆိုရလျှင်   သဘာဝဘေးအန္တရာယ် ((Natural Disaster) နှင့် လူလုပ်ဘေးအန္တရာယ် (Man-made Disaster) ဟူ၍  သတ်မှတ်နိုင်သည်။ သဘာဝဘေးအန္တရာယ်များ ဆိုသည်ကား သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲ ဖြစ်ပေါ်လာသော ဖြစ်စဉ်များဖြစ်ပြီး လူလုပ် ဘေးအန္တရာယ်ဆိုသည်မှာ လူသားတို့၏ အကြမ်းဖက်လုပ်ရပ်ဖြင့် ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော  အနိဋ္ဌာရုံများ ဖြစ်သည်။

လူလုပ်ဘေးအန္တရာယ်ဖြစ်သည့် အကြမ်းဖက်မှုများ ဖြစ်လာပြီဆိုလျှင် မည်မျှပင်ဖွံ့ဖြိုး တိုးတက်သည့်နေရာဖြစ်ပါစေ  အချိန်တစ်ခဏအတွင်းမှာပင်  ပျက်စီးဆုံးရှုံးမှု များစွာကို  မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် မြို့၊ရွာ များပျက်စီးမှုနှင့်အတူ စီးပွားရေး ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စားသောက်ကုန်များ ပြတ်လပ်ရှားပါးခြင်း၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုရပ်တန့်ခြင်းနှင့် ကုန်ဈေးနှုန်းများ  အဆမတန်ကြီးမြင့်ခြင်းစသည့် နောက်ဆက်တွဲ အကျိုးဆက်များကို တွေ့ကြုံရမည်ဖြစ်သည်။

မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများသည် သာမန်မျှသာဖြစ်ပြီး ၎င်းတို့ကို ပြန်လည်ပြင်ဆင်နိုင်သော်လည်း  လူလုပ် ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုကတော့ သာမန်မဟုတ်ပေ။ သူ့ကြောင့် ရုပ်ဝတ္ထုပိုင်းသာမကဘဲ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် စိတ်ဓာတ်ရေးရာတို့ အပါအဝင် ဘက်ပေါင်းစုံတွင် ထိခိုက်ပျက်စီးမှုများကို ဖြစ်စေသည်။ လူလုပ်ဘေးအန္တရာယ် ဆိုသည့်အတိုင်း  ထိုအခြင်းအရာသည် လူသားများ၏ လုပ်ရပ်ကြောင့်ဖြစ်သော ဘေးဒုက္ခဖြစ်၍ လူသားများကပင် ပြန်လည်ထိန်းသိမ်းမှုများ လုပ်ရမည်ဖြစ်သည်။

မိမိတို့နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကို နိုင်ငံတော်အစိုးရက ပြန်လည်ပြင်ဆင်မှုများနှင့် တိုးတက်ကောင်းမွန်မှုများ လုပ်ဆောင်ပေးနိုင်ခဲ့သလို တစ်ဖက်တွင်လည်း လူလုပ် ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးမှုများကို ပြည်သူများ မလိုလားသည့် အခြေအနေတစ်ခုက အထင်းသား တည်ရှိနေသည်။ ထိုအခြေအနေဖြစ်ပေါ် တည်ရှိရာနေရာကား    မြန်မာနိုင်ငံ၏ အနောက်ဘက်ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ရခိုင်ပြည်နယ်ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလား ပင်လယ်အော်ကြားက ကမ်းမြောင်ဒေသတွင် တည်ရှိပြီး ရှေးရခိုင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသော ဒေသဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် တည်ရှိသည့်အတွက် မျက်စိပသာဒဖြစ်စွာ သာယာလှပသည့် ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သော မုန်တိုင်းများ တိုက်ခတ်မှုဒဏ်ကို မကြာခဏ ကြုံတွေ့ခံစားရလေ့ရှိသည်။

