အီတလီဘောလုံးသမားများ အဖွဲ့အစည်းမှ ရွေးချယ်ပေးအပ်သည့် တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို နာပိုလီအသင်း တိုက်စစ်မှူး အိုဆီမန်ရရှိ
၂၀၂၃ ခုနှစ်အတွက် အီတလီ ဘောလုံးသမားများ အဖွဲ့အစည်းမှ ရွေးချယ်ပေးအပ်သည့် တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို နာပိုလီ အသင်းတိုက်စစ်မှူး အိုဆီမန်က ဆွတ်ခူးရရှိကြောင်း သိရသည်။
အီတလီဘောလုံးသမားများ အဖွဲ့အစည်းက အီတလီ ဘောလုံးလောကမှ ထူးချွန်သူများကို နှစ်စဉ် ဆုများ ရွေးချယ်ပေးအပ်ခြင်း ဖြစ်သည်။
အသက် ၂၄ နှစ်အရွယ် အိုဆီမန်သည် ပြီးခဲ့သည့် ဘောလုံးရာသီက အီတလီစီးရီးအေ ပြိုင်ပွဲတွင် နာပိုလီအသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး နာပိုလီအသင်း သမိုင်းတစ်လျှောက် ဆယ်စုနှစ်နှစ်ခု ကျော်ကြာကာလအတွင်း အီတလီစီးရီးအေ ချန်ပီယံဆု ဆွတ်ခူးနိုင်ရာတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ထို့ပြင် အီတလီစီးရီးအေပြိုင်ပွဲတွင် သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူနိုင်ပြီးနောက် အီတလီ စီးရီးအေပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံး ကစားသမားဆုနှင့် သွင်းဂိုးအများဆုံး ကစားသမားဆုတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။
အီတလီဘောလုံးသမားများ အဖွဲ့အစည်းမှ ရွေးချယ်ပေးအပ်သည့် တခြားဆုများအဖြစ် တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို အင်တာ မီလန်အမျိုးသမီး အသင်း၌ တစ်ရာသီ အငှားကစားခဲ့သည့် ချာဝင်ဂါ၊ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို နာပိုလီအသင်းနည်းပြဟောင်း စပယ်လက်တီ၊ တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုးဆုကို နာပိုလီအသင်းမှ ခါဗီချာ၊ အီတလီစီးရီးဘီ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရက်ဂျီးနားအသင်းမှ ဖက်ဘီယန်၊ တစ်နှစ်တာ အကောင်းဆုံးဒိုင်လူကြီးဆုကို အော်ဆာတို၊ တစ်နှစ်တာ အကောင်းဆုံးအသင်း ဥက္ကဋ္ဌဆုကို နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ်တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။