အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ စည်းလုံး ဆောင်ရွက်ကြပါစို့
(အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ဂုဏ်ပြုဆောင်းပါး)
“စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဟူသော စကားနှင့်အညီ လောကတွင် မည်သည့်အရာကိုမဆို စုစည်းညီညွတ်သည့် စွမ်းအားဖြင့် လုပ်ကိုင်ဆောင်ရွက်ကြမည် ဆိုပါက ရည်မှန်းသည့် ပန်းတိုင်သို့ ပေါက်မြောက်အောင်မြင်နိုင်မည်ဖြစ်သည်။ အခက်အခဲနှင့် စိန်ခေါ်မှုအသစ် အသစ်များကို ရင်ဆိုင်နေရသည့် လူသားတို့၏ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေပေါ်တွင် “နည်းပညာဆိုင်ရာ စိန်ခေါ်မှု၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှု” စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး တစ်ဖက်တွင်လည်း လကမ္ဘာသို့ပင်ခြေချနိုင်သည် အထိ ဆောင်ရွက်နိုင်ပြီဖြစ်သည့် လူသားတို့သည် မိမိတို့နေရာတွင် အစားထိုး အသုံးပြုနိုင်မည့် Artificial IntelligenceAI ဟု လူသိများသည့် ဉာဏ်ရည်တု နည်းပညာများကိုပါ ဆန်းသစ်တီထွင် လာနိုင်ကြသည်အထိ တိုးတက်လာကြပြီ ဖြစ်သည်။
နည်းပညာဆိုသည်မှာ လူသားတို့ ကောင်းကျိုးအတွက် အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များက တီထွင်ဖန်တီးပေးသည့် အရာဖြစ်သဖြင့် လူသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေပါသည်။
သို့ရာတွင် တိုးတက်လာသည့် နည်းပညာကို အသုံးချ၍ မိမိ၏ လောဘအတွက် ပြစ်မှုများကို ကျူးလွန်တတ်သည့် လူများ၏ လက်သို့ရောက်သည့်အခါ နည်းပညာသည် ကမ္ဘာကြီးအတွက် စိန်ခေါ်မှုအသစ် တစ်ရပ်ဖြစ်လာသည်။ အွန်လိုင်းငွေကြေးများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်သည့်ခေတ်တွင် “ ငွေကြေးလိမ်လည်မှုများ၊ ဆိုက်ဘာပြစ်မှုများ၊ ငွေကြေးခဝါချမှုများ၊ အဂတိလိုက်စားမှုများ” သည် နည်းပညာ တိုးတက်မှုကို အခွင့်ကောင်းယူ၍ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ မမြင်ကွယ်ရာတွင် ပုန်းလျှိုးကွယ်လျှိုး ဖြစ်ပွားနေတတ်သည်။
ပြစ်မှုကျူးလွန်သူများ၏ သဘောသဘာဝသည် မိမိတို့ကျူးလွန်သော ပြစ်မှုကို တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက သိရှိမှုမရှိစေရေးနှင့် အရေးယူခံရမှု မရှိစေရေး နည်းလမ်းပေါင်းစုံကြိုးစား တတ်ကြသည်။ ထိုကဲ့သို့ကြိုးစားရာတွင် နည်းပညာကို ၎င်းင်းတို့အတွက် လက်နက်သဖွယ် အသုံးချလာတတ်ကြသည်။ တစ်ဖက်တွင်လည်း တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက နည်းပညာအသုံးပြု၍ အဆိုပါပြစ်မှုများကို ဖော်ထုတ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြသည်။ ပြစ်မှုကျူးလွန်ရာမှ ရရှိသောငွေကြေးနှင့် ချမ်းသာကြွယ်ဝမှုများကို ခဝါချရာတွင် ပြစ်မှုကျူးလွန်ရာ နိုင်ငံတွင်း၌သာမက ဒေသတွင်းနှင့် အခြားသော နိုင်ငံများသို့ သွားရောက်၍ ခဝါချခြင်း၊ တရားမဝင်စီးပွားရေး လုပ်ငန်းများတွင် သွားရောက်ရင်းနှီးမြှုပ်နှံခြင်း ကဲ့သို့သော ထပ်ဆင့်နိုင်ငံဖြတ်ကျော် မှုခင်းများကို ကျူးလွန်လာတတ်ကြသည်။
အဂတိလိုက်စားမှု၏ သဘောသဘာဝသည်လည်း ယခင်လုပ်ငန်း အဆင်ပြေ ချောမွေ့စေရေး သို့မဟုတ် အခွင့်အရေး တစ်ခုရရှိရေး စသည့် တရားမဝင်သည့် အကျိုးခံစားခွင့်ရရှိစေရေး အတွက် လာဘ်ပေး၍ဆောင်ရွက်သည့် ခေတ်မှသည် “အာဏာရှိသူနှင့် အကျိုးအမြတ်ရယူလိုသူတို့အကြား အခွင့်အာဏာ အရောင်းအဝယ်လုပ်ခြင်း၊ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်း၊ သြဇာအာဏာကို သုံးစွဲ၍ မလျော်ဆောင်ရွက်ခြင်း၊ အာဏာပြ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဆွေမျိုးကောင်းစားရေး ဝါဒကျင့်သုံးခြင်း၊ ဘက်လိုက်ခြင်း၊ သူကောင်းပြုခြင်း၊ ခရိုနီဝါဒကျင့်သုံးခြင်း၊” စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် နိုင်ငံအဆင့် အဂတိလိုက်စားမှုများ အထိပါ ကျူးလွန်လာတတ်ကြသည်။ ပြည်တွင်း၌ ကျုးလွန်သည့် အဂတိလိုက်စားမှုမှ ရရှိသော ငွေကြေးနှင့် ချမ်းသာကြွယ်ဝမှုများကို အခြား နိုင်ငံတစ်နိုင်ငံတွင် ခဝါချနိုင်ရေး ကြိုးပမ်းသည့်အခါ အဂတိလိုက်စားမှုမှသည် နိုင်ငံဖြတ်ကျော် ငွေကြေးမှုခင်းများကိုပါ ဖြစ်ပေါ်လာစေတတ်သည်။
