စကားလုံးတွေမှာ တောင်ပံပါတယ် . . .ယင်းတောင်ပံနှင့်ဘယ်သို့ပျံပျံ . . .မှန်ကန်ရေးကိုဦးတည်၊ ချစ်ရေးကြည် . . .စကားဆို ချိုပါစေသား . . .ချိုစေသား

 

စကားလုံးတွေမှာ တောင်ပံပါတယ် . . .ယင်းတောင်ပံနှင့်ဘယ်သို့ပျံပျံ . . .မှန်ကန်ရေးကိုဦးတည်၊ ချစ်ရေးကြည် . . .စကားဆို ချိုပါစေသား . . .ချိုစေသား

 

    ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်(Republic  of  the Union of Myanmar)သည်  အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့ မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊   အရှေ့နှင့်အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင်   ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ ဒါသည် ကျွန်တော်တို့မြန်မာနိုင်ငံ၏ အရှိတရားဖြစ်သည်။ ၎င်းအရှိတရားများကိုပင် ကျေးဇူးတင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် လူမှုဆက်ဆံရေး နယ်ပယ်များတွင် ပတ်ဝန်းကျင်ကောင်းရှိဖို့ လိုအပ်သကဲ့သို့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင်လည်း ဘေးပတ်လည် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံကောင်းများရှိဖို့ လိုအပ်သောကြောင့်ဖြစ်သည်။

စင်စစ်အားဖြင့် စာရေးသူတို့ မြန်မာနိုင်ငံသည်ကား အိမ်နီးချင်းကောင်း ပီသသည့် နိုင်ငံများရှိသည့်အပြင်   ပင်ကိုသဘာဝ အလှတရားများဖြစ်သည့်  ရေကန်များ၊ လိုဏ်ဂူများ၊ မြစ်များ၊ ကမ်းခြေများ၊ ကျွန်းစုများ၊ တောင်တန်းများ၊ သမိုင်းအမွေအနှစ် ယဉ်ကျေးမှုအနုသုခုမ  လက်ရာမွန်များ၊ စေတီပုထိုးများအပြင် သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းများ   ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယင်းအကြောင်း တရားများသည်ကပင်   မြန်မာနိုင်ငံ၏ ထူးခြားသည့်   ဂုဏ်ဒြပ်တစ်ခုဖြစ်သည်။ ယင်းကိုအခြေခံ၍ နိုင်ငံတကာက အားကျရသည့်၊ စိတ်ဝင်စားရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအနေဖြင့် မိမိတို့နိုင်ငံအား မည်သည့်အကြောင်းအချက်အပေါ်အခြေခံ၍ ဆက်ဆံကြသည်ဖြစ်စေ မြန်မာ နိုင်ငံအနေဖြင့်  လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော  နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) အခန်း(၁)၊ ပုဒ်မ (၄၁)တွင် ဖော်ပြ ထားသည်နှင့်အညီ   ကျင့်သုံးလျက်ရှိပါသည်။  နိုင်ငံခြားရေးမူဝါဒသည်  ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်     နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်  ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှု၍  နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူများကို စောင့်ထိန်းခြင်းဖြစ်ပါသည်။

မြန်မာ့နိုင်ငံခြားရေးမူဝါဒကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အပေါ် ရပ်တည်၍  တန်းတူရည်တူရှိမှု၊  ကမ္ဘာရေးရာများတွင် ဘက်မလိုက်မှု၊ ချစ်ကြည် ရင်းနှီးစွာ မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံမှု၊  ကုလသမဂ္ဂအဖွဲ့ကြီးအား  အားပေးထောက်ခံမှု၊  ပူးပေါင်းဆောင်ရွက်ရေးကို အကျိုးတူမှု၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိမည့် နှောင်ကြိုးမပါသော  ပြင်ပ အကူအညီထောက်ပံ့မှုများကို ရယူဆောင်ရွက်သွားရေး   စသည့် အခြေခံမူများနှင့် အညီ ကျင့်သုံးခြင်းပင်ဖြစ်ပါသည်။

