ချယ်ရီမြေမှ သားကောင်းများသို့
(စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅)သင်တန်းဆင်းပွဲဂုဏ်ပြုဆောင်းပါး)
၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ပြင်ဦးလွင်မြေသို့ ကျွန်တော်ပထမဦးဆုံး အကြိမ် ရောက်ရှိခဲ့သည်။ ဘဝတစ်ခုလုံးနှင့် သက်ဆိုင်သည့် ရွေးချယ်မှုတစ်ခုကို အကောင်အထည်ဖော်ရန် ရောက်ရှိခဲ့ခြင်းဟုဆိုလျှင်လည်း မမှားနိုင်ပါပေ။
စစ်တက္ကသိုလ် အမှတ်စဉ် (၅၀) ဗိုလ်လောင်းသင်တန်းကို တက်ရောက်ဖို့ တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဦးစွာစာမေးပွဲဖြေဆိုခဲ့ရသည်။ ထိုမှအောင်သော် ရန်ကုန်ဗိုလ်ရွေး တပ်ဖွဲ့တွင် ၅ ရက်ကြာ ထပ်မံစစ်ဆေးခံရသည်။ ဗိုလ်ရွေးတွင် ရွေးချယ်ခံရကြောင်း အကြောင်းကြားစာရသည့်နောက် ကျွန်တော်ရယ်၊ အမေရယ်၊ အဒေါ်ရယ် သုံးယောက်သား ပြင်ဦးလွင်သို့ ချီတက်ခဲ့ကြသည်။
အခုလို ဆောင်းတွင်းအခါသမယရောက်တိုင်း လွန်ခဲ့သည့် အနှစ် ၂၀ နီးပါးက ချယ်ရီရိပ်မှ စစ်တက္ကသိုလ်ပုံရိပ်များကို ပိုမိုလွမ်းဆွတ်တတ်ခဲ့သည်။ ဆောင်း၏ အငွေ့အသက်လေးများကြား ပန်းပေါင်းစုံမွှေးရနံ့များကို ရှူရှိုက်မိသလိုလိုလည်း ခံစားရသည်။ မကြာမီ ကျောင်းဆင်းတော့မည်ဟူသော အသိဖြင့် စိတ်လှုပ်ရှားနေကြသော နောက်ဆုံးနှစ် ဗိုလ်လောင်းများ၊ တစ်လတာခွင့်ပြန်ရဦးမည်ဟူသော အသိဖြင့် ပျော်ရွှင်နေကြသော နှစ်ငယ် ဗိုလ်လောင်းများ၏ ခံစားချက်များသည် အမိစစ်တက္ကသိုလ် ရင်ငွေ့လှုံဖူးသူတိုင်း ခံစားခဲ့ရသော ရသအဖုံဖုံပင်ဖြစ်ခဲ့ပါသည်။ ဗိုလ်လောင်းဘ၀ ၃ နှစ်တာအတွင်း တစ်နှစ်တစ်မျိုး မရိုးရသော အပူအပင်များကြား ရွှေရတုအမှတ်စဉ်ဆိုသော ကိုယ့်အင်တိတ်ဝိသေသကိုလည်း အလေးမပြုနိုင်ခဲ့။ ကျောင်းဆင်းပြီးနောက် တပ်ရင်းတပ်ဖွဲ့အသီးသီးဆီ ရောက်ရှိခဲ့ရာမှ ယခုမှာတော့ စာပေနှင့်သက်ဆိုင်သည့်တပ်ဖွဲ့
သို့ ဝါသနာအရ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည်။ အရပ်ဘက်၊ စစ်ဘက်နှစ်ပတ်လည် မဂ္ဂဇင်းကြီးများကို ဖတ်ရှုရပြီး လိုအပ်သည့် အကြံဉာဏ်များကိုပေးရသည်။ ထိုသို့ဖတ်ရှုတည်းဖြတ်ပေးရသော အကျိုးကျေးဇူးအားဖြင့် ယခင်က ရိုးတိုးရိပ်တိပ်မျှသာ သိထားခဲ့သော အကြောင်းအရာများကို ထဲထဲဝင်ဝင်သိလာရသည်။
