MNL ပြိုင်ပွဲတွင် ISPE အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ရရှိ
ရန်ကုန် ဒီဇင်ဘာ ၇
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲကျန်ပွဲစဉ်(၁၆)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ ISPE အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ ISPE အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၁၀ မိနစ်တွင် ကြည်စိုးက ISPE အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ရခိုင်ယူနိုက်တက် အသင်းကလည်း ချေပဂိုးအတွက် အခွင့်အရေးများ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း မသေချာမှုများကြောင့် ပထမပိုင်းအပြီးတွင် ISPE အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ISPEအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု အသာဖြင့် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၅မိနစ်တွင် နိုင်နိုင်ကျော်ကလည်းကောင်း၊ ပွဲချိန် မိနစ် ၇၀ တွင် သူရိန်ထွန်းက လည်းကောင်း၊ ပွဲချိန် ၈၇မိနစ်တွင် ဝင်းပြည့်မောင်က လည်းကောင်း ISPE အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပြီး လက်ကျန်ပွဲချိန်များတွင် ရခိုင်ယူနိုက်တက် အသင်းက ချေပဂိုးများအတွက် ပြန်လည် ဖိအားပေးခဲ့သော်လည်း ISPE အသင်းကစားသမားများက အမှားအယွင်းမရှိ အနိုင်ရလဒ်ကို ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ISPE အသင်းက ရခိုင်ယူနိုက်တက် အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အလားတူ ညနေ ၄နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ကစားခဲ့သည့် ဒဂုံစတားအသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက် အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲကျန်ပွဲစဉ် (၁၆)ဖြစ် ဒီဇင်ဘာလ ၈ ရက် (ယနေ့)ညနေ၃နာရီခွဲတွင် YUSC အားကစားကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် GFA အသင်း၊ ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ဧရာဝတီယူနိုက်တက် အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ဆက်လက်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။