သို့သော်    သဘာဝဘေးအန္တရာယ်ကျရောက်ပြီးတိုင်း နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် တပ်မတော်တို့ပူးပေါင်းပြီး ရခိုင်ပြည်ကြီးကို မူလအတိုင်းသာမက မူလထက် ပိုမိုတိုးတက်မှုများဖြင့်  ဆက်လက်သာယာလှပစေရန်   ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထင်ရှားဆုံး  ဥပမာတစ်ခုကို   ထုတ်ပြရမည်ဆိုလျှင် အနီးစပ်ဆုံးအနေဖြင့် မကြာသေးမီကဖြစ်ပေါ်ခဲ့သည့်  မိုခါမုန်တိုင်းတိုက်ခတ်မှုကို လက်ညှိုးထိုးပြရပေမည်။

သဘာဝဘေးအန္တရာယ်ဖြစ်သည့် မိုခါမုန်တိုင်းကြောင့်  ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရာ     နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူနှင့် တပ်မတော်လက်တွဲညီစွာ  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခဲ့သည်။

အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ စိတ်တူကိုယ်တူဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခုဆိုလျှင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများပြီးစီးမှုမှာ ၉၉ ရာခိုင်နှုန်းပင် ရှိနေပြီဖြစ်သည်။

ရခိုင်ပြည်နယ်သည်   သဘာဝဘေးအန္တရာယ်နှင့် နဖူးတွေ့၊  ဒူးတွေ့ရင်ဆိုင် ခဲ့ရသော်လည်း   တွဲလက်ညီညာအောင်ကြောင်းဖြာ ဆိုသည့်စကားအတိုင်း ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေချောမွေ့ပြီး ကုန်စည်ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ တိုးတက်လာသည်။ ကျောင်းနေအရွယ် ကလေးငယ်များသည်လည်း ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်သည်အထိ   အစစအရာရာ အဆင်ပြေနေခဲ့သည်။ တစ်နည်းဆိုရလျှင် ရခိုင်ပြည်ကြီး ကောင်းစားနေပြီဖြစ်သည်။

သို့သော်  ရခိုင်ပြည်ကောင်းစားရေးဟုခေါင်းစဉ်တပ်ပြီး    အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြင့်   ရခိုင်ပြည်နယ်ကို အရုပ်ဆိုးအကျည်းတန်အောင် မိုက်မဲသည့်လုပ်ရပ်များကို  လုပ်ဆောင်သူများကား အချိန်ကိုက်ဆိုသလို ထွက်ပေါ်လာပြန်သည်။   ထိုအဖွဲ့ကား  တခြားမဟုတ်။ ULA/AA ဆိုသည့် အကြမ်းဖက်သောင်းကျန်းသူများပင်ဖြစ်သည်။

ရခိုင်တိုင်းရင်းသားတို့သည် အင်မတန်မှပင် ရိုးသားဖော်ရွေကြသည်။ ULA/AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရခိုင်တိုင်းရင်းသားတို့၏ ရိုးသားဖော်ရွေမှုများကို ခုတုံးလုပ်ကာ   ရခိုင်ပြည်နယ်ကို စစ်မီးလောင်စေရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်စတင် လုပ်ဆောင်လာသည်။

အကြမ်းဖက်သောင်းကျန်း ULA/AA အဖွဲ့ကို KIA အကြမ်းဖက် သောင်းကျန်းသူများ ကြီးစိုးရာနယ်မြေ၌ ၂၀၀၉ ခုနှစ်တွင်     စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက်ကာ ပြည်နယ်အတွင်း  စစ်မီးမွှေးခဲ့ခြင်းဖြစ်သည်။