နိုင်ငံခြားရေးမူဝါဒသည်    နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစွမ်းအားများကို စီမံခန့်ခွဲ၍   နိုင်ငံအကျိုးကို  ဖော်ဆောင်သည့် အမျိုးသားရေး မဟာဗျူဟာ၏ တစ်စိတ် တစ်ဒေသဖြစ်ပါသည်။ ယင်း၏အနှစ်သာရသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖော်ဆောင်ခြင်းဖြစ်ပါသည်။

အမျိုးသားလုံခြုံရေး၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတပြီး တည်ငြိမ်အေးချမ်းသည့် ကမ္ဘာ့ပတ်ဝန်းကျင် တိုးတက် ဖြစ်ထွန်းရေးကို ဦးတည်ထားရှိပါသည်။

လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်   ဓလေ့ထုံးတမ်းအစဉ်အလာများကို    အလေးထားမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားမှု စသည်တို့ကို တန်ဖိုးထားသည့် မူဝါဒဖြစ်ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ အပေါ်ရပ်တည်၍  နိုင်ငံတကာ ဆက်ဆံရေးကို နှစ်နိုင်ငံ ဆက်ဆံရေး (Bilateral relations )၊   ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစပ်ရေး (Regional integration) နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး (multilateralism)စသည့် နယ်ပယ်များတွင် ကျင့်သုံးလျက်ရှိပြီး မိတ်ဝတ်မပျက်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ထူထောင်လျက်ရှိပါသည်။ ယင်းတို့သည်ကား   မိမိတို့မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်  နိုင်ငံတကာအပေါ် ထားရှိသည့်  ဆက်ဆံရေးပင်ဖြစ်ပါသည်။

ယခုစာရေးသူအနေဖြင့် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်အခြေအနေ၊ ပကတိအလှတရားများနှင့် နိုင်ငံတကာအပေါ် ဆက်ဆံသည့် နိုင်ငံခြားရေးမူဝါဒတို့ကို စကားပလ္လင်ခံ တင်ပြနေခြင်းမှာ အကြောင်းရှိပါသည်။ မိမိတို့နိုင်ငံတကာ အပေါ်ထားရှိသော မိတ်ဝတ်မပျက်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်သည့်  ဆက်ဆံရေးဆိုသကဲ့သို့  ယခုဆောင်းပါး၌    အဓိကတင်ပြလိုသည်မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ၃၀-၁၁-၂၀၂၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်သည့်  “၂၀၂၂ ခုနှစ်အတွက် နိုင်ငံအလိုက် အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာ (Country Reports on Terrorism 2022)” မှာ အကြမ်းဖက်သောင်းကျန်းသူ၊ တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်းသူ (EAO)အဖြစ် သတ်မှတ်ထားသည့် PDF ၊ CDFနဲ့ KNDF အဖွဲ့များရဲ့  အကြမ်းဖက်မှုတွေကို  ထည့်သွင်း ဖော်ပြခြင်းသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိနိုင်ငံရေး အခင်းအကျင်း၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏   မိမိတို့နိုင်ငံအပေါ် ပထမဆုံးပူးပေါင်း ဆောင်ရွက်သည့် ဆက်ဆံရေးတစ်ခု၊ ၎င်းတို့သိထားသလောက် အရှိကို   အရှိအတိုင်း ဖော်ပြချက်တစ်ခုကို ဝမ်းမြောက်စွာကြိုဆိုမိပါသည်။