စစ်တက္ကသိုလ် ကျောင်းဆင်းအရာရှိများ၏ မိမိတို့သင်တန်းအမှတ်စဉ်လိုက် အထိမ်းအမှတ်အဖြစ် ထုတ်ဝေကြသောမဂ္ဂဇင်းများမှတစ်ဆင့် စစ်တက္ကသိုလ်၏ သမိုင်းကို သုတရသနှောစွာ သိခွင့်ရခဲ့သည်။ ထိုအထဲမှာမှ စစ်တက္ကသိုလ်အမှတ်စဉ် (၁၆)၏ ရွှေရတု မဂ္ဂဇင်းတွင် ဆောင်းပါးရှင် မောင်ငှက်ရိုးရေးသားသည့် “ကျွန်တော်တို့ကျောင်းနဲ့ ကျွန်တော်တို့အကြောင်း” စာမူကို ဖတ်ရတော့မှ စစ်တက္ကသိုလ် ပေါ်ပေါက်လာပုံ အသေးစိတ်နှင့်တကွ ခေတ်အဆက်ဆက် အပြောင်းအလဲရှိခဲ့သည့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်များကိုပါ သိရှိခွင့်ရခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် မြဝတီစာပေတိုက်မှ ထုတ်ဝေခဲ့သည့် “နောင်တစ်ခေတ်၏ အောင်စစ်သည်” (စစ်တက္ကသိုလ်သမိုင်း-ပထမပိုင်း) (၁၉၅၄ မှ ၁၉၆၅ ခုနှစ်အထိ) စာအုပ်နှင့်နှစ်အလိုက် စစ်တက္ကသိုလ် မဂ္ဂဇင်းများမှ တွေ့ရှိရကြောင်း စာရေးဆရာ မောင်ငှက်ရိုးက ရှင်းပြထားသည်။ ထိုခေတ်ထိုအခါက စစ်တက္ကသိုလ်၏ အခြေအနေများကို သိရှိခွင့်ရသည့်အတွက် ဗဟုသုတများစွာ တိုးပွားခဲ့ရပါသည်။
ကျွန်တော်တို့တက်ခဲ့စဉ်က အနော်ရထာ၊ ဘုရင့်နောင်၊ အောင်ဇေယျဟူသည့် တပ်ရင်း ၃ ရင်းတွင် တပ်ခွဲ ၁၄ ခွဲစီဖြင့် စုစုပေါင်း ၄၂ ခွဲရှိခဲ့သည်။ တပ်ခွဲတစ်ခွဲလျှင် တပ်စု ၅ စု ရှိ၏။ ကျွန်တော်တို့မတိုင်မီကာလများတွင်လည်း ဖွဲ့စည်းပုံများ အစဉ်အဆက် ပြောင်းခဲ့သည်ကို တွေ့ရှိရသကဲ့သို့ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင်လည်း ခေတ်ကာလ တပ်မတော်ဖွဲ့စည်းပုံ အခြေအနေများနှင့် အညီ ပြောင်းလဲဖွဲ့စည်းမှုများ ရှိခဲ့သည်ကိုတွေ့ရှိရသည်။ လူအင်အားများ ပြောင်းလဲဖွဲ့စည်းခြင်းနှင့်အတူ စစ်တက္ကသိုလ်၏ အသွင်သဏ္ဌာန်များသည်လည်း လိုက်ပါ တိုးတက်ပြောင်းလဲခဲ့သည်။ ပြောင်းလဲခြင်းမရှိသည်ကား နောင်တစ်ခေတ်၏ အောင်စစ်သည်များ ရေးသားကြသော ကိုယ်တွေ့စာမူများမှ စစ်တက္ကသိုလ်၏ပုံရိပ်နှင့် ဗိုလ်လောင်းလေးများ၏ ပုံရိပ်လွှာများပင်ဖြစ်ပေသည်။
ကျောင်းဆင်းနှစ်ပတ်လည် မဂ္ဂဇင်းများ၏ ဆောင်းပါးများမှတစ်ဆင့် ရှေ့နောင်တော်ကြီးများ၏ လက်ရာများကို ဖတ်ခွင့်ရသည်။ လျှို့ဝှက်သည်းဖို ဝတ္ထုများကို ဖတ်ရသကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားရပါ၏။ ဖတ်ရင်းနှင့်လည်း ရယ်မိပြုံးမိပါ၏။ ယခုမှသာ ရယ်နိုင်ပြုံးနိုင်ခြင်းပါ။ ကိုယ်တွေ့ကြုံခဲ့ရသော အချိန်အခါတုန်းကတော့ ၅ မိနစ်ပြစ်ဒဏ်သည်ပင် ၅ ကမ္ဘာမျှကြာသလား မှတ်ယူရပါ၏။ ကိုယ်တွေအလှည့်ကျမှ ပင်ပန်းကြမ်းတမ်းသည်ဟု ထင်ထားသမျှသည် နောင်တော်ကြီးများ၏ စာမူများကို ဖတ်မိတော့မှ နောင်တရသည်။ ကိုယ့်ထက်ရှေ့ကျလေ ကိုယ့်ထက်ပိုပင်ပန်း ကြမ်းတမ်းခဲ့ကြလေဟူသော အသိတစ်ခုလှစ်ခနဲ ရလိုက်သည်။ “မီးနာမှ သံကောင်းမည်၊ သံကောင်းမှ ဓားထက်မည်” ဟူသည့် ဆောင်ပုဒ်များကို ဗိုလ်လောင်းဘဝက သိပ်သဘောမကျခဲ့။ ပင်ပန်းကြမ်းတမ်း လွန်းခဲ့သည်ကိုး။
