ပြည်တွင်းစက်သုံးဆီ ဖူလုံမှုအခြေအနေအရ စက်သုံးဆီများအား ပုံမှန်သုံးစွဲမှု ပမာဏအတိုင်း ဝယ်ယူနိုင်ပြီး ကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ကြောင်း သတင်းရရှိခြင်း

 

ပြည်တွင်းစက်သုံးဆီဖူလုံမှု အခြေအနေအရ စက်သုံးဆီများအား ပုံမှန်သုံးစွဲမှု ပမာဏအတိုင်း ဝယ်ယူနိုင်ပြီး ကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်

 

နေပြည်တော်  ဒီဇင်ဘာ   ၇

သီလဝါဆိပ်ကမ်းဒေသကြီးရှိ Terminal  များအပါအဝင် သာကေတနှင့် လှိုင်သာယာ မြို့နယ်ရှိ Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ် သယ်ယူ  ပို့ဆောင်ဖြန့်ဖြူးလျက်ရှိရာ ၆-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီသယ်ယာဉ် (Bowser) ၁၈၀၀ စီးကျော်ဖြင့် 92 Ron ဂါလန် (၉ သိန်း ၈ သောင်းကျော်)၊ 95 Ron  ဂါလန် (၂ သိန်း ၄ သောင်းကျော်)၊ ဒီဇယ်ဆီဂါလန် (၆ သိန်း ၇ သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၈ သိန်း ၁ သောင်းကျော်)အား ပို့ဆောင်ဖြန့်ဖြူးနိုင်ခဲ့ပြီး ၇-၁၂-၂၀၂၃ ရက်နေ့တွင် လည်း အဆိုပါ Terminal  များမှ စက်သုံးဆီများအား ဆီတင်ယာဉ်များဖြင့် အဆက် မပြတ်ဖြည့်တင်း ပို့ဆောင်ပေးလျက်ရှိရာ ယခင်ဖြန့်ဖြူးပေးနေမှုထက် 92 Ronဂါလန် (၂ သိန်း ၂ သောင်းကျော်)၊ 95 Ron ဂါလန် (၁ သိန်း ၁ သောင်းကျော်)၊ ဒီဇယ်ဆီ  ဂါလန် (၁ သိန်း ၂ သောင်းကျော်)၊ ပရီမီယမ် ဒီဇယ်ဆီဂါလန် (၂ သိန်း ၃ သောင်းကျော်) ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း အများပြည်သူများ အနေဖြင့် ကောလာဟလသတင်း များကြောင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ပြီး ယခင်ထက် ပိုမိုများပြားစွာ ဝယ်ယူနေကြသဖြင့် ဖြည့်တင်းပေးနိုင်မှု စွမ်းအားထက် ကျော်လွန်သည့် စက်သုံးဆီ အရောင်းဆိုင် အချို့ရှိ စက်သုံးဆီ အမျိုးအစားအချို့မှာ ဆီသယ်ယာဉ် မရောက်ရှိမီကာလအတွင်း ခေတ္တအရောင်းရပ်ဆိုင်းထားရသော်လည်း ပြည်တွင်းစက်သုံးဆီ လက်ကျန်အခြေအနေ အရလည်းကောင်း၊ ဆီတင်သင်္ဘောများ ပြည်ပမှရောက်ရှိ  ဆိုက်ကပ်ထားမှု အခြေအနေအရ လည်းကောင်း၊ Terminal  များ၏ ဖြန့်ဖြူးပေးနိုင်မှုစွမ်းအား အရလည်းကောင်း စက်သုံးဆီပြတ်လပ်မှု မရှိနိုင်ပါကြောင်းနှင့် အများပြည်သူအနေဖြင့် စိုးရိမ်ကြောင့်ကြ ကင်းစွာဖြင့် ပုံမှန်သုံးစွဲမှု ပမာဏအတိုင်း စဉ်ဆက်မပြတ်    စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပြီး မိမိတို့လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ပါကြောင်း    သတင်းရရှိသည်။