စစ်မီးမွှေးသည်ဆိုသည့်အတိုင်း  ULA/AA  အဖွဲ့က အကြမ်းဖက် လုပ်ရပ်များကိုသာ   ဦးစားပေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ULA/AA အကြမ်းဖက်သောင်းကျန်းသူများက သင်းတို့၏ မှားယွင်းနေသည့်လုပ်ရပ်များကို ဝေဖန်ထောက်ပြကြသည့် ရခိုင်တိုင်းရင်းသားများ၊ သင်းတို့၏လမ်းစဉ်ကို သဘောမတူ မလိုက်လိုသည့် ရခိုင်တိုင်းရင်းသားများကို  အမျိုးသားသစ္စာဖောက်များဟုပင် သတ်မှတ်ပြီး  ဆဲဆိုခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊    ဆက်ကြေးကောက်ခြင်းတို့ကို လုပ်ဆောင်လာခဲ့ကြသည်။

ULA/AA အကြမ်းဖက်သောင်းကျန်းသူများက ၎င်းတို့ကိုယ်၎င်းတို့ ရခိုင်တိုင်းရင်းသား တစ်ရပ်လုံးကို ကိုယ်စားပြုသည်ဟုဆိုသည်။ သို့သော် သင်းတို့၏ လုပ်ရပ်များမှာကား ရခိုင်တိုင်းရင်းသားများနေထိုင်ရာနေရာမှာ    တိုင်းတစ်ပါးသားများကို နေရာချထားပေးနေသကဲ့သို့ ဖြစ်လာသည်။ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို အနိုင်ကျင့်နှိပ်စက်သည်။  ရခိုင်မျိုးချစ်စိတ်တွေ ပျက်စီးသွားအောင်ရိုက်ချိုးသည်။ ထိုမှ

တစ်ဖန် ကောင်းစားနေသည့်   ရခိုင်ပြည်ကြီးကို ဖျက်ဆီးမှုများ လုပ်ဆောင်သည်။ ထိုအကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့့် ULA/AA အဖွဲ့ကြောင့် ရခိုင်ပြည်ကြီး၏  မည်သည့်နေရာမှာမှ တိုးတက်မှုမရှိခဲ့ပေ။

အမှန်စင်စစ်တွင် ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ဆောင်ပေးနေသူများမှာ  အစိုးရ၊  ပြည်သူနှင့် တပ်မတော်တို့ပင်ဖြစ်သည်။   အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ကြောင့်ပင် ရခိုင်ပြည်နယ် ကောင်းစားခဲ့ရသည်။ ရခိုင်ပြည်နယ်ကြီး  အခုလိုမျိုးကောင်းစားနေပြီဆိုလျှင့် ULA/AA အကြမ်းဖက် သောင်းကျန်းသူများက စစ်မီးမွှေးသည်။

ထိုအကြမ်းဖက်သမားများက ယခုတစ်ကြိမ်တွင်လည်း   ကောင်းစားနေသည့် ရခိုင်ပြည်ကြီး ပျက်စီးစေရန် စစ်မီးမွှေးလိုက်ပြန်သည်။

ULA/AA  အကြမ်းဖက်သောင်းကျန်းသူများသည် နိုဝင်ဘာလက ပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခုနှင့် ပေါက်တောမြို့ကို  ဝင်ရောက်တိုက်ခိုက်သည့်အပြင် အင်အားနည်းသည့်   ရဲစခန်းအချို့ကိုလည်း    သာလွန်အင်အားများဖြင့် တိုက်ခိုက်သည်။ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အချို့ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ယာဉ်မောင်းများကိုလည်း ဖမ်းဆီးခြင်းများ ပြုလုပ်သည်။

သင်းတို့က ရခိုင်ပြည်နယ်မှာ စစ်မဖြစ်ဖြစ်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

 

 ယခုအချိန်သည် ရခိုင်ပြည်နယ်အတွင်းရှိ  ရိုးသားကြိုးစားသူတောင်သူလယ်သမားများ စပါးရိတ်သိမ်းရမည့် အချိန်ဖြစ်သည်။ သို့သော့်ူဗ။ဗဗ အကြမ်းဖက် သောင်းကျန်းသူများ၏  အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်  တောင်သူ လယ်သမားများမှာ စပါးရိတ်သိမ်းနိုင်ခြင်း မရှိဘဲ အိုးကွာအိမ်ကွာဖြင့် အတိဒုက္ခ ရောက်နေကြရသည်။

