စစ်တက္ကသိုလ်၏ (၆၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ - ၉
စစ်တက္ကသိုလ်၏ (၆၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်၊ စစ်တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ သတ်မှတ်နေရာများတွင် ဝင်ရောက် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်း အနားကို ဖွင့်လှစ်သည်။
ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိ ခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ဝိဇ္ဇာဘွဲ့ရရှိသူ ၆၀ ဦး၊ ဝါဏိဇ္ဇဘွဲ့ရရှိသူ ၁၀ ဦး၊ စီးပွားရေးပညာဘွဲ့ရရှိသူ ၂၂ ဦး၊ သိပ္ပံဘွဲ့ရရှိသူ ၂၂၈ ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိသူ ၈၂ ဦး၊ နှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူ ၈၁ ဦး စုစုပေါင်း ၄၈၃ ဦးတို့အား ဘွဲ့လက်မှတ် များ ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့်ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
၎င်းနောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းကြောင်း ကြေညာကာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည် ထွက်ခွာသွားကြသည်။
စစ်တက္ကသိုလ် အနေဖြင့် ပထမအကြိမ် ဘွဲ့နှင်းသဘင်မှ ယခု ( ၆၆ ) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ကျောင်းဆင်းအရာရှိပေါင်း ၃၃၉၉၅ ဦး ကို အခြေခံဘွဲ့များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။