အဂတိလိုက်စားမှု၏ သဘောသဘာဝနှင့် ဖြစ်စဉ်များသည် နိုင်ငံအတွင်းဖြစ်ပွားသည့် ပြစ်မှုအသွင်မှသည် နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်သည့် ပြစ်မှုများအသွင်သို့ ကူးပြောင်းလာသည့်အတွက် လူသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဝိုင်းဝန်း အဖြေရှာနေရသည့် အချိန်တွင် ကုလသမဂ္ဂက အဂတိလိုက်စားမှုကို နိုင်ငံအချင်းချင်း ပူးပေါင်းလက်တွဲ တိုက်ဖျက်နိုင်ရေးအတွက် စဉ်းစားဆောင်ရွက်လာခဲ့သည်။ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်၌ ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် အမှတ် ၅၈/၄ အရ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်အထိ မက္ကဆီကိုနိုင်ငံ မာရီဒါမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံတွင် သဘောတူ လက်မှတ်ရေးထိုး၍ ကွန်ဗင်းရှင်းတစ်ခုကို စတင်ပြဋ္ဌာန်းခဲ့သည်။
ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (United Nations Convention Against Corruption- UNCAC) သည် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး ကွန်ဗင်းရှင်း အကောင်အထည်ဖော် ဆောင်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အတွက် ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများညီလာခံ အတွင်းရေးမှူးရုံး တာဝန်များကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး(UNODC)ကိုပေးအပ်ထားပြီး နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့မှစ၍ ကမ္ဘာတစ်ဝန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် အများပြည်သူပူးပေါင်း ပါဝင်လာနိုင်စေရေး ရည်ရွယ်သည့် လှုပ်ရှားမှုများ၊ အထိမ်းအမှတ် အခမ်းအနားများကို ဆောင်ရွက်လာကြသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့သည် ကွန်ဗင်းရှင်း တည်ထောင်ခဲ့သည့် နှစ် ၂၀ ပြည့်နှစ်လည်းဖြစ်သဖြင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကို “ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့” _ "UNCAC AT 20: UNITING THE WORLD AGAINST CORRUPTION" ဟု ချမှတ်ထားခြင်းဖြစ်သည်။ ကုလသမဂ္ဂက ပြဋ္ဌာန်းထားသည့် စာချုပ်နှင့်ကွန်ဗင်းရှင်းများစွာ ရှိသည့်အနက် UNCAC သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ အထိ ရှိနေသည်ကို သုံးသပ်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၏ အခန်းကဏ္ဍကို အသိအမှတ်ပြုနေသည်ကို တွေ့ရသည်။
ကွန်ဗင်းရှင်းတွင် အခန်း ၈ ခန်း၊ အပိုဒ်ပေါင်း ၇၁ ပိုဒ်ပါဝင်ပြီး အဓိကကျသည့် “တားဆီးကာကွယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပိုင်ဆိုင်မှုများ ပြန်လည်ရယူခြင်း၊ နည်းပညာ အကူအညီပေးခြင်းနှင့် သတင်းအချက်အလက် ဖလှယ်ခြင်း” စသည်ဖြင့် အဖွဲ့ဝင်နိုင်ငံများအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အပိုဒ်အလိုက် စနစ်တကျပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ထို့ပြင် ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ အကောင်အထည် ဖော်ဆောင်မှုကို ပြန်လည်သုံးသပ်၍ အကြံပြုချက်များ ပေးနိုင်ရေးအတွက် ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်းသည့် လုပ်ငန်းလမ်းညွှန်ကို ၂၀၁၁ ခုနှစ်တွင် ထပ်မံပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