မိုခါမုန်တိုင်းတိုက်ခတ်စဉ်က ကျောင်းဖွင့်ရာသီဖြစ်သည့်အတွက် ကျောင်းသားများ အချိန်မီကျောင်းတက်နိုင်ရေးကို အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့က ဦးစားပေးလုပ်ဆောင်ခဲ့သည်။ ကျောင်းသားများကို အမိုးအကာအောက်ရောက်အောင် ပို့နိုင်ရေးအတွက်  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို    အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ရသည်။ အစိုးရ၊ ပြည်သူ၊ တပ်မတော်တို့၏     တက်ညီလက်ညီကြိုးပမ်းမှုများကြောင့် မုန်တိုင်းတိုက်ခတ်ပြီး ရက်ပိုင်းအတွင်းမှာပင် ရခိုင်ပြည်နယ်ရှိကျောင်းသား၊ ကျောင်းသူများမှာ  မြန်မာနိုင်ငံတစ်ဝန်းရှိကျောင်းသား၊ ကျောင်းသူများနည်းတူနောက်မကျဘဲ ပညာသင်ယူနိုင်ခဲ့သည်။

အခုတော့ “ရခိုင်ပြည်နယ်ကောင်းစားရေး”ခေါင်းစဉ်ကိုဗန်းပြပြီး  တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်လာသည့့် ULA/AA အကြမ်းဖက်သောင်းကျန်းသူများကြောင့် စစ်မီးတောက်လောင်ရာ နေရာများရှိစာသင်ကျောင်းများမှာလည်း ဓားစာခံများဖြစ်ကာ ပျက်စီးသွားရသည်။ စာသင်ကျောင်းများပျက်စီးခြင်း၊ ပညာသင်ယူနိုင်မည့်နေရာများ မရှိတော့ခြင်းသည် အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် ကလေးငယ်များအတွက်  အနာဂတ်မဲ့သွားခြင်းပင်ဖြစ်သည်။

အနာဂတ်တွင် ပညာသည်သာအရာရာဖြစ်လာမည်ဖြစ်သည်။ လူတစ်ဦးချင်းစီက ပညာတတ်မှသာ ရပ်ရွာ၊ ပြည်နယ်၊ တိုင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။

သို့မဟုတ်ပါက လူတန်းစေ့ပင်နေနိုင်မည် မဟုတ်ပေ။ လက်ရှိအချိန်မှာဆိုရင်လည်း ကောင်းစားနေသည့်ရခိုင်ပြည်နယ်ကြီး၏    စစ်မီးတောက်လောင်မှုမရှိသည့် အချို့နေရာများမှ ကလေးငယ်များက ပညာသင်ယူနေချိန်တွင် ULA/AA အကြမ်းဖက်သောင်းကျန်းသူများကြောင့်  စစ်မီးတောက်လောင်နေရသည့်  နေရာများရှိကလေးငယ်များမှာ ပညာရည်နို့ကို ငတ်မွတ်နေကြရသည်။ ထိုကလေးငယ်များအတွက်  အနာဂတ်ပျောက်ဆုံးသွားရသည်။ တရားခံက ULA/AA အကြမ်းဖက်သောင်းကျန်းသူများပင်ဖြစ်သည်။

ယခင်တုန်းက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော ရခိုင်တိုင်းရင်းသားများ အပါအဝင်   ပြည်သူလူထုအပေါင်းမှာ ကိုယ့်အလုပ်ကို အေးအေးဆေးဆေး လုပ်ကာ စီးပွားကိုကောင်းစွာရှာနိုင်ကြသည်။

မြန်မာနိုင်ငံ၏  ချမ်းသာကြွယ်ဝသူများ စာရင်းတွင် ရခိုင်တိုင်းရင်းသားများလည်း ပါဝင်သည်ကို    အားလုံးအသိပင်ဖြစ်သည်။