ကဗျာဆရာကြီး အီလီယောက “စကားလုံးတွေမှာ   အတောင်ပံတွေပါသတဲ့၊ ဒီအတောင်ပံတွေက ဘာ့ကြောင့် ဘယ်လိုပေါက်လာရတာတဲ့လဲ”  ဟု ဆိုထားပါသည်။  အခုလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနှင့် သူတို့ထုတ်ပြန်သည့် အစီရင်ခံစာပါ စကားလုံးအချို့မှ အတောင်ပံတွေ ပါလာပါပြီ၊ ဒီအတောင်ပံတွေ ဘာကြောင့် ဘယ်လိုပေါက်သည်ဖြစ်ပါစေ မြန်မာနိုင်ငံမှာ PDF အကြမ်းဖက်သမားများနှင့်   တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူအချို့၏   ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်  သေဆုံး၊ ဆုံးရှုံး၊ ပျက်စီးမှုများကို ဖော်ပြပေးသည့်အတွက် ကျေးဇူးတင်မိပါသည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာ “၂၀၂၂ ခုနှစ် အတွက် နိုင်ငံအလိုက် အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာ (Country Reports on Terrorism 2022)” မှ  ကောက်နုတ်တင်ပြရလျှင်-

(က)   ယင်းအစီရင်ခံစာအတွက် ကိုးကားထားသော “Annex of  Statistical Information “ ခေါင်းစဉ်ပါ စာရင်းဇယား အချက်အလက်များတွင်  မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထူးခြားချက်အဖြစ် ]]၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များအနက် ၁၉၈ မှု (ဖြစ်စဉ်အားလုံး၏ ၅၀ ရာခိုင်နှုန်း)ကို အဓိက ကျူးလွန်သူသည် PDF အကြမ်းဖက်အဖွဲ့ဖြစ်သည်” ဟူ၍  ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

(ခ) အဆိုပါ ကိုးကားထားသော Annex of  Statistical  Information တွင် "Geographic Trends of Terrorism'' ခေါင်းစဉ်အောက်၌ နိုင်ငံအလိုက် စာရင်း ဇယားအချက်အလက်များကို ဖော်ပြထားရာ “မြန်မာနိုင်ငံ” နှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အဓိကအချက်များအား အောက်ပါအတိုင်း ကောက်နုတ် တင်ပြအပ်ပါသည်-

(၁) ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ၃၉၁ မှုရှိခဲ့ပြီး သေဆုံးသူ ၂၁၃၀ ဦးရှိကြောင်းနှင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ၁၀ ရာခိုင်နှုန်းနှင့် သေဆုံးမှုတွင် ၅၀ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်ပါသည်။

 (၂)    ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များ အနက် ၁၉၈ မှု (ဖြစ်စဉ်အားလုံး၏ ၅၀ ရာခိုင်နှုန်း)၏  အဓိက ကျူးလွန်သူသည် အကြမ်းဖက်အဖွဲ့ PDF ဖြစ်ကြောင်းနှင့် CDF အကြမ်းဖက်အဖွဲ့သည် အကြမ်းဖက်မှု  ၂၉ မှု (၇ ရာခိုင်နှုန်း)၊  KNDF အကြမ်းဖက်အဖွဲ့သည် အကြမ်းဖက်မှု ၂၇ မှု (၇ ရာခိုင်နှုန်း) ကျူးလွန်ခဲ့ပြီး မည်သည့်အဖွဲ့က ကျူးလွန်ကြောင်း   တိကျစွာ မသိရှိသည့် အကြမ်းဖက်မှု ၁၄ ရာခိုင်နှုန်းရှိပါသည်။

(၃) မြန်မာနိုင်ငံ၌ အများဆုံးတွေ့ရှိရသည့်  အကြမ်းဖက်မှု အမျိုးအစားများမှာ ပစ်ခတ်မှု  ၃၈ ရာခိုင်နှုန်း၊ မြေမြှုပ်မိုင်း သို့မဟုတ်  Improvised  explosive device (IED) ၂၁ ရာခိုင်နှုန်းနှင့် ဗုံးခွဲမှု ၁၉ ရာခိုင်နှုန်းတို့ဖြစ်ပါသည်။