ယနေ့မှာတော့ သံကောင်း၍ ဓားထက်ခဲ့သည့်ပြယုဂ်များကို များစွာမြင်တွေ့ ခဲ့ရပြီဖြစ်ပါသည်။ ထုတ်ဝေခဲ့သည့် စစ်တက္ကသိုလ်အမှတ်စဉ်အလိုက် အထိမ်းအမှတ်မဂ္ဂဇင်းများမှ တစ်ဆင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား ထမ်းဆောင်ခဲ့ကြသည့် ကျောင်းဆင်းအရာရှိကြီးများ၏ ဗိုလ်လောင်းဘဝ တစ်စိတ်တစ်ဒေသ ဖြတ်သန်းမှုများကို သိခွင့်ရခဲ့သည်။ အမိစစ်တက္ကသိုလ်မှ လေ့ကျင့်သင်ကြားပေးလိုက်သော စာပေပညာ၊ စစ်ပညာတို့ဖြင့် တိုင်းပြည်နှင့်လူမျိုးကို အလုပ်အကျွေးပြုခဲ့ကြသည်။ ပြုနေကြဆဲလည်းဖြစ်သည်။ ထိုထိုသော ဂုဏ်ယူဖွယ်စွမ်းဆောင်ချက်များ အတွက် သားကောင်းမိခင် စစ်တက္ကသိုလ်ကြီးသည် ကျေနပ်ဝမ်းမြောက်နေမည်မှာမလွဲပါချေ။
အမျိုးချစ်တဲ့ဇာနည်…..တိုင်းပြည်ဝန်ထမ်းမည် စစ်တက္ကသိုလ်ကျောင်းသားများ စွမ်းရည်ပေးအပ်တဲ့ တာဝန် တို့ကျေပွန်ရမည် အားခဲကာ ဇွဲနဲ့တက်လှမ်းချီ…… .
စစ်တက္ကသိုလ်နှင့် အနှစ် ၂၀ နီးပါး မျှဝေးကွာခဲ့သည့်တိုင် ဒီဇင်ဘာနှင်းပွင့်များနှင့် ဆောင်းအငွေ့အသက်များရတိုင်း ဗိုလ်လောင်းဘ၀ ၃ နှစ်လုံးလုံး အားနှင့်မာန်နှင့် ဆိုခဲ့ရသော အထက်ပါ သီချင်းစာသားကို တစ်ကျော့ပြန်ဆိုခဲ့မိသည်သာ။ “ တပ်မတော် (ကြည်း၊ရေ၊လေ) အတွက်လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်နှင့်အညီ အမိစစ်တက္ကသိုလ် အနေဖြင့် နိုင်ငံ့သားကောင်းများ နှစ်စဉ်မွေးထုတ်ပေးလျက် ရှိနေပါသည်။
ယခုဆိုလျှင် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၆၅) သို့ပင်ရောက်ရှိခဲ့ပြီဖြစ်သည်။ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် “တိုင်းပြည်၏အားသည် ပြည်တွင်း၌ သာရှိပြီး တပ်မတော်၏အားကို တပ်မတော်အတွင်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် တိုင်းပြည်၏ နေရာဒေသအသီးသီးက တိုင်းရင်းသားပြည်သူများ စုစည်းနေထိုင်တာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မိသားစု စိတ်ဓာတ်မွေးမြူပြီး စည်းလုံးညီညွတ်မှုရှိကြရမည်ဖြစ်ပြီး စုပေါင်းအားသည်ထုကို ရရှိစေပြီး ခိုင်မာမှုကိုပိုမိုရရှိစေကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ပြည်သူများအားလုံး