အခုတော့ ULA/AA အကြမ်းဖက် သောင်းကျန်းသူများကြောင့် ရခိုင်တိုင်းရင်းသားများသာမက ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးမှာ နောက်ကျောမလုံဘဲ ကျီးလန့်စာစားနေရသည့်ဘဝသို့ ရောက်မှန်းမသိ  ရောက်သွားရသည်။

စီးပွားတွေလည်းမဖြစ်တော့ပေ။ ကုန်စည် ကူးသန်းရောင်းဝယ်ရေး  လုပ်ငန်းများ ရပ်တန့်သွားသည်။ ဒီပုံစံအတိုင်းဆိုလျှင် ရခိုင်တိုင်းရင်းသားများမှာ  ဆင်းရဲတွင်းထဲသို့ ရောက်မှန်းမသိ  ပြန်ရောက်ရတော့မည်။

ULA/AA အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်မီးမွှေးမှုကြောင့် ရခိုင်တိုင်းရင်းသားများသာ ဒုက္ခရောက်ရသည် မဟုတ်ဘဲ ရခိုင်မှန်လျှင်    တန်ဖိုးထားကြသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များလည်း ပျက်စီးကြရသည်။ ရခိုင်ပြည်နယ်ရှိ ရှေးဟောင်း အမွေအနှစ်တွေဆိုသည်မှာ အလွန်ကိုရှေးကျသည့် လက်ရာများဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ထွန်းကားခဲ့မှု၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်။ သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်းဟု ဆိုသည့်အတိုင်းများလှစွာသော ရှေးဟောင်းစေတီပုထိုးများသည် ဘိုးဘွားများ ထားရစ်ခဲ့သည့်သမိုင်းရဲ့ အမွေအနှစ်ဖြစ်သည်။ ဒီအမွေအနှစ်တွေသည် တို့ရခိုင်တိုင်းရင်းသား တစ်ရပ်လုံးနှင့် သက်ဆိုင်သည်။  ပွင့်ပွင့်လင်းလင်းပြောရလျှင်

ဒီအမွေအနှစ်တွေကြောင့်ပင် တို့ရခိုင်တိုင်းရင်းသားဆိုတာ  တည်ရှိနေခြင်းပင်ဖြစ်သည်။

ရှေးဟောင်းအမွေအနှစ်ဆိုသည်မှာ နှစ်သက်တမ်းရှည်ကြာလေ  တန်ဖိုးက ပိုမိုကြီးမားလေဖြစ်သည်။ တန်ဖိုးကြီးမားမှုနှင့်အတူ ထိုအမွေအနှစ်ကို ပိုင်ဆိုင်သူများ၏ တန်ဖိုးလည်း မြင့်တက်လာရစမြဲဖြစ်သည်။  ရခိုင်ပြည်နယ်အတွင်းရှိ   ရှေးဟောင်းအမွေအနှစ်များမှာ  ရခိုင်တိုင်းရင်းသားများအတွက်  တန်ဖိုးတက်စရာပင်ဖြစ်သည်။

တကယ်လို့များ ULA/AA အကြမ်းဖက်သောင်းကျန်းသူများက စစ်မီးမမွှေးခဲ့ဘူးဆိုလျှင်၊ စစ်ကိုမဖိတ်ခေါ်ခဲ့ဘူးဆိုလျှင်၊  စစ်ပွဲတွေကိုမဖြစ်ပွားစေခဲ့ဘူး ဆိုလျှင် ရခိုင်တိုင်းရင်းသားများ၏ တန်ဖိုးကလည်း မြင့်တက်သည်ထက် မြင့်တက်မည်မှာ အမှန်ပင်ဖြစ်သည်။ အခုတော့ ဖြစ်လာနိုင်သည့် အခြေအနေနှင့် ဖြစ်နေသည့် အခြေအနေက ပြောင်းပြန်တွေဖြစ်နေပေပြီ။  ဒီလိုတွေ ဖြစ်လာအောင် ဖန်တီးသူက  ULA/AA အကြမ်းဖက် သောင်းကျန်းသူများဖြစ်သည်။