(၄) ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များ၏ ၅၈ ရာခိုင်နှုန်းသည်  တပ်မတော်ကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု ၁၅ ရာခိုင်နှုန်းနှင့် သာမန်ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု ၉ ရာခိုင်နှုန်း ရှိပါသည်။

(၅) မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုအများဆုံး ဖြစ်ပွားရာဒေသများမှာ   စစ်ကိုင်း တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ဖြစ်ပြီး  စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၀၇ မှု(၂၇ ရာခိုင်နှုန်း)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၂ မှု (၁၁ ရာခိုင်နှုန်း)နှင့် ကချင်ပြည်နယ်တွင် ၃၆ မှု (၉ ရာခိုင်နှုန်း)ရှိပါသည်ဟု ဖော်ပြပါရှိပါသည်။

အဆိုပါအစီရင်ခံစာပါ ဖော်ပြချက်များမှာ ၂၀၂၂ ခုနှစ်အတွင်း PDF အကြမ်းဖက် များနှင့်  တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအချို့၏ အကြမ်းဖက်မှု အချို့သာ ပါဝင်ပေသည်။ စင်စစ်အားဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ၁-၂-၂၀၂၁ ရက်မှ ၃၀-၁၁-၂၀၂၃ ရက်အထိ အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှု၊   ဆူပူအကြမ်းဖက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု၊ သေဆုံးမှုနှင့် ဒဏ်ရာရမှုများအား အလျဉ်းသင့်၍ ဖော်ပြလိုပါသည်။

PDF အကြမ်းဖက်များနှင့် တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်းသူအချို့၏ လုပ်ရပ်ကြောင့်   စက်ရုံ/အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၆ မြို့နယ်တွင် ၃၃ ရုံ၊ နိုင်ငံတော်ပိုင် ပစ္စည်းများပျက်စီးဆုံးရှုံးမှု အနေဖြင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၉၀ မြို့နယ်တွင် ၈၆၈ ခု၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအနေဖြင့်   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၆၉ မြို့နယ်တွင် ၆၈၅ ခု၊ ဌာနဆိုင်ရာရုံးများ ပျက်စီးဆုံးရှုံးမှုအနေဖြင့်   တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ် ၂၂၁ မြို့နယ် တွင် ၁၁၀၈ ရုံး၊ နိုင်ငံပိုင်ဘဏ်များ မီးရှို့/ ဖောက်ခွဲဖျက်ဆီးခံရမှု အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ် ၄၆ မြို့နယ် တွင် ၅၅ ခု၊  ပုဂ္ဂလိကပိုင်ဘဏ်များ မီးရှို့/ဖောက်ခွဲဖျက်ဆီးခံရမှု အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၄၇ မြို့နယ်တွင် ၈၃ ခု၊  လမ်း/တံတားများ   ဖျက်ဆီးခံရမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၂၁၀ မြို့နယ်တွင် ၁၂၃၅ ခု၊ ဈေးများ  မီးရှို့/ဖောက်ခွဲဖျက်ဆီးခံရမှု အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၂၆ မြို့နယ်တွင် ၃၀ ခု၊ ဆေးရုံ/ဆေးခန်းများ ပျက်စီးမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၃၇ မြို့နယ်တွင် ၅၄ ခု၊ စာသင်ကျောင်းနှင့် ပညာရေး အဆောက်အအုံပျက်စီးမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် ၂၀၇ မြို့နယ်တွင် ၇၃၃ လုံး၊ တယ်လီဖုန်းတာဝါတိုင်များ ပျက်စီးမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၇၃ မြို့နယ်တွင် ၆၅၁ တိုင်ပျက်စီး ဆုံးရှုံးခဲ့ရပြီး လူနေအိမ်များ ပျက်စီးမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၈၇ မြို့နယ်တွင် ၈၆၇ ကြိမ်ဖြစ်ပေါ်ခဲ့တာကို တွေ့ရှိရပါသည်။