ထို့ပြင် နိုင်ငံများအတွက် ကွန်ဗင်းရှင်းကို အကောင်အထည် ဖော်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Technical Guide to UNCAC" ကိုလည်း ၂၀၀၉ ခုနှစ်တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအရ “လာဘ်ပေးလာဘ်ယူမှု၊ လုပ်ငန်း တာဝန်နှင့် လုပ်ငန်းဌာနတို့ကို အလွဲသုံးစားပြုမှု၊ အခွင့်အာဏာ အရောင်းအဝယ် ပြုလုပ်မှု၊ တရားမဝင်ကြွယ်ဝ ချမ်းသာမှု၊ ငွေကြေးခဝါချမှု၊ ဖုံးကွယ်မှု၊ တရားစီရင်ခြင်းကို နှောင့်ယှက်ဟန့်တားမှု” စသည့် ပြစ်မှုများသည် အဂတိ လိုက်စားမှုများပင်ဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မိမိတို့နိုင်ငံ၏ စီရင်ပိုင်ခွင့်အရ အဆိုပါပြစ်မှုများကို အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံသည် ကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ကာ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ “တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း” လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ နှစ်စဉ်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကိုလည်း ကျင်းပလျက် ရှိသည်ကိုတွေ့ရပြီး “စာစီစာကုံးပြိုင်ပွဲများ၊ ဆောင်းပါးပြိုင်ပွဲများ၊ အသိပညာပေး ဗီဒီယိုပြိုင်ပွဲများ” ကိုပါ ထည့်သွင်းဆောင်ရွက်ပေးလျက် ရှိသည်ကို တွေ့ရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ်လည်း ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပထားပြီး ဆုရရှိသူများ ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံက ထိခိုက်စေသည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရေးသည် အရေးကြီးသဖြင့် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ရေးနှင့် အဂတိကင်းစင်သော လူ့အဖွဲ့အစည်းကို တည်ထောင်ရေးကို အလေးထား ဆောင်ရွက်နေသည်ကို တွေ့ရသည်။
၂၀၃၀ ပြည့်နှစ်တွင် ပြီးမြောက်အောင်မြင်ရန် ရည်မှန်းထားသည့် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်စုံပြီးမြောက် အောင်မြင်စေရေးတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးက အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ပန်းတိုင် ၁၆ ဒသမ၅ တွင် “အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ပုံသဏ္ဌာန်အမျိုးမျိုးကို သိသာထင်ရှားစွာ လျော့နည်းကျဆင်းလာစေရေး” ဆောင်ရွက်ရန် နိုင်ငံအားလုံးကို တိုက်တွန်းထားပြီးဖြစ်သည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ် မေလ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ အထူးအစည်းအဝေးတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ပန်းတိုင် ၁၆ ကို ပြည့်မီအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုက အဟန့်အတားဖြစ်စေသည်ကို ဆွေးနွေးခဲ့ကြသည်။ အများပြည်သူ ဘဏ္ဍာရန်ပုံငွေများသည် အဂတိလိုက်စားမှုများကြောင့် ဆုံးရှုံးနေရပြီး အဆိုပါဘဏ္ဍာ ရန်ပုံငွေများကိုသာ အပြည့်အဝ အသုံးပြုနိုင်မည် ဆိုပါက ရည်မှန်းထားသည့် ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ကဏ္ဍစုံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပြည်သူတစ်ရပ်လုံးကလည်း အဂတိလိုက်စားမှုကို လုံးဝသည်းခံခွင့်လွှတ်ခြင်း မပြုသည့်စိတ်ဓာတ်ဖြင့် နိုင်ငံတော်နှင့်အတူ လက်တွဲ တိုက်ဖျက်ကြမည်ဆိုပါက အဂတိကင်းစင်သော နိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကား
- https://www.unodc.org/unodc/en/anticorruptionday/index.html
- https://www.unodc.org/unodc/en/corruption/ratification-status.html