သင်းတို့လုပ်လို့ ရခိုင်တိုင်းရင်းသား တစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးရသည်။   ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးရသည်။

ရှေးဟောင်းအမွေအနှစ်တစ်ခု ပျက်စီးတိုင်း     ရခိုင်တိုင်းရင်းသားတို့၏ တန်ဖိုးတစ်ခု ကျဆင်းသွားသည်ဟု ခံစားရသည်။

ဒါတွေကို မိမိအပါအဝင် ရခိုင်တိုင်းရင်းသား တစ်ရပ်လုံးက လက်မခံနိုင်ပေ။ ဒီလိုမျိုးတွေဖြစ်လာစေဖို့  လုပ်ဆောင်နေသည့် ULA/AA အကြမ်းဖက်သောင်းကျန်းသူများကိုလည်း ရခိုင်ပြည်နယ် တစ်ခုလုံးက လက်မခံနိုင်ပေ။   ဖြစ်နိုင်လျှင်သင်းတို့တစ်ဖွဲ့လုံးကို  ဖောင်ပေါ်တင်ပြီး ဘင်္ဂလားပင်လယ်အော်ထဲ မျှောပစ်လိုက်ချင်သည်။

မိုခါမုန်တိုင်းတိုက်တုန်းက  တို့ရခိုင်တိုင်းရင်းသားတွေ ဘေးအန္တရာယ်ကြုံတွေ့နေချိန် သင်းတို့က နေသာသပ လေညာကလို နေနေသည်။

ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ချိန်ကျတော့လည်း အုတ်တစ်ချပ်၊  သဲတစ်ပွင့်ဖြင့်  ကူညီဖို့ဝေးစွ   ဒုက္ခရောက်နေရသည့် တို့ရခိုင်တိုင်းရင်းသားတွေဆီကနေ  ရသလောက်အမြတ်ထုတ်သည်။

  တည်ဆောက်ရေးလုပ်ငန်းများပြီးစီးလို့ တို့ရခိုင်ပြည်နယ်ကြီး  ကောင်းစားချိန်ရောက်လာတဲ့အခါကျတော့ သင်းတို့က စစ်မီးမွှေးသည်။  ဒါကြောင့် ULA/AA အကြမ်းဖက်သောင်းကျန်းသူများကို ဒီနေရာကနေ  စကားတစ်ခွန်းပြောချင်

သည်။ “မင်းတို့ကောင်းအောင် မလုပ်နိုင်ရင်တောင်မှ သူများတကာက  ကောင်းအောင် လုပ်ထားတာကိုမဖျက်ဆီးပါနဲ့” ဟုသာ။

ULA/AA အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်သည်   လူလုပ်ဘေးအန္တရာယ်ဖြစ်သည်။ ဒီဘေးကြောင့် လူ့အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာ များပါ ပျက်စီးစေပြီး ရခိုင်တိုင်းရင်းသားများမှာ သေနတ်သံများ၊ ယမ်းငွေ့များကြားပြေးလွှား နေရသည့်ဘဝကို ရောက်ရှိရသည်။

  သဘာဝဘေးအန္တရာယ်သည်   နာရီပိုင်းမျှသာကြာပြီး ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကို လပိုင်းအတွင်းပြန်လည်တည်ဆောက်နိုင်သော်လည်း ULA/AA အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာမိုက်မဲလှသော လူလုပ်ဘေးအန္တရာယ်သည် ရက်ပေါင်းများစွာ၊ လပေါင်းများစွာကြာစေနိုင်သောကြောင့် ပျက်စီးဆုံးရှုံးမှုများမှာလည်း အလွန်ကြီးမားမည်ဖြစ်သည်။