ဒါ့အပြင် အစိုးရဝန်ထမ်းများ သေဆုံး/ဒဏ်ရာရရှိမှု (ပညာရေး/ကျန်းမာရေး ဝန်ထမ်းမပါ)အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၈၆ မြို့နယ်တွင် ၁၈၀ ဦး (ကျား ၁၆၁ ဦး၊ မ ၁၉ ဦး) သေဆုံးခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၂၀ မြို့နယ်တွင် ၃၉၅ ဦး(ကျား ၂၈၅ ဦး၊ မ ၁၁၀ဦး) ဒဏ်ရာရရှိခဲ့ပါသည်။   ပညာရေးဝန်ထမ်းများ သေဆုံး/ဒဏ်ရာ ရရှိမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၅၀ မြို့နယ်တွင် ၈၇ ဦး (ကျား ၄၁ ဦး၊ မ ၄၆ ဦး)သေဆုံးခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၅၇ မြို့နယ်တွင် ၉၅ ဦး (ကျား ၃၂ ဦး ၊ မ ၆၃ ဦး)ဒဏ်ရာရရှိခဲ့ပါသည်။  ကျန်းမာရေး ဝန်ထမ်းများ    သေဆုံး/ဒဏ်ရာရရှိမှုစာရင်းမှာ   တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ် ၁၅ မြို့နယ်တွင် ၂၀ ဦး(ကျား ၁၀ ဦး၊ မ ၁၀ ဦး)သေဆုံးခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၅ မြို့နယ်တွင် ၂၈ ဦး (ကျား ၁၁ ဦး၊ မ ၁၇ ဦး) ဒဏ်ရာရရှိခဲ့ပါသည်။

အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ သေဆုံး/ဒဏ်ရာ ရရှိမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိမြို့နယ် ၁၇၇ မြို့နယ်တွင် ၉၁၁ ဦး(ကျား ၈၉၉ ဦး၊ မ ၁၂ ဦး) သေဆုံးခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၄၆ မြို့ နယ်တွင် ၄၅၂ ဦး(ကျား ၄၄၉ ဦး၊ မ ၃ ဦး) ဒဏ်ရာရရှိခဲ့ပါသည်။

စာရေးသူတို့  မြန်မာနိုင်ငံအနေဖြင့် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု   နိုင်ငံတော်က အသိအမှတ်ပြုခဲ့ပါသည်။ ၎င်းကဲ့သို့ အသိအမှတ်ပြုထားသည့် နိုင်ငံတွင်   ရဟန်း၊ သံဃာများ သေဆုံးမှု/ဒဏ်ရာ ရရှိမှုဆိုသည့်အချက်မှာ  ဝမ်းနည်းစရာကောင်းလှပါသည်။ စာရေးသူအနေဖြင့် ဘယ်သို့သော နှလုံးသားဖြင့် တင်ပြရမည်နည်း။ သို့သော် နိုင်ငံအတွင်းရှိ  နိုင်ငံသူ၊  နိုင်ငံသားများအနေဖြင့် ဘာသာသာသနာကို ဝိုင်းဝန်းထိန်းသိမ်းနိုင်ရန် အလို့ငှာ  အရှိကိုအရှိအတိုင်း တင်ပြပါမည်။ ရဟန်း၊ သံဃာများ သေဆုံးမှု/ဒဏ်ရာ ရရှိမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၅၃မြို့နယ်တွင် ရဟန်း/သံဃာ ၉၁ ပါး၊ သီလရှင် ၁  ပါးသေဆုံးခဲ့ပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိမြို့နယ်  ၄၁  မြို့နယ်တွင် ရဟန်း/သံဃာ ၇၀ ပါး၊ သီလရှင် ၃ ပါး ဒဏ်ရာရရှိခဲ့ပါသည်။ ဒီနေရာမှာ စာရေးသူအနေဖြင့် လေးလေးနက်နက် တောင်းဆိုလိုသည်မှာ နိုင်ငံသားတိုင်းက နိုင်ငံတော်မှ ခွင့်ပြုထားသည့် မိမိကိုးကွယ်ရာ ဘာသာအလိုက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက်ပြီး ကလေးသူငယ်သေဆုံး/ဒဏ်ရာ ရရှိမှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၈၈ မြို့နယ်တွင် ကလေးသူငယ် ၂၄၂ ဦး (ကျား ၁၅၄ ဦး၊ မ ၈၈ ဦး)၊ သေဆုံးခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၅၂ မြို့နယ်တွင် ၇၄၂ ဦး (ကျား ၄၅၀ ဦး၊ မ ၂၉၂ ဦး)ဒဏ်ရာရရှိခဲ့ပါသည်။ ဒါတွေက ဝမ်းနည်းစရာတွေပါ။ သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုကို စာရင်းချုပ်မယ်ဆိုရင် စုစုပေါင်းသေဆုံး ၆၉၃၄ ဦး (ကျား ၅၇၀၃ ဦး၊ မ ၁၂၃၁ ဦး)ရှိခဲ့ပြီး စုစုပေါင်းဒဏ်ရာရ ၇၂၂၈ ဦး (ကျား ၅၀၇၈ ဦး၊ မ ၂၁၅၀ ဦး)ရှိခဲ့တာကို မှတ်သားတွေ့ရှိရပါသည်။