စုပေါင်းအားနှင့် ရှိနေပါက မည်သည့်အရာကိုမဆို ရင်ဆိုင်အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တပ်တွင်းစည်းရုံးရေးသာမက ပြည်သူအားလုံး၏ စုပေါင်းအားကို ရရှိစေရန်အတွက် တပ်ပြင်စည်းရုံးရေးကိုလည်း အလေးထား လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း” ဖြင့် နောင်တစ်ခေတ်၏ အနာဂတ်ခေါင်းဆောင်များအား အမျိုးသားရေး စိတ်ဓာတ် အပြည့်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သွားရန်၊ တပ်တွင်းတပ်ပြင် စည်းရုံးရေးကို အလေးထား လုပ်ဆောင်သွားရန် တိုက်တွန်းမှာကြားထားသည်ကို တွေ့ရသည်။
ကျန်ရစ်ခဲ့သော ဆယ်စုနှစ်များနှင့်မတူ စစ်တက္ကသိုလ်သည် ရွက်ဟောင်းတို့နေရာတွင် ရွက်သစ်တို့ဝေလျက် တစ်နှစ်ထက်တစ်နှစ် ပိုမိုတင့်ဆန်းလာခဲ့သည်။ နည်းပညာပြောင်းလဲမှုကို အခြေတည်လျက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အပြောင်းအလဲများ ရှိခဲ့သည့်တိုင် စစ်တက္ကသိုလ်၏ အနှစ်သာရသည် ပြောင်းလဲခြင်းမရှိခဲ့။ ဘယ်တော့မှလည်း ပြောင်းလဲလိမ့်မည်မဟုတ်။ ရှေ့နောင်တော်ကြီးများရေးသားခဲ့သည့် စာမူအစုစုမှ ဗိုလ်လောင်းကုန်းနှင့် ဗိုလ်လောင်းဘဝ အတွေ့အကြုံများသည် ကျွန်တော်တို့ လက်ထက်မှသည် ယနေ့ကာလ မျိုးဆက်သစ်များထိတိုင် အသက်ဝင်နေဆဲ။ နောင်တွင်လည်း အသက်ဝင်ပီပြင်နေဦးမည်ဖြစ်ပါသည်။ အမိတက္ကသိုလ်၏ ရသစုံထုံမွမ်းထားသော လက်ရာများသည် မည်သည့်အချိန်အခါမှ ပြောင်းလဲလိမ့်မည် မဟုတ်သော စစ်တက္ကသိုလ်၏ ပြယုဂ်များထဲမှသရုပ်သကန်များပင်ဖြစ်ပါသည်။
တစ်ဆောင်းသစ်၍ တစ်နှစ်ကူးမည့် အချိန်တွင် အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်အတွက် အင်အားသစ်များဖြစ်သည့် အနာဂတ် ခေါင်းဆောင်ကောင်းများသည် မကြာမီ ချယ်ရီမြေကို နှုတ်ဆက်ထွက်ခွာကြပေတော့မည်။ သင်ယူခဲ့ပြီးသော အတတ်ပညာများအား လက်တွေ့နှင့်ပေါင်းစပ်လျက် မိမိတို့ဆီရောက်ရှိလာမည့် တာဝန်များကို အားမာန်အပြည့်ဖြင့် စွမ်းအားရှိရှိ အသုံးချကြ ပေတော့မည်။
အမိစစ်တက္ကသိုလ်၏ ကောင်းမြတ်သော ဂုဏ်အစဉ်အလာများအား ထိန်းသိမ်းမြှင့်တင်လျက် နောင်တစ်ခေတ်၏ အောင်စစ်သည်များအဖြစ် တိုင်းပြည်နှင့်လူမျိုးကို အလုပ်အကျွေးပြုကြမည့် ညီငယ်များရှိရာ ချယ်ရီမြေဆီမှန်းမျှော်ရင်း နောင်တော်တစ်ဦးအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ အလေးပြုလိုက်ရပါသည်။ ။
နွေကံ့ကော်(မြို့လှ)