သင်းတို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ရှိနေသေးသမျှကာလပတ်လုံး   တို့ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများလည်း ရှိနေဦးမည်ဖြစ်သလို ရခိုင်ပြည်နယ်

အတွင်း  နေထိုင်ကြသည့် တိုင်းရင်းသားများ၏  လူမှုစီးပွားဘဝများသည်လည်း နာလန်ထူနိုင်မည် မဟုတ်ဘဲ ရခိုင်ပြည်နယ်၏ အနာဂတ်မဲ့ကာ   ဖွံ့ဖြိုးတိုးတက်မှု ပျောက်ဆုံးသွားမည်ဖြစ်သည်။

မိမိအနေဖြင့့် ULA/AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ကို  မေးချင်သည်။

“ ဘယ်လိုအကြောင်းပြချက်နဲ့ အခုလိုမျိုး စစ်မီးမွှေးရတာလဲ။ မျိုးဆက်သစ်ရခိုင် တိုင်းရင်းသားများကို ဘယ်လိုအမွေအနှစ်တွေ ပေးခဲ့ချင်လို့လဲ။ ပြာပုံအတိနဲ့ ဒုက္ခပင်လယ်ဝေနေတဲ့  ရခိုင်ပြည်နယ်ကို လက်ဆင့်ကမ်းစေချင်တာလား” ဟူ၍ဖြစ်သည်။

  ရခိုင်ပြည်နယ်ကြီး  ကောင်းစားရေးအတွက်ဆိုလျှင်   သင်းတို့အဖွဲ့ရခိုင်မြေပေါ်က ပျောက်ကွယ်သွားပေးပါ။ သင်းတို့သာပျောက်ကွယ်သွားလျှင် ရခိုင်ပြည်ကြီး ကောင်းစားပါပြီ။ ယဉ်ကျေးမှု အမွေအနှစ်များကိုတော့ အကောင်းအတိုင်း ချန်ထားခဲ့ပေးပါ။ တို့တွေအနေနဲ့ သာယာစည်ပင်ဝပြောတဲ့ ရခိုင်ပြည်ကြီးကို မျိုးဆက်သစ် ရခိုင်တိုင်းရင်းသားများအား လက်ဆင့်ကမ်း အမွေပေးခဲ့ပါမည်။

တို့ရခိုင်ပြည်သည် သင်းတို့ ULA/AA အကြမ်းဖက်သောင်းကျန်းသူများ မပေါ်ပေါက်ခင်က အင်မတန်မှအေးချမ်းပြီး အလွန်နေချင်စဖွယ် ကောင်းသည့်နေရာဖြစ်သည်။ စီးပွားရေးတွေ ကောင်းသလို တို့ရခိုင်တိုင်းရင်းသား တစ်ဦးချင်းစီ၏ တန်ဖိုးများကလည်း   မြင့်တက်ရသည်။ သင်းတို့တွေ ပေါ်ပေါက်လာပြီးနောက် တို့ရခိုင်ပြည်နယ်မှာ ယမ်းခိုးတွေဝေခဲ့ရသည်။

လူငယ်တွေ  အနာဂတ်ပျောက်ခဲ့ရသည်။ သင်းတို့မရှိမှသာ တို့ရခိုင်မြေမှာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို မြင်ရမည်ဖြစ်သည်။ ဒီအတွက်ကြောင့် သဇင်ပန်းတွေ မကြွေစေချင်တဲ့ တို့အပါအဝင် ရခိုင်တိုင်းရင်းသား အားလုံးက ULA/AA အကြမ်းဖက်သောင်းကျန်းသူများကို ရခိုင်မြေမှာ မတွေ့ချင်သည့်အတွက် ဘယ်သောအခါမျှ   ပြန်မလာခဲ့ပါနှင့် ULA/AA အကြမ်းဖက် သောင်းကျန်းသူများဟုသာ ဆိုချင်ပါတော့သည်။    ။

ရခိုင်သား တစ်ဦး