အထက်ပါဖော်ပြချက်များသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့်  နိုင်ငံနှင့်လူမျိုးအတွက် ကြီးမားသော ဆုံးရှုံးမှုများပင်ဖြစ်ပါသည်။ ဘယ်လိုစိတ်မျိုးကြောင့် ဒီလောက်ရက်စက်ပါသနည်း။ လုပ်ရက်ကြပါသနည်း။ မေးစရာမေးခွန်းပေါင်း မြောက်မြားစွာရှိပါသည်။

သို့သော် မမေးလိုတော့ပါ။ အဓိကအကြောင်းရင်းမှာ  အသိပညာနှင့် အတွေးအခေါ် ကြောင့်သာဖြစ်ပါမည်။  သင့်တင့်သော ပညာမရှိလျှင် မှန်ကန်စွာ တွေးခေါ်နိုင်လိမ့် မည်မဟုတ်ပေ။ အတွေးအခေါ်ကောင်းမှ လုပ်ရပ်ကောင်းမည်ဖြစ်သည်။ ယခုလုပ်ရပ် မကောင်းခြင်းမှာ အတွေးအခေါ် အယူအဆ ညံ့ဖျင်းမှုကြောင့်ဟု ဆိုချင်ပါသည်။  မည်သို့ပင်ဆိုစေကာမူ  မည်သည့်စိတ်ဓာတ်မျိုးနှင့် လုပ်လုပ် အကြမ်းဖက်သာဖြစ်သည်။

အကြမ်းဖက်သမားဆိုသည်မှာ အကြမ်းဖက်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့် ကျူးလွန်သူ  သို့မဟုတ်   ကျူးလွန်ရန် အားထုတ်သူကို လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ် ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံးသိမ်းသွင်း

သူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှု ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့်  ပါဝင်ထောက်ပံ့သူကိုသော် လည်းကောင်းဆိုသည် ဟု ဖော်ပြထားပါသည်။ «အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)။ ပုဒ်မခွဲငယ် (၁၀)၊ ပုဒ်မခွဲငယ် (၁၈) (ပ)” “အကြမ်းဖက်အုပ်စုဆိုသည်မှာ အကြမ်းဖက်မှုကိုကျူးလွန်ရန် အချိန်ကာလတစ်ခုယူ၍ ဖွဲ့စည်းထားသည့်  လူနှစ်ဦးနှင့်အထက် ပါဝင်သော အသင်းအဖွဲ့ကိုဆိုသည်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အရ လည်းကောင်း၊ ဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုလည်း ပါဝင်သည်ဟု ဖော်ပြထားပါသည်။ ဟအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁၈) (ဖ)”  ဥပဒေဆိုင်ရာနီတိတစ်ခုတွင် Ignorance of fact excuses; ignorance of law does  not  excuse” ဟု ရှိပါသည်။

ဤဥပဒေနီတိကို ဥပဒေပညာရှင်ဦးမြင့်ဝင်း(ရွှေဘို)က “အကြောင်းခြင်းရာ အချက်အလက်ကို မသိနားမလည်မှုသည် ခွင့်လွှတ်ရာဖြစ်သည်။  ဥပဒေကို မသိနားမလည်မှုကိုမူ ခွင့်လွှတ်ရာမဟုတ်” ဟု မြန်မာဘာသာဖြင့် ပြန်ဆိုထားသည်။ မြန်မာနိုင်ငံ၏   တည်ဆဲရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မ ၇၉ တို့တွင် ဤအချက်များကိုပင် ပြဋ္ဌာန်းထားပါသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၄)  တွင်ပြဋ္ဌာန်းထားသည့်  ပြစ်မှု တစ်ခုခုကို ကျူးလွန်သဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက အနည်းဆုံးထောင်ဒဏ် (၁) နှစ် သို့မဟုတ် (၃)နှစ် သို့မဟုတ် (၅) နှစ် သို့မဟုတ် (၇) နှစ် သို့မဟုတ် (၁၀) နှစ် နှင့် ငွေဒဏ်များကိုလည်း  ချမှတ်ခြင်းခံရမည့်အပြင် အများဆုံး ထောင်ဒဏ်တစ်သက် သို့မဟုတ် သေဒဏ်ဖြစ်စေချမှတ်ခြင်း ခံရနိုင်သည်ကိုလည်း   ဖတ်ရှုမှတ်သားဖူးပါသည်။

အချုပ်အားဖြင့်ဆိုရသော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၃၀-၁၁-၂၀၂၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်သည့်  ]]၂၀၂၂ ခုနှစ်အတွက် နိုင်ငံအလိုက် အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာ (Country Reports on Terrorism 2022)” မှာ အကြမ်းဖက်သောင်းကျန်းသူ၊  တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူ (EAO)အဖြစ် သတ်မှတ်ထားသည့် PDF ၊ CDFနဲ့ KNDFအဖွဲ့များရဲ့ အကြမ်းဖက်မှုများကို ထည့်သွင်းဖော်ပြခြင်းအပေါ် ကဗျာဆရာကြီး အီလီယောရဲ့ “စကားလုံးတွေမှာ အတောင်ပံတွေပါသတဲ့၊   ဒီအတောင်ပံတွေက ဘာ့ကြောင့် ဘယ်လိုပေါက်လာရတာတဲ့လဲ” ဆိုသည့်အဆိုအား   အနည်းငယ်ယူသုံးရလျှင် “စကားလုံးတွေမှာ တောင်ပံပါတယ်...  ယင်းတောင်ပံနှင့်ဘယ်သို့ပျံပျံ . . .မှန်ကန်ရေးကို ဦးတည်၊ ချစ်ရေးကြည်စကားဆို  ချိုပါစေသား . ..ချိုစေသား}} ဟု ဆိုချင်ပါကြောင်းနှင့် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား  မိဘပြည်သူအချို့အနေဖြင့်လည်း   အကြမ်းဖက်မှုမှာ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိတို့၏ သား၊ သမီး၊ ဆွေမျိုးသားချင်းများသော် လည်းကောင်း ပါဝင်ပတ်သက်မှုမရှိစေရေး ရှောင်ကြဉ်နိုင်ရန်အလို့ငှာ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်မှုဆိုင်ရာ    ဥပဒေအကြောင်းအရာများကို ထည့်သွင်းရေးသား တင်ပြလိုက်ရပါသည်။    ။